1 သင်တို့ဘုရားသခင်က``ငါ၏လူမျိုးတော်ကိုနှစ်သိမ့်စေကြလော့။ သူတို့ကိုနှစ်သိမ့်စေကြလော့။
2 ယေရုရှလင်မြို့သူမြို့သားတို့ကို အားပေးကြလော့။သူတို့သည်ကြာမြင့်စွာဆင်းရဲဒုက္ခ ရောက်ခဲ့ကြသဖြင့်၊သူတို့၏အပြစ်များကိုယခုငါဖြေလွှတ်တော်မူပြီဖြစ်ကြောင်း၊ သူတို့အားကြားပြောကြလော့။ငါသည်သူတို့အားမိမိတို့အပြစ်များ အတွက် အပြစ်ဒဏ်အပြည့်အဝခတ်ခဲ့လေပြီ'' ဟု မိန့်တော်မူ၏။
3 အသံတစ်ခုက``တောကန္တာရ၌ထာဝရဘုရား ကြွတော်မူရန်ခရီးလမ်းကိုအသင့်ပြင်ကြလော့၊ငါတို့ဘုရားသခင်ကြွတော်မူရန် လမ်းကိုရှင်းလင်းကြလော့။
4 ချိုင့်ဝှမ်းရှိသမျှကိုဖို့၍တောင်ကြီးတောင်ငယ် အပေါင်းကိုဖြိုချရကြလိမ့်မည်။တောင်ကုန်းများသည် မြေညီဖြစ်လျက်ကြမ်းတမ်းသည့်နယ်မြေသည် ချောမော၍လာရလိမ့်မည်။
5 ထိုအခါထာဝရဘုရား၏ဘုန်းအသရေ တော်သည် ပေါ်လွင်ထင်ရှားလာမည်ဖြစ်၍၊လူသတ္တဝါအပေါင်းတို့သည်ထိုဘုန်း အသရေတော်ကိုဖူးမြင်ရကြလိမ့်မည်။ယင်းသို့ဖြစ်ပျက်စေရန်ထာဝရဘုရားကိုယ်တော်တိုင်ကတိပြုတော်မူလေပြီ'' ဟု ကြွေးကြော်လေသည်။
6 ထိုအသံက``ကြွေးကြော်လော့'' ဟုဆိုသဖြင့်``အဘယ်အရာကိုကြွေးကြော်ရပါမည်နည်း'' ဟုငါမေးလျှင်``လူသတ္တဝါအပေါင်းတို့သည်မြက်ပင်နှင့်တူ ကြောင်းနှင့်တောပန်းများကဲ့သို့တာရှည်မခံကြောင်းကို ကြွေးကြော်လော့။
7 ထာဝရဘုရားစေလွှတ်တော်မူသည့်လေနှင့် ထိသောအခါ၊မြက်ပင်သည်သွေ့ခြောက်လျက်ပန်းများသည်လည်း ညှိုးနွမ်း၍သွားတတ်၏။လူတို့သည်မြက်ပင်တမျှသာလျှင် သန်မာကြပါသည်တကား။
8 မြက်ပင်သည်အမှန်ပင်ခြောက်သွေ့လျက် ပန်းများသည်လည်းအမှန်ပင်ညှိုးနွမ်းတတ်၏။သို့ရာတွင်ဘုရားသခင်၏နှုတ်ကပတ်တော်သည်အဘယ်အခါ၌မျှမပျောက်မပျက်တတ်'' ဟု ဆို၏။
9 အို ယေရုရှလင်မြို့၊မြင့်သောတောင်ပေါ်သို့တက်၍၊ သတင်းကောင်းကိုကြေညာလော့။အို ဇိအုန်တောင်၊အသံကျယ်စွာဟစ်၍သတင်းကောင်းကို ကြေညာလော့။မကြောက်နှင့်၊ ပွင့်လင်းစွာပြောကြားလော့။ယုဒမြို့များအားသူတို့၏ဘုရားသခင်ကြွလာစေတော်မူမည့်အကြောင်းကိုပြောကြားလော့။
10 ထာဝရအရှင်ဘုရားသခင်သည်မိမိကယ်တင်ထားတော်မူသည့် လူတို့ကိုခေါ်၍တန်ခိုးတော်နှင့်အုပ်စိုးရန်ကြွလာ တော်မူလိမ့်မည်။
11 ကိုယ်တော်သည်သိုးထိန်းကဲ့သို့မိမိ၏လူမျိုး တော်ကို ကျွေးမွေးပြုစုတော်မူလိမ့်မည်။သိုးထိန်းသည်သိုးငယ်များကိုစုသိမ်း၍ လက်ဖြင့်ချီပွေ့ကာသူတို့၏မိခင်များကိုဖြည်းညှင်းစွာလမ်းပြ ပို့ဆောင်တော်မူလိမ့်မည်။
12 သမုဒ္ဒရာရေကိုလက်ခုပ်ဖြင့်ချင်တွယ်နိုင်သူ၊သို့တည်းမဟုတ်၊မိုးကောင်းကင်ကိုလက်နှင့်ထွာ၍ တိုင်းတာနိုင်သူရှိပါသလော။မြေဆီလွှာရှိသမျှကိုခွက်ဖလားတွင်ထည့် ထားနိုင်သူ၊သို့တည်းမဟုတ်တောင်ကြီးတောင်ငယ်တို့ကို ချိန်ခွင်နှင့်ချိန်စက်နိုင်သူရှိပါသလော။
13 ထာဝရဘုရားအားအဘယ်သို့ပြုရမည် ဟု ပြောဆိုနိုင်သူရှိပါသလော။အဘယ်သူသည်ကိုယ်တော်အားသွန်သင် နိုင်ပါသနည်း။သို့တည်းမဟုတ်အကြံဉာဏ်ပေးနိုင် ပါသနည်း။
14 ဤမည်သောအမှုတို့ကိုအဘယ်သို့ပြုရ မည်ကို သိနိုင်ရန်အသိပညာနှင့်ဉာဏ်ပညာများကိုရရှိ နိုင်ရန် ကိုယ်တော်သည်အဘယ်သူနှင့်တိုင်ပင်တော်မူပါသနည်း။
15 ထာဝရဘုရား၏ရှေ့တော်၌လူမျိုးတကာ တို့သည် ဘာမျှမဟုတ်ပါ။သူတို့သည်ရေစက်တစ်စက်ကဲ့သို့သာ ဖြစ်ပေသည်။ရပ်ဝေးရှိကျွန်းတို့သည်လည်းမြူမှုန်တမျှ သာလျှင် အလေးချိန်စီးကြ၏။
16 လေဗနုန်တောတွင်ရှိသမျှသောတိရစ္ဆာန်တို့ သည်ငါတို့ဘုရားသခင်အားယဇ်ပူဇော်ရန်အတွက် မလုံလောက်။ထိုတောမှသစ်ပင်တို့သည်လည်းမီးမွှေးရန်အတွက် မလုံလောက်။
17 လူမျိုးတကာတို့သည်ကိုယ်တော်၏ရှေ့တော်၌ အချည်းနှီးသာဖြစ်ကြ၏။
18 ဘုရားသခင်အားအဘယ်သူနှင့် နှိုင်းယှဉ်နိုင်ပါမည်နည်း။ကိုယ်တော်၏ပုံသဏ္ဌာန်တော်ကိုသင်တို့ အဘယ်သို့ဖော်ပြနိုင်ပါမည်နည်း။
19 ကိုယ်တော်သည်အတတ်ပညာသည်များသွန်း လုပ်၍၊ပန်းထိမ်ဆရာတို့ရွှေဖြင့်မွမ်းမံကာ၊ငွေ အခြေခံတွင် တပ်ဆင်ထားသည့်ရုပ်တုနှင့်မတူ။
20 ငွေ၊ရွှေ၊မတတ်နိုင်သူသည်မဆွေးမြေ့နိုင်သည့် သစ်သားကိုရွေးချယ်တတ်၏။သူသည်မြဲမြံစွာရပ်တည်နိုင်သည့်ရုပ်တုကိုပြုလုပ်ရန်ကျွမ်းကျင်သူပန်းပု ဆရာကို ရှာတတ်၏။
21 ကမ္ဘာမြေကြီးအဘယ်သို့ဖြစ်ပေါ်လာသည် အကြောင်းကိုသင်တို့မကြားဘူးကြပါသလော။ရှေးမဆွကပင်လျှင်သင်တို့အားဖော်ပြခဲ့သူ မရှိပါသလော။သင်တို့မကြားဘူးကြမသိကြပါသလော။
22 ကမ္ဘာမြေကြီးကိုဖြစ်ပေါ်စေသူကားမြေကြီးနှင့်မိုးကောင်းကင်၏အထက်၌ရှိသောပလ္လင်တော်ပေါ်တွင်စံပယ်တော်မူသောအရှင် ပေတည်း။အောက်မြေကြီးပေါ်ရှိလူတို့သည်ကားပုရွက်ဆိတ်များကဲ့သို့သေးငယ်သည်ဟု ထင်မှတ်ရပေသည်။ကိုယ်တော်သည်မိုးကောင်းကင်ကို မျက်နှာကြက်ကဲ့သို့လည်းကောင်း၊လူတို့နေထိုင်ရာတဲကဲ့သို့လည်းကောင်း ဖြန့်တော်မူ၏။
23 ကိုယ်တော်သည်တန်ခိုးကြီးသောဘုရင်တို့ကို ဖြုတ်ချတော်မူ၍၊ထိုသူတို့ကိုမရေရာသောသူများအဖြစ်သို့ ပြောင်းလဲစေတော်မူ၏။
24 သူတို့သည်စိုက်ပျိုး၍အမြစ်စွဲကာစ အပင်ငယ်များနှင့်တူကြ၏။ထာဝရဘုရားသည်လေကိုတိုက်စေတော်မူ သောအခါ၊ထိုအပင်တို့သည်ခြောက်သွေ့၍ဖွဲသဖွယ် လွင့်ပါသွားကုန်၏။
25 မြင့်မြတ်သန့်ရှင်းတော်မူသောဘုရားသခင်ကို အဘယ်သူနှင့်နှိုင်းယှဉ်နိုင်ပါမည်နည်း။ကိုယ်တော်နှင့်တူသောသူတစ်စုံတစ်ယောက် ရှိပါသလော။
26 မိုးကောင်းကင်သို့မျှော်ကြည့်ကြလော့။သင်တို့မြင်ရသည့်ကြယ်များကိုအဘယ်သူ ဖန်ဆင်းတော်မူပါသနည်း။ယင်းတို့အားစစ်သည်ဗိုလ်ခြေသဖွယ်ထုတ်ဆောင်လာတော်မူသောအရှင်ပင် ဖြစ်ပေသည်။ကိုယ်တော်သည်ကြယ်များကိုရေတွက်ထားတော်မူပြီးလျှင်နာမည်တပ်၍ ခေါ်တော်မူပါသည်တကား။ကိုယ်တော်သည်လွန်စွာတန်ခိုးကြီးတော်မူသဖြင့်ထိုကြယ်တို့သည်တစ်လုံးတစ်လေမျှ ပျောက်ပျက်သည့်အခါဟူ၍မရှိ။
27 အို ဣသရေလအမျိုးသားတို့၊ ထိုသို့ဖြစ်ပါမူထာဝရဘုရားသည်သင်တို့၏ဆင်းရဲဒုက္ခ များကို သိတော်မမူဟူ၍သော်လည်းကောင်းသင်တို့၏အမှုကိစ္စများအဆင်ပြေရေးအတွက် စိတ်ဝင်စားတော်မမူဟူ၍သော်လည်းကောင်းအဘယ်ကြောင့်သင်တို့သည် ညည်းညူကြပါသနည်း။
28 ထာဝရဘုရားသည်ကာလအစဉ်အဆက်တည်တော်မူသောဘုရားသခင်ဖြစ်တော်မူသည်ကိုသင်တို့မသိကြပါသလော။ မကြားဘူးကြပါသလော။ကိုယ်တော်သည်ကမ္ဘာလောကကို ဖန်ဆင်းတော်မူပါ၏။ကိုယ်တော်သည်အဘယ်အခါ၌မျှမောပန်း နွမ်းလျတော်မမူပါ။အဘယ်သူမျှကိုယ်တော်၏အကြံအစည်တော် တို့ကို နားမလည်နိုင်ပါ။
29 ကိုယ်တော်သည်နွမ်းလျမောပန်းသူတို့ကို အားပေးတော်မူပါ၏။
30 အသက်အရွယ်ငယ်သူများပင်လျှင် နွမ်းလျမောပန်းတတ်ကြ၏။လူငယ်လူရွယ်များသည်အားအင်ကုန်ခန်း၍ လဲကျကြလေသည်။
31 သို့ရာတွင်ထာဝရဘုရား၏အကူ အညီကိုယုံကြည်ကိုးစားသူတို့မူကား၊ ခွန်အားသစ်ကို ရရှိကြလိမ့်မည်။သူတို့သည်လင်းယုန်ငှက်ကဲ့သို့ပျံတက်ကြလိမ့်မည်။ပြေးသော်လည်းမောပန်းကြလိမ့်မည်မဟုတ်။ခရီးသွားသော်လည်းနွမ်းနယ်ကြလိမ့်မည်မဟုတ်။