ရှင်​မဿဲ​ခ​ရစ်​ဝင် 17 MSB

အ​ဆင်း​သဏ္ဌာန်​ပြောင်း​လဲ​တော်​မူ​ခြင်း

1 ခြောက်​ရက်​လွန်​သော​အ​ခါ ယေ​ရှု​သည် ပေ​တ​ရု၊ ယာ​ကုပ်​နှင့် ယာ​ကုပ်​၏​ညီ​ယော​ဟန်​တို့​ကို​ခေါ်​၍ သူ​တို့​ကို မြင့်​မား​သော​တောင်​ပေါ်​သို့ သီး​သန့်​ခေါ်​ဆောင်​သွား​တော်​မူ​၏။

2 ထို​အ​ခါ ကိုယ်​တော်​သည် သူ​တို့​ရှေ့​၌ အ​ဆင်း​သဏ္ဌာန်​ပြောင်း​လဲ​၍ မျက်​နှာ​တော်​သည် နေ​ကဲ့​သို့​ထွန်း​လင်း​ကာ ဝတ်​ရုံ​တော်​သည် အ​လင်း​ကဲ့​သို့​ဖြူ​ဖွေး​လာ​၏။

3 မော​ရှေ​နှင့်​ဧ​လိ​ယ​တို့​သည်​လည်း သူ​တို့​ရှေ့​တွင်​ပေါ်​လာ​၍ ကိုယ်​တော်​နှင့်​စ​ကား​ပြော​နေ​ကြ​၏။

4 ထို​အ​ခါ ပေ​တ​ရု​က “သ​ခင်​ဘု​ရား၊ ဤ​နေ​ရာ​သည် အ​ကျွန်ုပ်​တို့​အ​တွက် နေ​စ​ရာ​ကောင်း​ပါ​၏။ ကိုယ်​တော်​အ​လို​ရှိ​လျှင် ဤ​နေ​ရာ​၌ တဲ​သုံး​ဆောင်​ကို ကိုယ်​တော်​အ​တွက်​တစ်​ဆောင်၊ မော​ရှေ​အ​တွက်​တစ်​ဆောင်၊ ဧ​လိ​ယ​အ​တွက်​တစ်​ဆောင် အ​ကျွန်ုပ်​ဆောက်​ပါ​မည်”​ဟု ယေ​ရှု​အား လျှောက်​ထား​လေ​၏။

5 ထို​သို့ ပေ​တ​ရု​လျှောက်​ထား​စဉ် တောက်​ပ​သော​မိုး​တိမ်​သည် သူ​တို့​ကို​ဖုံး​လွှမ်း​၍ မိုး​တိမ်​ထဲ​မှ​အ​သံ​တော်​က “ဤ​သူ​ကား ငါ​၏​ချစ်​သား​ပေ​တည်း။ သူ့​ကို​ငါ​နှစ်​သက်​၏။ သူ့​စ​ကား​ကို နား​ထောင်​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

6 တ​ပည့်​တော်​တို့​သည် ထို​အ​သံ​ကို​ကြား​လျှင် အ​လွန်​ကြောက်​ရွံ့​လျက် သူ​တို့​မျက်​နှာ​ကို မြေ​မှာ​အပ်​ထား​ကြ​၏။

7 ထို​အ​ခါ ယေ​ရှု​သည် ချဉ်း​ကပ်​လာ​၍ သူ​တို့​ကို​တို့​ထိ​ကာ “ထ​ကြ​လော့၊ မ​ကြောက်​ကြ​နှင့်”​ဟု မိန့်​တော်​မူ​၏။

8 သူ​တို့​သည် မော့​ကြည့်​ကြ​ရာ ယေ​ရှု​တစ်​ပါး​တည်း​မှ​လွဲ​၍ မည်​သူ့​ကို​မျှ မ​တွေ့​မြင်​ကြ။

9 ထို့​နောက် တောင်​ပေါ်​မှ သူ​တို့​ဆင်း​လာ​ကြ​စဉ် ယေ​ရှု​က “လူ့​သား​သည် သေ​သော​သူ​တို့​ထဲ​မှ မ​ထ​မြောက်​မီ ဤ​ရူ​ပါ​ရုံ​ကို မည်​သူ့​ကို​မျှ​မ​ပြော​ကြ​နှင့်”​ဟု သူ​တို့​အား မိန့်​မှာ​တော်​မူ​၏။

10 ထို​အ​ခါ တ​ပည့်​တော်​တို့​က “သို့​ဖြစ်​လျှင် ဧ​လိ​ယ​သည် ဦး​စွာ​လာ​ရ​မည်​ဟု ကျမ်း​ပြု​ဆ​ရာ​တို့​က အ​ဘယ်​ကြောင့်​ဆို​ကြ​သ​နည်း”​ဟူ​၍ ကိုယ်​တော်​အား မေး​လျှောက်​ကြ​၏။

11 ကိုယ်​တော်​က​လည်း “ဧ​လိ​ယ​သည်​လာ​၍ အ​ရာ​ခပ်​သိမ်း​တို့​ကို ပြန်​လည်​ထူ​ထောင်​မည်​မှန်​၏။

12 သို့​သော် သင်​တို့​အား ငါ​ဆို​သည်​ကား ဧ​လိ​ယ​သည်​ရောက်​လာ​ခဲ့​ပြီ။ သို့​ရာ​တွင် လူ​တို့​သည် သူ့​ကို​မ​သိ​ကြ​ဘဲ သူ့​အ​ပေါ်​ပြု​လို​ရာ​ပြု​ခဲ့​ကြ​ပြီ။ ထို​နည်း​တူ လူ့​သား​သည်​လည်း သူ​တို့​လက်​၌ ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​ရ​တော့​မည်”​ဟု ပြန်​၍ မိန့်​တော်​မူ​၏။

13 ထို​အ​ခါ တ​ပည့်​တော်​တို့​သည် ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ကို​ရည်​ညွှန်း​၍ မိ​မိ​တို့​အား ကိုယ်​တော်​မိန့်​တော်​မူ​ကြောင်း သ​ဘော​ပေါက်​ကြ​၏။

ဝက်​ရူး​ပြန်​ရော​ဂါ​ကို ပျောက်​ကင်း​စေ​တော်​မူ​ခြင်း

14 ထို့​နောက် လူ​ထု​ပ​ရိ​သတ်​ရှိ​ရာ​သို့​ရောက်​လာ​ကြ​ရာ လူ​တစ်​ဦး​သည် ကိုယ်​တော်​ထံ ချဉ်း​ကပ်​လာ​၍ ရှေ့​တော်​၌ ဒူး​ထောက်​ကာ

15 “သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​၏​သား​ကို​သ​နား​တော်​မူ​ပါ။ အ​ကြောင်း​မှာ သူ​သည် ဝက်​ရူး​ပြန်​ရော​ဂါ​စွဲ​၍ ဝေ​ဒ​နာ​ပြင်း​ထန်​စွာ​ခံ​စား​နေ​ရ​ပါ​၏။ မီး​ထဲ​သို့​လည်း​ကောင်း၊ ရေ​ထဲ​သို့​လည်း​ကောင်း မ​ကြာ​ခ​ဏ လဲ​ကျ​တတ်​ပါ​၏။

16 သို့​ဖြစ်​၍ သူ့​ကို ကိုယ်​တော်​၏​တ​ပည့်​တော်​တို့​ထံ​သို့ ခေါ်​ဆောင်​လာ​သော်​လည်း သူ​တို့​သည် သူ့​ကို​မ​ကျန်း​မာ​စေ​နိုင်​ကြ​ပါ”​ဟု လျှောက်​လေ​၏။

17 ယေ​ရှု​က​လည်း “အို ယုံ​ကြည်​ခြင်း​မ​ရှိ ဖောက်​ပြန်​လမ်း​လွဲ​သော​မျိုး​ဆက်၊ ငါ​သည် သင်​တို့​နှင့်​အ​တူ မည်​မျှ​ကြာ​အောင်​နေ​ရ​မည်​နည်း။ သင်​တို့​ကို မည်​မျှ​ကြာ​အောင်​သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို ငါ့​ထံ ဤ​နေ​ရာ​သို့​ခေါ်​ခဲ့​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

18 ထို့​နောက် ယေ​ရှု​သည် နတ်​ဆိုး​ကို​ဆုံး​မ​တော်​မူ​လျှင် နတ်​ဆိုး​သည် သူ​ငယ်​ထံ​မှ​ထွက်​သွား​သ​ဖြင့် သူ​ငယ်​သည် ထို​အ​ချိန်​မှ​စ​၍ ကျန်း​မာ​လာ​လေ​၏။

19 ထို​အ​ခါ တ​ပည့်​တော်​တို့​သည် သူ​တို့​ချည်း​သာ​ယေ​ရှု​ထံ​သို့ ချဉ်း​ကပ်​လာ​၍ “အ​ကျွန်ုပ်​တို့​သည် ထို​နတ်​ဆိုး​ကို အ​ဘယ်​ကြောင့် မ​နှင်​ထုတ်​နိုင်​ပါ​သ​နည်း”​ဟု မေး​လျှောက်​ကြ​၏။

20 ကိုယ်​တော်​က​လည်း “သင်​တို့​၏​မ​ယုံ​ကြည်​မှု​ကြောင့်​ဖြစ်​၏။ သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား သင်​တို့​တွင် မုန်​ညင်း​နက်​စေ့​ခန့်​မျှ ယုံ​ကြည်​ခြင်း​ရှိ​ပါ​က ဤ​တောင်​ကို ‘ဤ​နေ​ရာ​မှ ထို​နေ​ရာ​သို့ ရွေ့​လော့’​ဟု ပြော​လျှင် ၎င်း​သည် ရွေ့​သွား​လိမ့်​မည်။ သင်​တို့​အ​တွက် မ​ဖြစ်​နိုင်​သော​အ​ရာ​လည်း တစ်​စုံ​တစ်​ခု​မျှ​ရှိ​မည်​မ​ဟုတ်။

21 [သို့​သော် ထို​နတ်​မျိုး​သည် ဆု​တောင်း​ခြင်း​နှင့်​အ​စာ​ရှောင်​ခြင်း​အား​ဖြင့်​မ​ဟုတ်​လျှင် မ​ထွက်​တတ်]”​ဟု မိန့်​တော်​မူ​၏။

မိ​မိ​အ​သေ​ခံ​မည့်​အ​ကြောင်း ဒု​တိ​ယ​အ​ကြိမ် ကြို​တင်​မိန့်​တော်​မူ​ခြင်း

22 သူ​တို့​သည် ဂါ​လိ​လဲ​နယ်​၌​စု​ရုံး​နေ​ကြ​စဉ် ယေ​ရှု​က “လူ့​သား​သည် လူ​တို့​၏​လက်​သို့​အပ်​နှံ​ခြင်း​ခံ​ရ​တော့​မည်။

23 လူ​တို့​သည်​လည်း သူ့​ကို​သတ်​ကြ​လိမ့်​မည်။ ထို့​နောက် သုံး​ရက်​မြောက်​သော​နေ့​၌ သူ​သည် ထ​မြောက်​လိမ့်​မည်”​ဟု မိန့်​တော်​မူ​ရာ တ​ပည့်​တော်​တို့​သည် အ​လွန်​ဝမ်း​နည်း​ကြ​၏။

ဗိ​မာန်​တော်​အ​ခွန်​ပေး​ဆောင်​ခြင်း

24 က​ပေ​ရ​နောင်​မြို့​သို့ သူ​တို့​ရောက်​ရှိ​လာ​ကြ​သော​အ​ခါ ဗိ​မာန်​တော်​ခွန်​ကောက်​ခံ​သော​သူ​တို့​သည် ပေ​တ​ရု​ထံ​သို့​လာ​၍ “သင်​တို့​၏​ဆ​ရာ​သည် ဗိ​မာန်​တော်​ခွန်​ကို ပေး​ဆောင်​ပါ​သ​လော”​ဟု မေး​ကြ​၏။

25 ပေ​တ​ရု​က “ပေး​ဆောင်​ပါ​သည်”​ဟု ဖြေ​ပြီး​မှ အိမ်​ထဲ​သို့​ဝင်​လာ​ရာ ယေ​ရှု​က “ရှိ​မုန်၊ သင်​မည်​သို့​ထင်​မြင်​သ​နည်း။ ကမ္ဘာ​မြေ​ကြီး​၏​ရှင်​ဘု​ရင်​တို့​သည် မည်​သူ့​ထံ​မှ အ​ခွန်​အ​ကောက်​များ​ကို ကောက်​ခံ​ကြ​သ​နည်း။ မိ​မိ​တို့​၏​သား​များ​ထံ​မှ​လော သို့​မ​ဟုတ် သူ​တစ်​ပါး​တို့​ထံ​မှ​လော”​ဟု ပေ​တ​ရု​ကို ဆီး​၍​မေး​တော်​မူ​၏။

26 ပေ​တ​ရု​က​လည်း “သူ​တစ်​ပါး​တို့​ထံ​မှ​ကောက်​ခံ​ပါ​သည်”ဟု လျှောက်​သော် ယေ​ရှု​က “သို့​ဖြစ်​လျှင် သား​တို့​သည် ကင်း​လွတ်​ခွင့်​ရ​ကြ​၏။

27 သို့​သော် သူ​တို့​ကို​မ​မှား​ယွင်း​စေ​ရန် ပင်​လယ်​သို့​သွား​၍ ငါး​မျှား​လော့။ ပ​ထ​မ​ဦး​ဆုံး​မိ​သည့်​ငါး​ကို​ယူ​၍ ၎င်း​၏​ပါး​စပ်​ကို​ဖွင့်​လျှင် သ​တာ​တဲ​ငွေ​တစ်​ပြား​ကို​တွေ့​လိမ့်​မည်။ ၎င်း​ကို​ယူ​၍ ငါ​နှင့်​သင့်​အ​တွက် သူ​တို့​အား ပေး​ဆောင်​လော့”​ဟု မိန့်​တော်​မူ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28