7 ငြိမ်းချမ်းရေးတည်းဟူသောသတင်းကောင်းကို ယူဆောင်လာသူ၊စေတမန်တစ်ဦးတောင်ရိုးကိုဖြတ်ကျော်နေသည်ကိုတွေ့မြင်ရပုံမှာ ကျက်သရေရှိလှပါသည်တကား။ထိုစေတမန်သည်ကယ်တင်ခြင်းသတင်းကို ကြေညာလျက်၊ဇိအုန်မြို့အား``သင်၏ဘုရားသခင်သည် ဘုရင်ဖြစ်တော်မူ၏'' ဟုဆို၏။
8 မြို့စောင့်တပ်သားများသည်အသံကျယ်စွာနှင့်အားရရွှင်လန်းစွာတညီတညွတ်တည်း ကြွေးကြော်လျက်နေကြ၏။ဇိအုန်မြို့သို့ထာဝရဘုရားပြန်လည်ကြွလာတော်မူမည်ကို၊သူတို့ကိုယ်တိုင်ပင် တွေ့မြင်နိုင်ကြလေသည်။
9 အချင်းယိုယွင်းပျက်စီးလျက်ရှိသည့်ယေရုရှလင်အဆောက်အဦတို့၊အားရရွှင်လန်းစွာ ကြွေးကြော်ကြလော့။ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား နှစ်သိမ့်စေတော်မူပြီ။ကိုယ်တော်သည်ယေရုရှလင်မြို့တော်ကို ကယ်တင်တော်မူပြီ။
10 ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်သည့်လက်တော်အားဖြင့်၊နိုင်ငံအသီးသီး၏ရှေ့တွင်မိမိ၏လူမျိုးတော်ကိုကယ်တင်တော်မူပြီဖြစ်၍၊ထိုအချင်းအရာကိုကမ္ဘာတစ်ဝှမ်းလုံးပင် တွေ့မြင်ရကြလေပြီ။
11 သန့်ရှင်းမြင့်မြတ်သည့်ခွက်ဖလားများကို ကိုင်ဆောင်လာသူအပေါင်းတို့၊ဗာဗုလုန်ပြည်မှချက်ချင်းထွက်ခွာလာကြလော့။တားမြစ်ထားသည့်အရာများကိုလက်နှင့်မျှ မတို့ကြနှင့်။သင်တို့ကိုယ်ကိုသန့်စွာထား၍မြို့ထဲမှ ထွက်ခွာသွားကြလော့။
12 ယခုတစ်ကြိမ်တွင်သင်တို့သည်အဆောတလျင် ထွက်ခွာသွားရန်လိုလိမ့်မည်မဟုတ်။သင်တို့သည်ထွက်ပြေးရန်ကြိုးစားရကြ လိမ့်မည်မဟုတ်။ဣသရေလအမျိုးတို့၏ဘုရားသခင် ထာဝရ ဘုရားသည်သင်တို့ကိုလမ်းပြပို့ဆောင်တော်မူ၍၊ အဘက်ဘက်မှကာကွယ်တော်မူလိမ့်မည်။
13 ထာဝရဘုရားက``ငါ၏အစေခံသည်မိမိပြုသောအမှုတွင် ပညာရှိစွာပြုမူလိမ့်မည်။သူသည်ချီးမြှောက်ခြင်းခံရ၍ကြီးမြတ်သော ဂုဏ်အသရေရှိလိမ့်မည်။