7 ဟေရှာယက``ထာဝရဘုရားသည်မိမိ၏ ကတိတော်အတိုင်းပြုတော်မူမည်ဖြစ်ကြောင်း အရှင်သိရှိစေရန်နိမိတ်လက္ခဏာတစ်ခု ကိုပြတော်မူပါလိမ့်မည်။-
8 ထာဝရဘုရားသည်အာခပ်မင်းစိုက်ထူ ထားသည့်နေနာရီတွင် အရိပ်ကိုနောက်သို့ ဆယ်ဒီဂရီဆုတ်စေတော်မူပါလိမ့်မည်'' ဟုပြန်လည်လျှောက်ထား၏။ ဆိုသည့်အတိုင်း အရိပ်သည်ဆယ်ဒီဂရီဆုတ်လေ၏။
9 ဟေဇကိသည် ပြန်လည်ကျန်းမာလာပြီး နောက် အောက်ပါချီးမွမ်းသီချင်းကိုရေးစပ် စီကုံးတော်မူ၏။
10 ငါသည်သက်တမ်းစေ့နေရတော့မည်မဟုတ်။အရွယ်ကောင်းချိန်၌ပင်မရဏနိုင်ငံသို့ သွားရတော့မည်ဟုငါထင်မှတ်ခဲ့ပါ၏။
11 ဤသက်ရှိလောက၌ငါသည်ထာဝရဘုရားအားလည်းကောင်းသက်ရှိ လူသတ္တဝါတို့အားလည်းကောင်း၊နောက်တစ်ဖန်အဘယ်အခါ၌မျှတွေ့ မြင်ရတော့မည် မဟုတ်ဟုထင်မှတ်ခဲ့ပါ၏။
12 ဖြိုဖျက်၍ချလိုက်သည့်တဲကဲ့သို့လည်းကောင်း၊ယက်ကန်းစင်မှဖြတ်၍ထုတ်လိုက်သည့် အဝတ်ကဲ့သို့လည်းကောင်း၊ငါ၏အသက်တာသည်ဖြတ်၍ ကုန်ဆုံးသွားလေပြီ။
13 ငါ၏အရိုးများကိုခြင်္သေ့ဝါး၍နေဘိ ကဲ့သို့ငါသည်နာကျင်ခြင်းဝေဒနာနှင့်တစ်ညဥ့်လုံး ငိုကြွေးရပါ၏။ဘုရားသခင်သည်ငါ၏အသက်ကို ကုန်ဆုံးစေတော်မူပြီဟုငါထင်မှတ် ပါ၏။