9 သူတို့သည် မင်းကြီး၏မိန့်မှာချက်ကိုနားထောင်ပြီးမှ ထွက်သွားကြရာ အရှေ့ပြည်၌ သူတို့တွေ့ခဲ့သောကြယ်သည် သူငယ်တော်ရှိသည့်နေရာပေါ်ရောက်၍ ရပ်သည့်တိုင်အောင် သူတို့ရှေ့မှသွားလေ၏။
10 သူတို့သည် ထိုကြယ်ကိုမြင်သောအခါ အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ကြပြီး
11 အိမ်ထဲသို့ဝင်၍ မယ်တော်မာရိနှင့်တကွ သူငယ်တော်ကိုတွေ့လျှင် ပျပ်ဝပ်လျက်ရှိခိုးကြ၏။ သူတို့၏ဘဏ္ဍာကြုတ်များကိုလည်းဖွင့်၍ ရွှေ၊ လော်ဗန်နှင့် မုရန်တည်းဟူသော လက်ဆောင်များကို သူငယ်တော်အားဆက်သကြ၏။
12 ထို့နောက် ဟေရုဒ်မင်းကြီးထံသို့ ပြန်မသွားမည့်အကြောင်း အိပ်မက်ထဲတွင် ဗျာဒိတ်တော်ရသဖြင့် မိမိတို့တိုင်းပြည်သို့ အခြားသောလမ်းဖြင့်ပြန်သွားကြ၏။
13 ထိုသူတို့ထွက်သွားကြပြီးနောက် ထာဝရဘုရား၏ကောင်းကင်တမန်သည် ယောသပ်အား အိပ်မက်ထဲတွင်ထင်ရှား၍ “ထလော့။ သူငယ်တော်နှင့်မယ်တော်တို့ကိုခေါ်လျက် အီဂျစ်ပြည်သို့ထွက်ပြေး၍ နောက်တစ်ဖန် သင့်အားငါပြောသည့်တိုင်အောင် ထိုပြည်၌နေလော့။ အကြောင်းမူကား ဟေရုဒ်မင်းကြီးသည် သူငယ်တော်ကို ရှာ၍သတ်ရန် ကြံရွယ်နေ၏”ဟု မြွက်ဆိုလေ၏။
14 ထိုအခါ ယောသပ်သည်ထ၍ ညအချိန်၌ပင် သူငယ်တော်နှင့်မယ်တော်တို့ကို ခေါ်ဆောင်ကာ အီဂျစ်ပြည်သို့ ထွက်ခွာသွားပြီးလျှင်
15 ဟေရုဒ်မင်းကြီးအနိစ္စရောက်သည့်တိုင်အောင် ထိုပြည်၌နေလေ၏။ ဤသည်ကား “ငါ့သားကို အီဂျစ်ပြည်မှ ငါခေါ်ထုတ်ခဲ့၏”ဟု ပရောဖက်အားဖြင့် ထာဝရဘုရားမိန့်တော်မူသောအရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။