ရှင်​မဿဲ​ခ​ရစ်​ဝင် 11 MSB

ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​အ​ကြောင်း​မိန့်​တော်​မူ​ခြင်း

1 ယေ​ရှု​သည် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​ကို မိန့်​မှာ​တော်​မူ​ပြီး​သော​အ​ခါ သူ​တို့​၏​မြို့​များ​တွင် သွန်​သင်​ရန်​နှင့်​ဟော​ပြော​ရန် ထို​အ​ရပ်​မှ ထွက်​ခွာ​တော်​မူ​၏။

2 ယော​ဟန်​သည် ခ​ရစ်​တော်​ပြု​တော်​မူ​သော​အ​မှု​များ​ကို ထောင်​ခန်း​ထဲ​၌​ကြား​ရ​သော​အ​ခါ မိ​မိ​တ​ပည့်​တို့​ကို​စေ​လွှတ်​၍

3 “ကိုယ်​တော်​သည် ကြွ​လာ​တော်​မူ​သော​အ​ရှင်​ဖြစ်​ပါ​သ​လော။ သို့​မ​ဟုတ် အ​ခြား​သော​သူ​ကို စောင့်​မျှော်​ရ​ပါ​မည်​လော”​ဟု မေး​လျှောက်​စေ​၏။

4 ယေ​ရှု​က​လည်း ထို​သူ​တို့​အား “သင်​တို့​ကြား​ရ၊ မြင်​ရ​သ​မျှ​တို့​ကို သွား​၍ ယော​ဟန်​အား ပြော​ပြ​ကြ​လော့။

5 မျက်​မ​မြင်​တို့​သည် မျက်​စိ​မြင်​ကြ​ရ​၏။ ခြေ​မ​သန်​စွမ်း​သူ​တို့​သည် လမ်း​လျှောက်​ကြ​ရ​၏။ အ​နာ​ကြီး​ရော​ဂါ​သည်​တို့​သည် စင်​ကြယ်​ခြင်း​သို့​ရောက်​ကြ​၏။ နား​မ​ကြား​သော​သူ​တို့​သည် ကြား​ကြ​ရ​၏။ သေ​သော​သူ​တို့​သည် ထ​မြောက်​စေ​ခြင်း​ကို​ခံ​ရ​ကြ​၏။ ဆင်း​ရဲ​သား​တို့​သည် ကောင်း​မြတ်​သော​သ​တင်း​ကို ကြား​ကြ​ရ​၏။

6 ငါ့​ကြောင့် စိတ်​မ​ပျက်​သော​သူ​သည် မင်္ဂ​လာ​ရှိ​၏”​ဟု မိန့်​တော်​မူ​၏။

7 ထို​သူ​တို့​ပြန်​သွား​ကြ​သော​အ​ခါ ယေ​ရှု​သည် လူ​ထု​ပ​ရိ​သတ်​တို့​အား ယော​ဟန်​နှင့်​ပတ်​သက်​၍ မြွက်​ဆို​တော်​မူ​သည်​မှာ “သင်​တို့​သည် မည်​သည့်​အ​ရာ​ကို​ကြည့်​ရှု​ရန် တော​ကန္တာ​ရ​သို့ ထွက်​သွား​ကြ​သ​နည်း။ လေ​တိုက်​၍​လှုပ်​နေ​သော​ကျူ​ပင်​ကို​လော။

8 သို့​မ​ဟုတ်​လျှင် မည်​သည့်​အ​ရာ​ကို​ကြည့်​ရှု​ရန် ထွက်​သွား​ကြ​သ​နည်း။ နူး​ညံ့​သော​အ​ဝတ်​များ​ဝတ်​ဆင်​ထား​သော​သူ​ကို​လော။ နူး​ညံ့​သော​အ​ဝတ်​များ​ဝတ်​ဆင်​ထား​သော​သူ​တို့​သည် ဘု​ရင့်​နန်း​တော်​များ​၌​ရှိ​ကြ​၏။

9 ထို​သို့​မ​ဟုတ်​လျှင် မည်​သည့်​အ​ရာ​ကို​ကြည့်​ရှု​ရန် ထွက်​သွား​ကြ​သ​နည်း။ ပ​ရော​ဖက်​ကို​လော။ မှန်​ပေ​၏။ ပ​ရော​ဖက်​ထက်​ပင် ကြီး​မြတ်​သော​သူ​ဖြစ်​သည်​ဟု သင်​တို့​အား ငါ​ဆို​၏။

10 ‘ကြည့်​ရှု​လော့။ သင့်​ရှေ့​၌​သင်​၏​လမ်း​ကို​ပြင်​ဆင်​မည့် ငါ​၏​စေ​တ​မန်​ကို သင့်​ထက်​အ​လျင်​ဦး​စွာ​ငါ​စေ​လွှတ်​မည်’​ဟု ကျမ်း​စာ​၌​ရေး​ထား​သည်​မှာ ဤ​သူ​၏​အ​ကြောင်း​ပင်​ဖြစ်​၏။

11 သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ မိန်း​မ​တို့​မှ မွေး​ဖွား​လာ​သော​သူ​တို့​တွင် ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ထက် ကြီး​မြတ်​သော​သူ​တစ်​ယောက်​မျှ မ​ပေါ်​ထွန်း​ခဲ့​ဖူး​ပေ။ သို့​သော် ကောင်း​ကင်​နိုင်​ငံ​တော်​၌ အ​ငယ်​ဆုံး​သော​သူ​သည် သူ့​ထက်​ကြီး​မြတ်​၏။

12 ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​လက်​ထက်​မှ ယ​ခု​တိုင်​အောင် ကောင်း​ကင်​နိုင်​ငံ​တော်​သည် အ​တင်း​တိုး​ဝင်​ခြင်း​ကို​ခံ​ရ​လျက် အ​တင်း​တိုး​ဝင်​သော​သူ​တို့​သည် ၎င်း​ကို​လု​ယူ​ဝင်​စား​ကြ​၏။

13 အ​ကြောင်း​မူ​ကား ပ​ရော​ဖက်​ကျမ်း​များ​နှင့်​ပ​ညတ်​တ​ရား​ကျမ်း​ရှိ​သ​မျှ​တို့​သည် ယော​ဟန်​လက်​ထက်​တိုင်​အောင် ပ​ရော​ဖက်​ပြု​ဟော​ပြော​ခဲ့​ကြ​၏။

14 သင်​တို့​သည် လက်​ခံ​ရန် ဆန္ဒ​ရှိ​လျှင် ဤ​သူ​သည် ပေါ်​ထွန်း​လာ​ရ​မည့် ဧ​လိ​ယ​ဖြစ်​၏။

15 နား​ရှိ​သော​သူ​သည် ကြား​ပါ​စေ။

16 သို့​သော် ဤ​ခေတ်​ကာ​လ​ကို မည်​သည့်​အ​ရာ​နှင့် ခိုင်း​နှိုင်း​ရ​မည်​နည်း။ ၎င်း​တို့​သည် ဈေး​အ​ရပ်​၌​ထိုင်​လျက် မိ​မိ​သူ​ငယ်​ချင်း​တို့​အား

17 ‘ငါ​တို့​သည် သင်​တို့​အ​တွက် ပ​လွေ​မှုတ်​ပေး​သော်​လည်း သင်​တို့​သည် မ​က​ကြ။ ငို​ချင်း​ကို​ဖွဲ့​နွဲ့​သီ​ဆို​သော်​လည်း သင်​တို့​သည် မ​မြည်​တမ်း​ကြ’​ဟု လှမ်း​၍​ပြော​ဆို​နေ​ကြ​သော က​လေး​သူ​ငယ်​များ​နှင့်​တူ​၏။

18 အ​ကြောင်း​မူ​ကား ယော​ဟန်​သည်​ရောက်​လာ​၍ မ​စား​မ​သောက်​ဘဲ​နေ​သော် ‘သူ​၌​နတ်​ဆိုး​ပူး​နေ​သည်’​ဟု ဆို​ကြ​၏။

19 လူ့​သား​သည် ရောက်​လာ​၍ စား​သောက်​လျက်​နေ​သော် ‘ကြည့်​ရှု​လော့။ သူ​သည် အ​စား​ကြူး​သော​သူ၊ သေ​သောက်​ကြူး​သော​သူ​ဖြစ်​ပြီး အ​ခွန်​ကောက်​ခံ​သူ​များ​နှင့် အ​ပြစ်​သား​တို့​၏​အ​ပေါင်း​အ​သင်း​ဖြစ်​ပါ​သည်​တ​ကား’​ဟု ဆို​ကြ​ပြန်​၏။ သို့​သော် ဉာဏ်​ပ​ညာ​သည် ဖြောင့်​မတ်​ကြောင်း မိ​မိ​၏​လုပ်​ဆောင်​မှု​များ​က ဖော်​ပြ​၏”​ဟု မိန့်​တော်​မူ​၏။

နောင်​တ​မ​ရ​ခဲ့​သော​မြို့​များ

20 ထို့​နောက် တန်​ခိုး​လက္ခ​ဏာ​အ​များ​စု​ပြု​တော်​မူ​ရာ​မြို့​များ​သည် နောင်​တ​မ​ရ​သော​ကြောင့် ကိုယ်​တော်​သည် ထို​မြို့​တို့​ကို​ပြစ်​တင်​ပြော​ဆို​လျက်

21 “ခေါ​ရာ​ဇိန်​မြို့၊ သင်​သည် အမင်္ဂ​လာ​ရှိ​၏။ ဗက်​ဇဲ​ဒ​မြို့၊ သင်​သည် အမင်္ဂ​လာ​ရှိ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​၌​ပြု​ခဲ့​သော​တန်​ခိုး​လက္ခ​ဏာ​များ​ကို တိုင်​ရာ​မြို့​နှင့်​ဆီ​ဒုန်​မြို့​တို့​၌​ပြု​ခဲ့​လျှင် သူ​တို့​သည် ရှေး​ယ​ခင်​က​ပင် လျှော်​တေ​အ​ဝတ်​ကို​ဝတ်​လျက် ပြာ​နှင့်​လူး​ကာ နောင်​တ​ရ​ခဲ့​ကြ​ပေ​လိမ့်​မည်။

22 သို့​သော် သင်​တို့​အား ငါ​ဆို​မည်။ တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ တိုင်​ရာ​မြို့​နှင့်​ဆီ​ဒုန်​မြို့​တို့​သည် သင်​တို့​ထက် ခံ​သာ​ကြ​လိမ့်​မည်။

23 က​ပေ​ရ​နောင်​မြို့၊ သင်​သည် ကောင်း​ကင်​အ​ထိ ချီး​မြှောက်​ခြင်း​ကို​ခံ​ရ​ပါ​မည်​လော။ သင်​သည် မ​ရ​ဏာ​နိုင်​ငံ​တိုင်​အောင် ကျ​ဆင်း​ရ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား သင်​၌​ပြု​ခဲ့​သော​တန်​ခိုး​လက္ခ​ဏာ​များ​ကို သော​ဒုံ​မြို့​၌ ပြု​ခဲ့​လျှင် ထို​မြို့​သည် ယ​နေ့​တိုင်​အောင် တည်​ရှိ​ခဲ့​ပေ​လိမ့်​မည်။

24 သို့​သော် သင်​တို့​အား ငါ​ဆို​မည်။ တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ သော​ဒုံ​မြို့​သည် သင့်​ထက် ခံ​သာ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

ငြိမ်​သက်​ချမ်း​သာ​မှု​ကို​ပေး​သော​အ​ရှင်

25 ထို​အ​ချိန်​တွင် ယေ​ရှု​က “ကောင်း​ကင်​နှင့်​မြေ​ကြီး​၏​အ​ရှင်​သ​ခင်​ဖြစ်​တော်​မူ​သော​အ​ဖ၊ ကိုယ်​တော်​သည် ပ​ညာ​ရှိ​များ​နှင့်​ဉာဏ်​ထက်​မြက်​သော​သူ​တို့​အား ဤ​အ​ရာ​များ​ကို​ကွယ်​ဝှက်​ထား​လျက် က​လေး​သူ​ငယ်​တို့​ကို​ဖွင့်​ပြ​တော်​မူ​သော​ကြောင့် ကိုယ်​တော်​ကို​ချီး​မွမ်း​ပါ​၏။

26 မှန်​ပါ​၏ အ​ဖ။ ဤ​သည်​ကား ရှေ့​တော်​၌ နှစ်​သက်​တော်​မူ​သော​အ​ရာ​ဖြစ်​ပါ​၏။’

27 ငါ​၏​ခ​မည်း​တော်​သည် အ​ရာ​ခပ်​သိမ်း​တို့​ကို ငါ့​အား​အပ်​နှင်း​တော်​မူ​ပြီ။ ခ​မည်း​တော်​မှ​တစ်​ပါး မည်​သူ​မျှ သား​တော်​ကို​မ​သိ။ ခ​မည်း​တော်​ကို​လည်း သား​တော်​နှင့် သား​တော်​က​ဖွင့်​ပြ​လို​သော​သူ​တို့​မှ​တစ်​ပါး အ​ခြား​မည်​သူ​မျှ​မ​သိ။

28 ဝန်​လေး​၍​ပင်​ပန်း​သော​သူ​အ​ပေါင်း​တို့၊ ငါ့​ထံ​သို့​လာ​ကြ​လော့။ ငါ​သည် သင်​တို့​အား​ငြိမ်​သက်​ချမ်း​သာ​မှု​ကို​ပေး​မည်။

29 ငါ​သည် နူး​ညံ့​သိမ်​မွေ့​လျက် နှိမ့်​ချ​သော​စိတ်​နှ​လုံး​ရှိ​သော​ကြောင့် ငါ့​ထမ်း​ပိုး​ကို​ယူ​၍​ထမ်း​ကာ ငါ့​ထံ​၌​နည်း​ခံ​ကြ​လော့။ ထို​အ​ခါ သင်​တို့​၏​စိတ်​ဝိ​ညာဉ်​သည် သက်​သာ​ရာ​ရ​လိမ့်​မည်။

30 အ​ကြောင်း​မူ​ကား ငါ့​ထမ်း​ပိုး​သည် ထမ်း​ရ​လွယ်​၏။ ငါ့​ဝန်​လည်း ပေါ့​၏”​ဟု မိန့်​တော်​မူ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28