1 အချင်းယုဒမှဆင်းသက်လာသူ၊ဣသရေလအမျိုးသားတို့၊ဤစကားကိုနားထောင်ကြလော့။သင်တို့သည်ထာဝရဘုရား၏နာမတော်ကို တိုင်တည်ကျိန်ဆိုကာ၊ဣသရေလအမျိုးသားတို့၏ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ပါသည်ဟုဆိုသော်လည်းသင်တို့၏စကားများသည်တစ်ခွန်းမျှမမှန်။
2 သို့ပါလျက်သင်တို့သည်မိမိတို့ကိုယ်ကိုသန့်ရှင်း မြင့်မြတ်သည့်မြို့တော်သားများဟူ၍လည်းကောင်း၊အနန္တတန်ခိုးရှင်ထာဝရဘုရားဟုနာမည် တွင်သောဣသရေလအမျိုးသားတို့၏ဘုရားသခင်ကို မှီခိုအားကိုးသူများဟူ၍လည်းကောင်း ဂုဏ်ယူပြောဆိုကြပေသည်။
3 ဣသရေလအမျိုးသားတို့အားထာဝရ ဘုရားက၊``ရှေးအခါက၊ငါသည်ဖြစ်ပျက်မည့်အမှု အရာကို ကြိုတင်ဟောကြားခဲ့၏။ထိုနောက်ထိုအရာကိုရုတ်တရက်ဖြစ်ပေါ် လာစေ၏။
4 သင်တို့သည်သံကဲ့သို့တင်းမာလျက်၊ကြေးဝါကဲ့သို့မာကြောလျက်၊ခေါင်းမာ နေကြလိမ့်မည်ကိုငါသိ၏။
5 ငါသည်အမှုအရာများမဖြစ်ပျက်မီက ပင်လျှင်ကြိုတင်၍၊သင်တို့၏အနာဂတ်ကို ဟောကြားခဲ့ပေသည်။ယင်းသို့ပြုရခြင်းမှာဤအမှုအရာများကိုသင်တို့လုပ်သည့်ရုပ်တုများကဖြစ်ပေါ်စေသည်ဟု သင်တို့မပြောမဆိုနိုင်ကြစေရန်ပင်ဖြစ်၏။
6 ``ငါသည်ကြိုတင်ဟောကြားခဲ့သမျှသော အမှုတို့သည်ယခုဖြစ်ပျက်ကြလေပြီ။ငါ၏ဟောကြားချက်များမှန်လျက်နေသည်ကို သင်တို့ဝန်ခံကြရပေမည်။ယခုငါသည်နောင်အခါ၌ဖြစ်ပျက်မည့် အမှုအရာသစ်များ၊ယခင်အခါကမဖော်ပြခဲ့ဘူးသည့် အမှုအရာများကိုသင်တို့အားဖော်ပြပါအံ့။
7 ယခုမှသာလျှင်ငါသည်ထိုအမှုတို့ကို ဖြစ်ပျက်စေမည်။ယင်းသို့သောအမှုများသည်ယခင်က မဖြစ်မပျက်ခဲ့ဘူးကြ။အကယ်၍ဖြစ်ပျက်ခဲ့သည်ဆိုပါမူ၊ထိုအရာတို့၏အကြောင်းကိုငါတို့သိရှိပြီး ဟု သင်တို့ဆိုကြလိမ့်မည်။
8 သင်တို့အားယုံကြည်စိတ်ချ၍ မရကြောင်းကိုလည်းကောင်း၊သင်တို့သည်မွေးဖွားလာချိန်မှပင်အစပြု၍သူပုန်များဟုအခေါ်ခံရကြသည်ကိုလည်း ကောင်း ငါသိ၏။ထို့ကြောင့်ဤအမှုအရာများအကြောင်းကိုသင်တို့သည်အဘယ်အခါကမျှမကြားခဲ့ နားမလည်ခဲ့။ယခင်ကတည်းကသင်တို့သည်လည်းနားမပွင့်။
9 ``ငါ၏နာမတော်ကိုလူတို့ထောမနာပြုကြစေရန်၊ ငါသည်မိမိ၏အမျက်ကိုထိန်းချုပ်၍ထားမည်။မိမိဒေါသကိုချုပ်တည်း၍သင်တို့အား ဖျက်ဆီးသုတ်သင်မှုကိုမပြုဘဲနေမည်။
10 ငွေကိုမီးဖိုတွင်ထည့်၍ချွတ်သကဲ့သို့ငါသည်သင်တို့အားဆင်းရဲဒုက္ခမီးဖြင့် စုံစမ်းစစ်ဆေးပြီးဖြစ်၏။
11 ငါသည်အဘယ်အမှုကိုမဆိုမိမိ၏ ဂုဏ်သိက္ခာကိုထောက်၍ပြုတတ်၏။ငါ၏နာမတော်အသရေပျက်စေရန်ပြု လိမ့်မည်မဟုတ်။ငါတစ်ပါးတည်းသာလျှင်ခံယူထိုက်သည့် ဘုန်းအသရေကိုလည်း၊အခြားအဘယ်သူအားမျှခံယူစေလိမ့် မည်မဟုတ်။
12 ထာဝရဘုရားက``အို ငါခေါ်ယူတော်မူသည့်လူမျိုးတော်၊ ဣသရေလအမျိုးသားတို့၊ငါပြောသည်ကိုနားထောင်ကြလော့။ ငါသည်ဘုရားသခင်ဖြစ်၏။ကပ်ကာလအစမှအဆုံးတိုင်တည်နေတော်မူသော အရှင်၊ဖြစ်တော်မူ၏။
13 ငါ၏လက်တော်သည်ကမ္ဘာမြေကြီး အုတ်မြစ်များကိုချ၍၊မိုးကောင်းကင်ကိုဖြန့်ကြက်ခဲ့၏။ငါသည်ကမ္ဘာမြေကြီးနှင့်မိုးကောင်းကင်ကိုဆင့်ခေါ်သောအခါ၊သူတို့သည်ချက်ချင်း ပေါ်ပေါက်လာကြပါသည်တကား။
14 သင်တို့အပေါင်းသည်စုဝေး၍ငါပြောသည် ကို နားထောင်ကြလော့။ငါရွေးချယ်ထားသူသည်ဗာဗုလုန်ပြည်ကို တိုက်ခိုက်လိမ့်မည်ဟူ၍လည်းကောင်း၊ငါ၏အလိုတော်ကျဆောင်ရွက်ပေးလိမ့်မည် ဟူ၍လည်းကောင်း၊အဘယ်ရုပ်တုကမျှကြိုတင်၍မဟောကြား နိုင်ခဲ့။
15 သူ့အားအမိန့်ပေး၍ခေါ်ယူသူမှာငါပင် ဖြစ်ပေသည်။ငါသည်သူ့အားလမ်းပြပို့ဆောင်၍ အောင်မြင်မှုကိုပေးခဲ့၏။
16 ``ယခုငါ၏အနီးသို့ချဉ်းကပ်၍ငါပြောဆို သည်ကို နားထောင်ကြလော့။အစအဦးကပင်လျှင်ငါသည်သင်တို့အား ပွင့်လင်းစွာဖော်ပြခဲ့၏။ထိုအဖြစ်အပျက်စ၍ဖြစ်စဉ်ကပင် ငါရှိခဲ့၏ ဟုမိန့်တော်မူ၏။(ယခုထာဝရအရှင်ဘုရားသခင်သည်ငါ့ အားတန်ခိုးတော်ကိုပေး၍စေလွှတ်တော်မူ ပြီ။)
17 ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့် မြတ်သည့် ဘုရားသခင်၊သင်တို့အားကယ်တင်တော်မူသောထာဝရဘုရားက ``ငါသည်သင်တို့အကျိုးငှာသွန်သင်တော်မူ၍၊သင်တို့သွားရမည့်ခရီးလမ်းကို ပြညွှန်တော်မူလိုသည့်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ် တော်မူ၏။
18 ``အကယ်၍သင်တို့သာလျှင်ငါ၏အမိန့် တော်များကို နားထောင်ကြမည်ဆိုပါမူအဘယ်မျှကောင်းလိမ့်မည်နည်း။ငြိမ်သက်ခြင်းချောင်းရေကဲ့သို့၊သင်တို့အတွက် စီးဆင်းလာမည်သာ။အောင်မြင်ခြင်းသည်လည်းကမ်းခြေတွင်ရိုက်ခတ်သည့်လှိုင်းလုံးများကဲ့သို့သင်တို့အတွက် ပေါ်ထွက်လာမည်သာ။
19 သင်တို့၏သားမြေးများသည်သဲလုံးနှင့်အမျှ များပြားကြလျက်၊ငါသည်လည်းသူတို့အားအဘယ်အခါ၌မျှ ပျက်ပြုန်းစေခွင့်ပြုလိမ့်မည်မဟုတ်။
20 ဗာဗုလုန်ပြည်မှထွက်သွားကြလော့။ လွတ်လပ်စွာထွက်ခွာသွားကြလော့။``ထာဝရဘုရားသည်မိမိ၏အစေခံဣသရေလအမျိုးသားတို့အားကယ်တော် မူပြီ'' ဟူသော သတင်းကိုဝမ်းမြောက်စွာကြွေးကြော်ကြလော့။အရပ်တကာတွင်ကြားသိစေကြလော့။
21 ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား၊ ခြောက်သွေ့ပူပြင်းသောသဲကန္တာရကိုဖြတ်၍ခေါ်ဆောင်သွားတော်မူသောအခါသူတို့သည် ရေမငတ်ကြ။ကိုယ်တော်သည်၊သူတို့အတွက်ကျောက်ဆောင်ထဲမှ ရေစီး၍ထွက်စေတော်မူ၏။ကျောက်ကိုကွဲအက်စေတော်မူသဖြင့် ရေသည်စီးထွက်၍လာ၏။
22 ``သူယုတ်မာတို့သည်ငြိမ်းချမ်းစွာနေရ ကြလိမ့်မည် မဟုတ်'' ဟုထာဝရဘုရားမိန့်တော်မူပါ၏။