1 ကောင်းကင်နိုင်ငံတော်သည် မိမိ၏စပျစ်ခြံအတွက် အလုပ်သမားများကိုငှားရန် နံနက်စောစောထွက်သွားသည့် ခြံပိုင်ရှင်နှင့်တူ၏။
2 သူသည် တစ်နေ့လျှင် ဒေနာရိတစ်ပြားနှုန်းဖြင့် အလုပ်သမားများနှင့်သဘောတူလျက် သူတို့ကို မိမိ၏စပျစ်ခြံသို့ စေလွှတ်လေ၏။
3 ထို့နောက် သူသည် နံနက်ကိုးနာရီခန့်တွင်ထွက်သွားရာ အခြားသောသူတို့သည် အလုပ်မလုပ်ဘဲ ဈေးအရပ်၌ရပ်နေကြသည်ကို တွေ့မြင်လျှင်
4 ထိုသူတို့အား ‘သင်တို့လည်း စပျစ်ခြံသို့သွားကြလော့။ ထိုက်သင့်သည့်လုပ်အားခကို သင်တို့အား ငါပေးမည်’ဟု ဆိုသဖြင့် သူတို့သည်သွားကြ၏။
5 တစ်ဖန် မွန်းတည့်ချိန်နှင့် မွန်းလွဲသုံးနာရီအချိန်ခန့်တို့တွင်လည်း ထွက်၍ ထိုနည်းတူပြုလေ၏။
6 ညနေငါးနာရီခန့်တွင်လည်း ထွက်၍ အခြားသောသူတို့ရပ်နေကြသည်ကိုတွေ့သဖြင့် ‘အဘယ်ကြောင့်အလုပ်မလုပ်ဘဲ ဤနေရာ၌ တစ်နေ့လုံးရပ်နေကြသနည်း’ဟု မေးလေ၏။
7 ထိုသူတို့ကလည်း ‘မည်သူမျှ အကျွန်ုပ်တို့ကို မငှားသောကြောင့်ဖြစ်ပါသည်’ဟု ဖြေကြလျှင် ခြံပိုင်ရှင်က ‘သင်တို့သည်လည်း စပျစ်ခြံသို့သွားကြလော့’ဟု ဆိုလေ၏။
8 ညနေချမ်းအချိန်ရောက်သောအခါ စပျစ်ခြံပိုင်ရှင်က သူ၏အိမ်မှုကိစ္စစီမံကွပ်ကဲသူအား ‘အလုပ်သမားများကိုခေါ်၍ နောက်ဆုံးလာသောသူတို့ကစပြီး ပထမဦးဆုံးလာသောသူတို့အထိ သူတို့၏လုပ်အားခကိုပေးလော့’ဟု ဆိုလေ၏။
9 ထိုအခါ ညနေငါးနာရီခန့်တွင်ငှားထားသောသူတို့သည် လာ၍ ဒေနာရိတစ်ပြားစီရကြ၏။
10 ပထမဦးဆုံးငှားထားသောသူတို့သည်လည်း လာကြကာ မိမိတို့ပို၍ရလိမ့်မည်ဟု ထင်ကြ၏။ သို့သော် သူတို့သည်လည်း ဒေနာရိတစ်ပြားစီရကြ၏။
11 ထိုငွေကိုရရှိကြသောအခါ သူတို့က
12 ‘နောက်ဆုံးလာသော ဤသူတို့သည် တစ်နာရီမျှသာ အလုပ်လုပ်ခဲ့ကြသော်လည်း အရှင်သည် တစ်နေကုန် နေပူထဲတွင်အပင်ပန်းခံရသည့်အကျွန်ုပ်တို့နှင့် တန်းတူဖြစ်စေပါသည်တကား’ဟု ခြံပိုင်ရှင်အား မကျေမနပ်ပြောဆိုကြ၏။
13 သို့သော် ခြံပိုင်ရှင်က ထိုသူတို့အထဲမှတစ်ယောက်အား ‘အဆွေ၊ ငါသည် သင့်အပေါ်မတရားပြုသည်မဟုတ်။ သင်သည် ငါနှင့် ဒေနာရိတစ်ပြားနှုန်းဖြင့် သဘောတူသည်မဟုတ်လော။
14 သင်၏လုပ်အားခကို ယူ၍သွားလော့။ သင့်ကို ငါပေးသကဲ့သို့ နောက်ဆုံးလာသော ဤသူကိုလည်း ငါပေးလို၏။
15 ငါပိုင်ဆိုင်သောဥစ္စာဖြင့် ငါပြုလိုသည့်အရာကို ငါပြုပိုင်ခွင့်မရှိသလော။ သို့မဟုတ် ငါသည် သဘောကောင်းသောကြောင့် သင်သည် မရှုဆိတ်ဖြစ်နေသလော’ဟု ဆိုလေ၏။
16 ထိုနည်းတူ နောက်ဆုံးသောသူတို့သည် အဦးဆုံးဖြစ်ကြပြီး အဦးဆုံးသောသူတို့သည် နောက်ဆုံးဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
17 ယေရှုသည် ဂျေရုဆလင်မြို့သို့ တက်သွားတော်မူစဉ် လမ်းခရီး၌ တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကို သီးသန့်ခေါ်၍
18 “နားထောင်ကြလော့။ ငါတို့သည် ဂျေရုဆလင်မြို့သို့ သွားနေကြ၏။ လူ့သားသည် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာတို့ထံ အပ်နှံခြင်းခံရလိမ့်မည်။ သူတို့သည် သူ့ကို သေဒဏ်စီရင်ကြ၍
19 ပြောင်လှောင်ခြင်း၊ ဒဏ်ခတ်ရိုက်နှက်ခြင်းနှင့် လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်း စသည်တို့ကိုပြုစေရန် သူ့ကို လူမျိုးခြားတို့ထံ အပ်နှံကြလိမ့်မည်။ သို့သော် သုံးရက်မြောက်သောနေ့၌ သူသည် ထမြောက်လိမ့်မည်”ဟု မိန့်တော်မူ၏။
20 ထိုအခါ ဇေဗေဒဲ၏သားများ၏မိခင်သည် မိမိသားတို့နှင့်အတူ အထံတော်သို့ချဉ်းကပ်လာ၍ ရှိခိုးကာ တစ်စုံတစ်ခုကို ကိုယ်တော်ထံ တောင်းလျှောက်လေ၏။
21 ကိုယ်တော်ကလည်း “သင်သည် မည်သည့်အရာကို အလိုရှိသနည်း”ဟု မေးတော်မူလျှင် သူက “ကျွန်မ၏ဤသားနှစ်ယောက်တို့သည် ကိုယ်တော်၏နိုင်ငံတော်၌ လက်ယာတော်ဘက်တွင်တစ်ယောက်၊ လက်ဝဲတော်ဘက်တွင်တစ်ယောက် ထိုင်ရမည့်အကြောင်း အမိန့်ရှိတော်မူပါ”ဟု လျှောက်လေ၏။
22 သို့သော် ယေရှုက “သင်တို့သည် မည်သည့်အရာတောင်းနေသည်ကို သင်တို့မသိကြ။ ငါသောက်မည့်ခွက်ကို သင်တို့သောက်နိုင်သလော”ဟု မေးတော်မူလျှင် သူတို့က “အကျွန်ုပ်တို့သောက်နိုင်ပါသည်”ဟု ပြန်လျှောက်ကြ၏။
23 ကိုယ်တော်ကလည်း “ငါ၏ခွက်ကို သင်တို့သောက်ကြမည်မှန်၏။ သို့သော် ငါ၏လက်ယာဘက်နှင့်လက်ဝဲဘက်တို့၌ ထိုင်ရသောအခွင့်ကို ငါပေးသည်မဟုတ်။ ထိုနေရာသည် ငါ၏ခမည်းတော်ပြင်ဆင်ပေးထားသောသူတို့အတွက်သာဖြစ်၏”ဟု မိန့်တော်မူ၏။
24 တပည့်တော်ဆယ်ပါးတို့သည် ဤအကြောင်းကိုကြားသိလျှင် ထိုညီအစ်ကိုနှစ်ဦးတို့ကို စိတ်ဆိုးကြ၏။
25 သို့သော် ယေရှုသည် သူတို့ကိုခေါ်လျက် “လူမျိုးခြားတို့တွင် အုပ်ချုပ်သူတို့သည် ပြည်သူတို့အပေါ်စိုးမိုးခြယ်လှယ်ကြ၍ အကြီးအကဲတို့သည် သူတို့အပေါ်အာဏာသုံးတတ်ကြသည်ကို သင်တို့သိကြ၏။
26-28 သင်တို့အထဲ၌မူကား ထိုသို့မဖြစ်ရ။ လူ့သားသည် လုပ်ကျွေးပြုစုခြင်းကိုခံရန်မဟုတ်ဘဲ လုပ်ကျွေးပြုစုရန်နှင့် များစွာသောသူတို့အတွက် ရွေးနုတ်စရာအဖိုးအခအဖြစ် မိမိအသက်ကိုစွန့်ရန်လာသကဲ့သို့ သင်တို့တွင် အကြီးအကဲဖြစ်လိုသောသူသည် သင်တို့၏အစေခံဖြစ်ရမည်။ သင်တို့တွင် ခေါင်းဆောင်ဖြစ်လိုသောသူသည် သင်တို့၏အစေအပါးဖြစ်ရမည်”ဟု မိန့်တော်မူ၏။
29 ထို့နောက် သူတို့သည် ဂျေရိခေါမြို့မှ ထွက်ခွာလာကြရာ များစွာသောလူထုပရိသတ်သည် နောက်တော်သို့လိုက်ကြ၏။
30 ထိုစဉ် လမ်းဘေးတွင် ထိုင်နေသော မျက်မမြင်နှစ်ဦးသည် ယေရှုဖြတ်သွားတော်မူကြောင်းကြား၍ “သခင်ဘုရား၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်တို့ကို သနားတော်မူပါ”ဟု အော်ဟစ်ကြ၏။
31 လူထုပရိသတ်သည် သူတို့ကိုတိတ်ဆိတ်စွာနေရန် ဆူငေါက်ကြ၏။ သို့သော် သူတို့သည် “သခင်ဘုရား၊ ဒါဝိဒ်၏သားတော် အကျွန်ုပ်တို့ကို သနားတော်မူပါ”ဟု ပို၍အော်ဟစ်ကြ၏။
32 ထိုအခါ ယေရှုသည် ရပ်တန့်လျက် သူတို့ကိုခေါ်၍ “သင်တို့အတွက် မည်သည့်အမှုကို ပြုစေလိုကြသနည်း”ဟု မေးတော်မူ၏။
33 သူတို့ကလည်း “အကျွန်ုပ်တို့ကို မျက်စိမြင်အောင် ပြုလုပ်ပေးစေလိုပါ၏ သခင်ဘုရား”ဟု လျှောက်ကြ၏။
34 ယေရှုသည် ကြင်နာစိတ်ရှိ၍ သူတို့၏မျက်စိကို တို့တော်မူ၏။ ထိုခဏချင်းတွင် သူတို့သည် မျက်စိမြင်၍ နောက်တော်သို့လိုက်သွားကြ၏။