ရှင်​မဿဲ​ခ​ရစ်​ဝင် 9 MSB

အ​ပြစ်​များ​ခွင့်​လွှတ်​ပိုင်​ခွင့်

1 ထို့​နောက် ကိုယ်​တော်​သည် လှေ​ပေါ်​တက်​၍ ပင်​လယ်​ကို​ကူး​ပြီး​လျှင် မိ​မိ​နေ​ရပ်​မြို့​သို့​ကြွ​တော်​မူ​၏။

2 ထို​အ​ခါ လူ​တို့​သည် အိပ်​ရာ​ပေါ်​၌​လဲ​လျောင်း​နေ​သည့် လေ​ဖြတ်​သော​သူ​တစ်​ဦး​ကို အ​ထံ​တော်​သို့​သယ်​ဆောင်​လာ​ကြ​၏။ ယေ​ရှု​သည် ထို​သူ​တို့​၏​ယုံ​ကြည်​ခြင်း​ကို​မြင်​လျှင် လေ​ဖြတ်​သော​သူ​အား “ငါ့​သား၊ မ​စိုး​ရိမ်​နှင့်။ သင်​၏​အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ခံ​ရ​ပြီ”​ဟု မိန့်​တော်​မူ​၏။

3 ထို​အ​ခါ ကျမ်း​ပြု​ဆ​ရာ​အ​ချို့​တို့​က “ဤ​သူ​သည် ဘု​ရား​သ​ခင်​ကို​စော်​ကား​ပြော​ဆို​သည်”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

4 ယေ​ရှု​သည် သူ​တို့​၏​စဉ်း​စား​ဆင်​ခြင်​မှု​များ​ကို သိ​မြင်​တော်​မူ​၍ “အ​ဘယ်​ကြောင့် သင်​တို့​၏​စိတ်​နှ​လုံး​ထဲ​၌ မ​ကောင်း​သော​အ​ရာ​များ​ကို စဉ်း​စား​ဆင်​ခြင်​နေ​ကြ​သ​နည်း။

5 ‘သင်​၏​အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ခံ​ရ​ပြီ’​ဟု ဆို​ရန်​နှင့် ‘ထ​၍ လမ်း​လျှောက်​လော့’​ဟု ဆို​ရန် မည်​သည့်​အ​ရာ​က ပို​၍​လွယ်​ကူ​သ​နည်း။

6 သို့​သော် လူ့​သား​သည် မြေ​ကြီး​ပေါ်​၌ အ​ပြစ်​များ​ခွင့်​လွှတ်​ပိုင်​ခွင့်​ရှိ​ကြောင်း သင်​တို့​သိ​စေ​ရန်”​ဟု မိန့်​တော်​မူ​ပြီး​လျှင် လေ​ဖြတ်​သော​သူ​အား “ထ​လော့။ သင်​၏​အိပ်​ရာ​ကို​ဆောင်​ယူ​၍ အိမ်​သို့​ပြန်​လော့”​ဟု မိန့်​တော်​မူ​၏။

7 ထို​အ​ခါ လေ​ဖြတ်​သော​သူ​သည် ထ​၍ မိ​မိ​အိမ်​သို့​ပြန်​သွား​လေ​၏။

8 ဤ​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင်​သော လူ​ထု​ပ​ရိ​သတ်​တို့​သည် ကြောက်​ရွံ့​လျက် လူ​တို့​အား ဤ​သို့​သော​အ​ခွင့်​အာ​ဏာ​ကို ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​ကြ​၏။

မဿဲ​ကို​ခေါ်​ယူ​တော်​မူ​ခြင်း

9 ထို့​နောက် ယေ​ရှု​သည် ထို​အ​ရပ်​မှ​ကြွ​တော်​မူ​စဉ် အ​ခွန်​ကောက်​ခံ​ရာ​စ​ခန်း​တွင်​ထိုင်​နေ​သည့် မဿဲ​ဟု​ခေါ်​သော​သူ​တစ်​ဦး​ကို​မြင်​၍ “ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်​မူ​သော် သူ​သည်​ထ​၍ နောက်​တော်​သို့​လိုက်​လေ​၏။

10 ထို့​နောက် ကိုယ်​တော်​သည် အိမ်​ထဲ​တွင် စား​ပွဲ​၌​ထိုင်​တော်​မူ​စဉ် များ​စွာ​သော​အ​ခွန်​ကောက်​ခံ​သူ​တို့​နှင့်​အ​ပြစ်​သား​တို့​သည် ရောက်​လာ​၍ တ​ပည့်​တော်​တို့​နှင့်​တ​ကွ ယေ​ရှု​နှင့်​အ​တူ စား​သောက်​ပွဲ​၌​ထိုင်​ကြ​၏။

11 ထို​အ​ခြင်း​အ​ရာ​ကို ဖာ​ရိ​ရှဲ​တို့​မြင်​လျှင် တ​ပည့်​တော်​တို့​အား “သင်​တို့​၏​ဆ​ရာ​သည် အ​ဘယ်​ကြောင့် အ​ခွန်​ကောက်​ခံ​သူ​များ၊ အ​ပြစ်​သား​များ​နှင့်​အ​တူ စား​သောက်​သ​နည်း”​ဟု မေး​မြန်း​ကြ​၏။

12 ကိုယ်​တော်​သည် ထို​စ​ကား​ကို​ကြား​လျှင် “ကျန်း​မာ​သော​သူ​တို့​သည် ဆေး​ဆ​ရာ​ကို မ​လို​အပ်​ကြ​ပေ။ နာ​မ​ကျန်း​ဖြစ်​သော​သူ​တို့​သာ​လျှင် လို​အပ်​ကြ​၏။

13 ‘ငါ​သည် ယဇ်​ပူ​ဇော်​ခြင်း​ကို​မ​ဟုတ်​ဘဲ က​ရု​ဏာ​ကို အ​လို​ရှိ​၏’​ဟူ​သော​ကျမ်း​စ​ကား​သည် မည်​သည့်​အ​ရာ​ကို​ဆို​လို​ကြောင်း သွား​၍​သင်​ယူ​ကြ​လော့။ အ​ကြောင်း​မူ​ကား ဖြောင့်​မတ်​သော​သူ​တို့​ကို​ခေါ်​ရန် ငါ​လာ​သည်​မ​ဟုတ်။ အ​ပြစ်​သား​တို့​ကို​ခေါ်​ရန်​ငါ​လာ​၏”​ဟု မိန့်​တော်​မူ​၏။

အ​စာ​ရှောင်​ခြင်း​နှင့်​ဆိုင်​သော​မေး​ခွန်း

14 ထို့​နောက် ယော​ဟန်​၏​တ​ပည့်​များ​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်​လာ​၍ “အ​ကျွန်ုပ်​တို့​နှင့်​ဖာ​ရိ​ရှဲ​တို့​သည် မ​ကြာ​ခ​ဏ အ​စာ​ရှောင်​ကြ​သော်​လည်း ကိုယ်​တော်​၏​တ​ပည့်​တော်​များ​သည် အ​ဘယ်​ကြောင့် အ​စာ​မ​ရှောင်​ကြ​သ​နည်း”​ဟု မေး​လျှောက်​ကြ​၏။

15 ယေ​ရှု​က​လည်း “သ​တို့​သား​၏​ဆွေ​မျိုး​မိတ်သင်္ဂ​ဟ​များ​သည် သ​တို့​သား​နှင့်​အ​တူ​ရှိ​နေ​သ​ရွေ့ ဝမ်း​နည်း​ကြေ​ကွဲ​နိုင်​ကြ​မည်​လော။ သို့​သော် သ​တို့​သား​ကို သူ​တို့​ထံ​မှ ခေါ်​ဆောင်​သွား​မည့်​နေ့​ရက်​များ ရောက်​လာ​လိမ့်​မည်။ ထို​အ​ခါ သူ​တို့​သည် အ​စာ​ရှောင်​ကြ​လိမ့်​မည်။

16 မည်​သူ​မျှ အ​ဝတ်​အ​ဟောင်း​ကို ပိတ်​စ​အ​သစ်​ဖြင့် ဖာ​လေ့​မ​ရှိ။ အ​ကြောင်း​မူ​ကား ဖာ​ထား​သော​ပိတ်​စ​သည် အ​ဝတ်​ကို​ရုန်း​သ​ဖြင့် စုတ်​ပြဲ​သည့်​နေ​ရာ​သည် ပို​၍​ဆိုး​လာ​လိမ့်​မည်။

17 စ​ပျစ်​ဝိုင်​အ​သစ်​ကို​လည်း သား​ရေ​ဘူး​အ​ဟောင်း​၌​ထည့်​လေ့​မ​ရှိ။ ထို​သို့​ပြု​လျှင် သား​ရေ​ဘူး​သည် ပေါက်​ပြဲ​သ​ဖြင့် စ​ပျစ်​ဝိုင်​ယို​ထွက်​ကာ သား​ရေ​ဘူး​လည်း ပျက်​စီး​သွား​လိမ့်​မည်။ စ​ပျစ်​ဝိုင်​အ​သစ်​ကို သား​ရေ​ဘူး​အ​သစ်​၌​သာ ထည့်​ကြ​၏။ ထို​သို့​ပြု​လျှင် နှစ်​မျိုး​စ​လုံး​ကို တာ​ရှည်​ထိန်း​သိမ်း​နိုင်​၏”​ဟု မိန့်​တော်​မူ​၏။

အ​သက်​ပြန်​ရှင်​သည့်​သူ​ငယ်​မ​နှင့် ရော​ဂါ​ပျောက်​ကင်း​သော​အ​မျိုး​သ​မီး

18 ကိုယ်​တော်​သည် ဤ​အ​ကြောင်း​အ​ရာ​များ​ကို​မြွက်​ဆို​တော်​မူ​စဉ် အ​ကြီး​အ​ကဲ​တစ်​ဦး​သည်​လာ​၍ ကိုယ်​တော်​ကို​ရှိ​ခိုး​လျက် “အ​ကျွန်ုပ်​၏​သ​မီး​သည် ယ​ခု​ပင်​သေ​ဆုံး​သွား​ပါ​သည်။ သို့​သော် ကြွ​လာ​၍ ကိုယ်​တော်​၏​လက်​တော်​ကို သူ့​အ​ပေါ်​တင်​တော်​မူ​လျှင် အ​သက်​ရှင်​လာ​ပါ​လိမ့်​မည်”​ဟု လျှောက်​လေ​၏။

19 ထို့​ကြောင့် ယေ​ရှု​သည် ထ​၍ ထို​သူ​၏​နောက်​သို့ လိုက်​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​လည်း အ​တူ​တ​ကွ​လိုက်​သွား​ကြ​၏။

20-21 ထို​အ​ခါ တစ်​ဆယ့်​နှစ်​နှစ်​ပတ်​လုံး သွေး​သွန်​ရော​ဂါ​စွဲ​ကပ်​နေ​သော​အ​မျိုး​သ​မီး​တစ်​ဦး​သည် “ကိုယ်​တော်​၏​ဝတ်​ရုံ​တော်​ကို တို့​ထိ​ရ​လျှင်​ပင် ရော​ဂါ​ပျောက်​ကင်း​လိမ့်​မည်”​ဟု မိ​မိ​စိတ်​ထဲ​၌​ဆို​လျက် ကိုယ်​တော်​၏​နောက်​တော်​သို့​ချဉ်း​ကပ်​ပြီး ဝတ်​ရုံ​တော်​၏​ပန်း​ဖွား​ကို တို့​ထိ​လေ​၏။

22 ယေ​ရှု​သည် လှည့်​ကြည့်​၍ သူ့​ကို​မြင်​တော်​မူ​လျှင် “သ​မီး၊ မ​စိုး​ရိမ်​နှင့်။ သင်​၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို​ကျန်း​မာ​စေ​ပြီ”​ဟု မိန့်​တော်​မူ​၏။ ထို​အ​ချိန်​မှ​စ​၍ ထို​အ​မျိုး​သ​မီး​သည် ကျန်း​မာ​လာ​လေ​၏။

23 ထို့​နောက် ယေ​ရှု​သည် ထို​အ​ကြီး​အ​ကဲ​၏​အိမ်​သို့​ရောက်​တော်​မူ​၍ ပ​လွေ​မှုတ်​သူ​များ​နှင့် ရုတ်​ရုတ်​သဲ​သဲ​ဖြစ်​နေ​သော​လူ​အ​စု​အ​ဝေး​တို့​ကို​မြင်​လျှင်

24 “ဖယ်​ကြ​လော့။ မိန်း​က​လေး​သေ​သည်​မ​ဟုတ်။ အိပ်​ပျော်​နေ​ခြင်း​သာ​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။ ထို​အ​ခါ သူ​တို့​သည် ကိုယ်​တော်​ကို​လှောင်​ပြောင်​ရယ်​မော​ကြ​၏။

25 သို့​သော် ကိုယ်​တော်​သည် လူ​အ​စု​အ​ဝေး​တို့​ကို အ​ပြင်​သို့​ထွက်​စေ​ပြီး​နောက် အ​ထဲ​သို့​ဝင်​၍ မိန်း​က​လေး​၏​လက်​ကို​ကိုင်​တော်​မူ​ရာ မိန်း​က​လေး​သည်​ထ​လေ​၏။

26 ဤ​သ​တင်း​သည်​လည်း ထို​နယ်​တစ်​နယ်​လုံး​သို့ ပျံ့​နှံ့​သွား​၏။

မျက်​မ​မြင်​ကို​မျက်​စိ​ပြန်​မြင်​စေ​တော်​မူ​ခြင်း

27 ယေ​ရှု​သည် ထို​အ​ရပ်​မှ​ကြွ​တော်​မူ​စဉ် မျက်​မ​မြင်​နှစ်​ဦး​တို့​သည် “ဒါ​ဝိဒ်​၏​သား​တော်၊ အ​ကျွန်ုပ်​တို့​ကို သ​နား​တော်​မူ​ပါ”​ဟု အော်​ဟစ်​လျက်​ကိုယ်​တော်​၏​နောက်​မှ​လိုက်​လာ​ကြ​၏။

28 အိမ်​ထဲ​သို့ ဝင်​တော်​မူ​သော​အ​ခါ ထို​မျက်​မ​မြင်​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​လာ​ကြ​၏။ ယေ​ရှု​က​လည်း “ဤ​အ​ရာ​ကို ငါ​လုပ်​နိုင်​သည်​ဟု သင်​တို့​ယုံ​ကြည်​ကြ​သ​လော”​ဟု မေး​တော်​မူ​လျှင် သူ​တို့​က “ယုံ​ကြည်​ပါ​၏ သ​ခင်​ဘု​ရား”​ဟု ပြန်​လျှောက်​ကြ​၏။

29 ထို​အ​ခါ ယေ​ရှု​သည် သူ​တို့​၏​မျက်​စိ​ကို​တို့​လျက် “သင်​တို့​၏​ယုံ​ကြည်​ခြင်း​အ​တိုင်း သင်​တို့​၌​ဖြစ်​စေ”​ဟု မိန့်​တော်​မူ​သော်

30 သူ​တို့​သည် မျက်​စိ​မြင်​လာ​လေ​၏။ ယေ​ရှု​က​လည်း “မည်​သူ​မျှ​မ​သိ​စေ​ရန် သ​တိ​ပြု​ကြ​လော့”​ဟု သူ​တို့​အား တင်း​ကျပ်​စွာ​မှာ​ကြား​တော်​မူ​၏။

31 သို့​သော် သူ​တို့​သည် ထွက်​သွား​၍ ကိုယ်​တော်​၏​သ​တင်း​ကို ထို​နယ်​တစ်​နယ်​လုံး​၌ ပျံ့​နှံ့​စေ​ကြ​၏။

နတ်​ဆိုး​ကို​နှင်​ထုတ်​တော်​မူ​ခြင်း

32 ထို​သူ​တို့​ထွက်​ခွာ​သွား​ကြ​စဉ် နတ်​ဆိုး​ပူး​သည့် ဆွံ့​အ​သော​သူ​တစ်​ဦး​ကို အ​ထံ​တော်​သို့​ခေါ်​ဆောင်​လာ​ကြ​၏။

33 နတ်​ဆိုး​ကို​နှင်​ထုတ်​တော်​မူ​သော​အ​ခါ ဆွံ့​အ​သော​သူ​သည် စ​ကား​ပြော​လေ​၏။ လူ​ထု​ပ​ရိ​သတ်​တို့​သည်​အံ့​ဩ​၍ “အစ္စ​ရေး​ပြည်​၌ ဤ​ကဲ့​သို့​သော​အ​ဖြစ်​ကို မ​မြင်​ဖူး​ပါ”​ဟု ပြော​ဆို​ကြ​၏။

34 သို့​သော် ဖာ​ရိ​ရှဲ​တို့​က “သူ​သည် နတ်​ဆိုး​တို့​၏​အ​ကြီး​အ​ကဲ​ကို​အ​မှီ​ပြု​၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​နေ​သည်”​ဟု ပြော​ဆို​ကြ​၏။

ရိတ်​သိမ်း​ခြင်း​၏​အ​ရှင်

35 ထို့​နောက် ယေ​ရှု​သည် မြို့​ရွာ​အား​လုံး​ကို​လှည့်​လည်​၍ ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​၌ သွန်​သင်​လျက် နိုင်​ငံ​တော်​နှင့်​ဆိုင်​သည့်​ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​ကာ ရော​ဂါ​အ​မျိုး​မျိုး​နှင့် အ​ဖျား​အ​နာ​ရှိ​သ​မျှ​တို့​ကို ပျောက်​ကင်း​စေ​တော်​မူ​၏။

36 ကိုယ်​တော်​သည် လူ​ထု​ပ​ရိ​သတ်​တို့​ကို​မြင်​လျှင် သူ​တို့​သည် သိုး​ထိန်း​မ​ရှိ​သော​သိုး​များ​ကဲ့​သို့ ပစ်​ထား​ခြင်း​ခံ​ရ​၍ စိတ်​ပင်​ပန်း​နွမ်း​နယ်​နေ​ကြ​သော​ကြောင့် သူ​တို့​အ​ပေါ်​ကြင်​နာ​စိတ်​ရှိ​တော်​မူ​၏။

37 ထို​အ​ခါ ကိုယ်​တော်​က “ရိတ်​သိမ်း​စ​ရာ​များ​စွာ​ရှိ​သော်​လည်း လုပ်​သား​တို့​သည်​နည်း​လှ​၏။

38 ထို့​ကြောင့် ရိတ်​သိမ်း​ခြင်း​အ​တွက် လုပ်​သား​များ​ကို စေ​လွှတ်​ပေး​တော်​မူ​ရန် ရိတ်​သိမ်း​ခြင်း​၏​အ​ရှင်​ထံ ဆု​တောင်း​ကြ​လော့”​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28