ဟေ​ရှာ​ယ 26:13-19 BCL

13 ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား၊ကျွန်​တော်​မျိုး​တို့​သည်သူ​တစ်​ပါး​တို့​အုပ်​စိုး​မှု​ကို ခံ​ရ​ကြ​ပါ​ပြီ။သို့​ရာ​တွင်​ကိုယ်​တော်​ရှင် တစ်​ပါး​တည်း​သာ​လျှင်၊ကျွန်​တော်​မျိုး​တို့​၏​အ​ရှင်​သ​ခင်​ဖြစ်​တော်​မူ​ပါ​၏။

14 ထို​သူ​တို့​သည်​ယ​ခု​အ​ခါ​ကွယ်​လွန်​သွား ကြ​ပါ​ပြီ။တစ်​ဖန်​ပြန်​၍​အ​သက်​ရှင်​ကြ​တော့​မည်​မ​ဟုတ်​ပါ။ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​၍၊ သုတ်​သင်​ပယ်​ရှင်း​တော်​မူ​လိုက်​ပြီ​ဖြစ်​သ​ဖြင့်၊သူ​တို့​၏​ဝိညာဉ်​များ​သည်​လည်း​သင်္ချိုင်း​ထဲ​မှ ထ​ကြ​လိမ့်​မည်​မ​ဟုတ်​ပါ။သူ​တို့​အား​အ​ဘယ်​သူ​မျှ​လည်း သ​တိ​မ​ရ​ကြ​တော့​ပါ။

15 အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည်ကျွန်​တော်​မျိုး​တို့​၏​နိုင်ငံ​ကို​ကြီး​ပွား​တိုး​တက် စေ​တော်​မူ​ပါ​ပြီ။ကြီး​ပွား​တိုး​တက်​စေ​တော်​မူ​ပါ​ပြီ။ယင်း​၏​နယ်​ပယ်​တို့​လည်း​လေး​ဘက်​လေး​တန် ပို​မို​ကျယ်​ဝန်း​စေ​တော်​မူ​ပါ​ပြီ။ဤ​သို့​ပြု​တော်​မူ​သ​ဖြင့်​ကိုယ်​တော်​ရှင်​တွင် ဂုဏ်​အ​သ​ရေ​ရှိ​ပါ​၏။

16 အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏ လူ​မျိုး​တော်​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊သူ​တို့​သည်​ပြင်း​စွာ​စိတ်​ဒုက္ခ​ရောက်​လျက်အ​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​ပါ​၏။

17 အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည်ကျွန်​တော်​မျိုး​တို့​အား​သား​ဖွား​သည့် အ​မျိုး​သ​မီး​ကဲ့​သို့၊နာ​ကျင်​ခြင်း​ဝေ​ဒ​နာ​နှင့်​အော်​ဟစ်​စေ​တော် မူ​ပါ​ပြီ။

18 ကျွန်​တော်​မျိုး​တို့​သည်​နာ​ကျင်​ခြင်း ဝေ​ဒ​နာ​ခံ​ရကြ​ပါ​၏။သို့​ရာ​တွင်​အ​ဘယ်​အ​မှု​ကို​မျှ မ​ဖြစ်​ပွား​စေ​ပါ။ကျွန်​တော်​မျိုး​တို့​သည်​မိ​မိ​တို့​နိုင်​ငံ​အ​တွက် အ​ဘယ်​အောင်​ပွဲ​ကို​မျှ​မ​ရ​ကြ​ပါ။အ​ဘယ်​အမှု​ကို​မျှ​အ​ထ​မြောက်​အောင် ဆောင်​နိုင်​ခဲ့​သည်​မ​ရှိ​ပါ။

19 ကျွန်​တော်​မျိုး​တို့​၏​လူ​စု​အ​နက်​မှသေ​လွန်​သွား​ကြ​သူ​တို့​သည်၊တစ်​ဖန်​ပြန်​၍ အ​သက်​ရှင်​လာ​ကြ​ပါ​လိမ့်​မည်။သူ​တို့​၏​ခန္ဓာ​ကိုယ်​များ​သည်​အ​သက်​ဝင်​၍ လာ​ပါ​လိမ့်​မည်။သ​င်္ချိုင်း​တွင်း​၌​လဲ​လျောင်း​နေ​သော​သူ​သေ​တို့​သည် ထ​၍​ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​ကြ​ပါ​လိမ့်​မည်။အ​ရောင်​လျှပ်​သည့်​ဆီး​နှင်း​များ​သည်​ကမ္ဘာ​မြေ ကြီး​ကို ပြန်​လည်​စိမ်း​လန်း​လာ​စေ​သ​ကဲ့​သို့ကာ​လ​ကြာ​မြင့်​စွာ​က​ပင်​သေ​လွန်​ခဲ့​သောသူ​တို့​ကို​ထာ​ဝ​ရ​ဘု​ရား​သည်​ပြန်​၍ အ​သက်​ရှင်​စေ​တော်​မူ​ပါ​လိမ့်​မည်။