1 ထာဝရဘုရားက၊``ကယ်တင်ခြင်းခံလိုသူတို့၊အကူအညီတောင်းခံရန်ငါ့ထံသို့လာရောက်သူတို့၊သင်တို့သည် ငါ့ပြောစကားကိုနားထောင်ကြလော့။သင်တို့ကိုထွင်းထုတ်ယူရာကျောက်ကို ကြည့်ရှုကြလော့။သင်တို့ကိုတူးဖော်ရာကျောက်တွင်းကို ကြည့်ရှုကြလော့။
2 သင်တို့၏ဘိုးအေအာဗြဟံနှင့်ဘွားအေစာရာတို့၏ အကြောင်းကိုအောက်မေ့ဆင်ခြင်ကြလော့။အာဗြဟံအားငါခေါ်ယူစဉ်အခါက သူ့မှာသားသမီးမရှိ။သို့ရာတွင်ငါသည်သူ့အားသားသမီးများဖြင့် ကောင်းချီးပေး၍၊သူ၏အဆက်အနွယ်တို့ကိုများပြားစေတော်မူ၏။
3 ``ငါသည်ဇိအုန်မြို့နှင့်ထိုမြို့၏ပျက်စီးယိုယွင်းလျက် ရှိသည့်အဆောက်အဦများတွင်နေထိုင်သူတို့အားကရုဏာပြမည်။ဇိအုန်ဒေသသည်တောကန္တာရပင်ဖြစ်သော်လည်းငါသည်ယင်းကိုဧဒင်အရပ်မှာကဲ့သို့ ထာဝရဘုရား၏ဥယျာဉ်ဖြစ်စေမည်။ထိုအရပ်တွင်လူတို့သည်ဝမ်းမြောက်ရွှင်လန်းလျက်၊ထောမနာသီချင်းဆိုလျက်၊ငါ၏ကျေးဇူးတော်ကို ချီးမွမ်းလျက်နေကြလိမ့်မည်။
4 ``အို ငါ၏လူမျိုးတော်၊ငါ့စကားကိုဂရုပြု ကြလော့။ငါပြောသည်ကိုနားထောင်ကြလော့။ငါသည်လူမျိုးတကာတို့အားဆုံးမ သြဝါဒပေး၍ငါ၏တရားဒေသနာများသည်သူတို့အတွက် အလင်းဖြစ်လိမ့်မည်။
5 ငါသည်လျင်မြန်စွာလာ၍သူတို့အားကယ်တင်မည်။ငါအောင်ပွဲခံရန်အချိန်သည်နီးကပ်၍လာလေပြီ။လူမျိုးတကာတို့အားငါကိုယ်တိုင်ပင် အုပ်စိုးတော်မူမည်။နိုင်ငံရပ်ခြားတိုင်းတစ်ပါးသားတို့သည် ငါလာမည်ကိုစောင့်မျှော်လျက်ရှိ၏။မိမိတို့အားကယ်တင်လိမ့်မည်ဟူသောမျှော်လင့်ချက်ဖြင့်၊သူတို့သည်ငါ့ကို စောင့်မျှော်လျက်နေကြ၏။