ရှင်​မဿဲ​ခ​ရစ်​ဝင် 28 MSB

ရှင်​ပြန်​ထ​မြောက်​တော်​မူ​ခြင်း

1 ဥ​ပုသ်​နေ့​လွန်​ပြီး​နောက် ရက်​သတ္တ​ပတ်​၏​ပ​ထ​မ​နေ့ အ​ရုဏ်​တက်​ချိန်​၌ မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ​နှင့် အ​ခြား​သော​မာ​ရိ​သည် သင်္ချိုင်း​တော်​ကို​သွား​ကြည့်​ကြ​၏။

2 ထို​စဉ် အ​လွန်​ပြင်း​ထန်​သော င​လျင်​လှုပ်​လေ​၏။ အ​ကြောင်း​မူ​ကား ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ကောင်း​ကင်​မှ​ဆင်း​လာ​၍ ကျောက်​တုံး​ကို​လှိမ့်​ဖယ်​ကာ ၎င်း​အ​ပေါ်​၌ ထိုင်​လေ​၏။

3 သူ​၏​အ​ဆင်း​သဏ္ဌာန်​သည် လျှပ်​စီး​လက်​သ​ကဲ့​သို့​ဖြစ်​ပြီး သူ​၏​အ​ဝတ်​သည် နှင်း​ပွင့်​ကဲ့​သို့​ဖြူ​၏။

4 အ​စောင့်​တို့​သည် ကောင်း​ကင်​တ​မန်​ကို​ကြောက်​ရွံ့​သ​ဖြင့် တုန်​လှုပ်​၍ လူ​သေ​ကဲ့​သို့​ဖြစ်​သွား​ကြ​၏။

5 ထို​အ​ခါ ကောင်း​ကင်​တ​မန်​က အ​မျိုး​သ​မီး​တို့​အား “ကြောက်​ရွံ့​ခြင်း​မ​ရှိ​ကြ​နှင့်။ သင်​တို့​သည် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ခြင်း​ခံ​ရ​သော​ယေ​ရှု​ကို ရှာ​နေ​ကြ​သည်​ကို ငါ​သိ​၏။

6 ကိုယ်​တော်​သည် ဤ​နေ​ရာ​၌​မ​ရှိ။ အ​ကြောင်း​မူ​ကား မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း ထ​မြောက်​တော်​မူ​ပြီ။ ကိုယ်​တော်​လျောင်း​တော်​မူ​ခဲ့​သည့်​နေ​ရာ​ကို လာ​ကြည့်​ကြ​လော့။

7 ထို့​နောက် အ​လျင်​အ​မြန်​သွား​၍ တ​ပည့်​တော်​တို့​အား ‘ကိုယ်​တော်​သည် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​တော်​မူ​ပြီ။ ကြည့်​ရှု​လော့။ ဂါ​လိ​လဲ​နယ်​သို့ သင်​တို့​ထက်​အ​လျင်​ဦး​စွာ​ကြွ​နှင့်​တော်​မူ​ပြီ။ သင်​တို့​သည် ထို​အ​ရပ်​၌ ကိုယ်​တော်​ကို​တွေ့​မြင်​ရ​ကြ​လိမ့်​မည်’​ဟူ​၍ ပြော​ကြား​ကြ​လော့။ သင်​တို့​အား ယ​ခု ငါ​ပြော​ပြီ”​ဟု မြွက်​ဆို​လေ​၏။

8 အ​မျိုး​သ​မီး​တို့​သည် ကြောက်​ရွံ့​ကြ​သော်​လည်း အ​လွန်​ဝမ်း​မြောက်​လျက် သင်္ချိုင်း​တော်​မှ အ​လျင်​အ​မြန်​ထွက်​သွား​ကြ​ကာ တ​ပည့်​တော်​တို့​အား ပြော​ပြ​ရန် ပြေး​သွား​ကြ​၏။

9 ထို​အ​ခါ ယေ​ရှု​သည် သူ​တို့​နှင့်​တွေ့​ဆုံ​လျက် “မင်္ဂ​လာ​ပါ”​ဟု မိန့်​တော်​မူ​၏။ သူ​တို့​သည် ချဉ်း​ကပ်​၍ ကိုယ်​တော်​၏​ခြေ​တော်​ကို ဖက်​ထား​ကာ ကိုယ်​တော်​ကို​ရှိ​ခိုး​ကြ​၏။

10 ထို့​နောက် ယေ​ရှု​က “ကြောက်​ရွံ့​ခြင်း​မ​ရှိ​ကြ​နှင့်။ သွား​၍ ငါ​၏​ညီ​အစ်​ကို​တို့​အား ဂါ​လိ​လဲ​နယ်​သို့​သွား​ရန် ပြော​ကြား​ကြ​လော့။ သူ​တို့​သည် ထို​နေ​ရာ​၌ ငါ့​ကို​တွေ့​မြင်​ရ​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

စစ်​သား​များ​ကို လိမ်​လည်​ရန်​လာဘ်​ထိုး​ခြင်း

11 ထို​အ​မျိုး​သ​မီး​တို့​သွား​ကြ​စဉ်​တွင် အ​စောင့်​တပ်​သား​အ​ချို့​တို့​သည်​လည်း မြို့​ထဲ​သို့​လာ​၍ ဖြစ်​ပျက်​ခဲ့​သ​မျှ​တို့​ကို ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​ထံ သ​တင်း​ပို့​ကြ​၏။

12 ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​တို့​သည် သက်​ကြီး​ဝါ​ကြီး​တို့​နှင့်​အ​တူ​စု​ဝေး​၍ တိုင်​ပင်​ဆွေး​နွေး​ကြ​ပြီး​မှ စစ်​သား​တို့​အား ငွေ​အ​မြောက်​အ​မြား​ပေး​လျက်

13 “‘ည​အ​ချိန် ငါ​တို့​အိပ်​ပျော်​နေ​စဉ် သူ​၏​တ​ပည့်​တို့​သည် လာ​၍ အ​လောင်း​ကို​ခိုး​သွား​ကြ​သည်’​ဟု ပြော​ကြ​လော့။

14 ဤ​သ​တင်း​သည် ဘု​ရင်​ခံ​၏​နား​သို့​ပေါက်​ကြား​ခဲ့​လျှင် သူ့​ကို ငါ​တို့​ဖျောင်း​ဖျ​၍ သင်​တို့​၌​စိုး​ရိမ်​စ​ရာ​မ​ရှိ​စေ​ရန် ဆောင်​ရွက်​ပေး​မည်”​ဟု ဆို​ကြ​၏။

15 ထို​အ​ခါ စစ်​သား​တို့​သည် ငွေ​ကို​ယူ​၍ သူ​တို့​အား သင်​ပေး​ထား​သည့်​အ​တိုင်း​ပြု​ကြ​၏။ ဤ​သို့​ဖြင့် ထို​သ​တင်း​သည် ဂျူး​လူ​မျိုး​တို့​ကြား​တွင် ယ​နေ့​တိုင်​အောင်​ပျံ့​နှံ့​လျက်​ရှိ​၏။

ကြီး​မြတ်​သော​စေ​ခိုင်း​မှု

16 ထို့​နောက် တစ်​ဆယ့်​တစ်​ပါး​သော​တ​ပည့်​တော်​တို့​သည် ဂါ​လိ​လဲ​နယ်​သို့​သွား​၍ သူ​တို့​အား ယေ​ရှု​မှာ​ကြား​ထား​တော်​မူ​သော​တောင်​ပေါ်​သို့ တက်​ကြ​ပြီး

17 ကိုယ်​တော်​ကို​တွေ့​မြင်​၍ ရှိ​ခိုး​ကြ​၏။ သို့​သော် အ​ချို့​တို့​သည် သံ​သ​ယ​ဖြစ်​ကြ​၏။

18 ထို​အ​ခါ ယေ​ရှု​သည် သူ​တို့​ထံ​သို့​ချဉ်း​ကပ်​၍ “ကောင်း​ကင်​နှင့်​မြေ​ကြီး​ပေါ်​၌ ရှိ​သ​မျှ​သော​အ​ခွင့်​အာ​ဏာ​တို့​ကို ငါ့​ထံ​ပေး​အပ်​တော်​မူ​ပြီ။

19 ထို့​ကြောင့် သင်​တို့​သည်​သွား​၍ လူ​မျိုး​တ​ကာ​တို့​အား ငါ့​တ​ပည့်​ဖြစ်​စေ​လျက် ခ​မည်း​တော်၊ သား​တော်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​နာ​မ​၌ သူ​တို့​ကို​ဗတ္တိ​ဇံ​ပေး​ကြ​လော့။

20 သင်​တို့​အား ငါ​ပ​ညတ်​ထား​သ​မျှ​သော​အ​ရာ​အား​လုံး​တို့​ကို​စောင့်​ထိန်း​ရန် သူ​တို့​ကို သွန်​သင်​ကြ​လော့။ ငါ​သည်​လည်း ကပ်​ကမ္ဘာ​ကုန်​ဆုံး​သည့်​တိုင်​အောင် သင်​တို့​နှင့်​အ​တူ အ​စဉ်​မ​ပြတ်​ရှိ​၏”​ဟု မိန့်​တော်​မူ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28