ရှင်​မဿဲ​ခ​ရစ်​ဝင် 25 MSB

1 ထို​ကာ​လ​၌ ကောင်း​ကင်​နိုင်​ငံ​တော်​သည် မိ​မိ​တို့​မီး​ခွက်​များ​ကို​ယူ​ဆောင်​လျက် သ​တို့​သား​ကို​ကြို​ဆို​ရန် ထွက်​သွား​သည့် အ​ပျို​က​ညာ​ဆယ်​ယောက်​နှင့်​တူ​လိမ့်​မည်။

2 ထို​သူ​တို့​ထဲ​မှ ငါး​ယောက်​သည် မိုက်​မဲ​သော​သူ​ဖြစ်​ကြ​ပြီး ငါး​ယောက်​သည် ပ​ညာ​သ​တိ​ရှိ​သော​သူ​ဖြစ်​ကြ​၏။

3 မိုက်​မဲ​သော​သူ​တို့​သည် မိ​မိ​တို့​၏​မီး​ခွက်​ကို ယူ​သွား​ကြ​သော်​လည်း မိ​မိ​တို့​နှင့်​အ​တူ ဆီ​ကို​မ​ယူ​သွား​ကြ။

4 ပ​ညာ​သ​တိ​ရှိ​သော​သူ​တို့​မူ​ကား မိ​မိ​တို့​မီး​ခွက်​နှင့်​အ​တူ ဆီ​ကို ဘူး​ထဲ​၌​ယူ​သွား​ကြ​၏။

5 သ​တို့​သား​သည် ကြန့်​ကြာ​နေ​သော​ကြောင့် သူ​တို့​အား​လုံး​သည် ငိုက်​မျဉ်း​၍ အိပ်​ပျော်​ကြ​၏။

6 ည​သန်း​ခေါင်​၌ ‘ကြည့်​ရှု​လော့။ သ​တို့​သား​ရောက်​လာ​ပြီ။ သူ့​ကို​ကြို​ဆို​ရန် ထွက်​ခဲ့​ကြ​လော့’​ဟူ​သော​အော်​ဟစ်​သံ​ထွက်​ပေါ်​လာ​ရာ

7 အ​ပျို​က​ညာ​အား​လုံး​တို့​သည် ထ​၍ မိ​မိ​တို့​၏​မီး​ခွက်​များ​ကို ပြင်​ဆင်​ကြ​၏။

8 ထို​အ​ခါ မိုက်​မဲ​သော​သူ​တို့​က ‘ငါ​တို့​မီး​ခွက်​များ​မီး​ငြိမ်း​တော့​မည်​ဖြစ်​၍ သင်​တို့​၏​ဆီ​အ​ချို့​ကို ငါ​တို့​အား​ပေး​ကြ​ပါ’​ဟု ပ​ညာ​သ​တိ​ရှိ​သော​သူ​တို့​ကို​ပြော​ကြ​၏။

9 သို့​သော် ပ​ညာ​သ​တိ​ရှိ​သော​သူ​တို့​က ‘ထို​သို့​ပြု​လျှင် သင်​တို့​နှင့်​ငါ​တို့​အ​တွက် လုံ​လောက်​မည်​မ​ဟုတ်​ပါ။ ဆီ​ရောင်း​သော​သူ​တို့​ထံ​သို့​သာ​သွား​၍ မိ​မိ​တို့​အ​တွက် ဝယ်​ယူ​ကြ​ပါ’​ဟု ပြန်​ပြော​ကြ​၏။

10 သူ​တို့​သွား​၍ ဝယ်​နေ​ကြ​စဉ် သ​တို့​သား​ရောက်​လာ​သ​ဖြင့် အ​သင့်​ရှိ​နေ​သော​သူ​တို့​သည် သ​တို့​သား​နှင့်​အ​တူ မင်္ဂ​လာ​ဆောင်​ပွဲ​သို့​ဝင်​ကြ​၏။ ထို​အ​ခါ တံ​ခါး​ကို​ပိတ်​ကြ​၏။

11 ထို့​နောက် အ​ခြား​သော​အ​ပျို​က​ညာ​တို့​သည်​လည်း ရောက်​လာ​၍ ‘အ​ရှင်၊ အ​ရှင်၊ ကျွန်​မ​တို့​အား တံ​ခါး​ဖွင့်​ပေး​ပါ’​ဟု ဆို​ကြ​၏။

12 သို့​သော် သ​တို့​သား​က ‘သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ သင်​တို့​ကို ငါ​မ​သိ’​ဟု ပြန်​ပြော​လေ​၏။

13 သို့​ဖြစ်​၍ သ​တိ​နှင့်​စောင့်​နေ​ကြ​လော့။ အ​ကြောင်း​မူ​ကား ထို​နေ့​ရက်​နှင့် ထို​အ​ချိန်​နာ​ရီ​ကို သင်​တို့​မ​သိ​ကြ။

14 ဤ​သည်​ကား ခ​ရီး​ထွက်​မည့်​လူ​တစ်​ဦး​သည် မိ​မိ​၏​အ​စေ​အ​ပါး​တို့​ကို​ခေါ်​၍ သူ​၏​ဥစ္စာ​ပစ္စည်း​များ​ကို သူ​တို့​အား​အပ်​နှင်း​ခဲ့​သည်​နှင့်​တူ​၏။

15 သူ​သည် အ​စေ​အ​ပါး​အ​သီး​သီး​တို့​အား သူ​တို့​၏​အ​ရည်​အ​ချင်း​နှင့်​အ​ညီ တစ်​ဦး​ကို​ငါး​တာ​လန်၊ အ​ခြား​တစ်​ဦး​ကို​နှစ်​တာ​လန်​နှင့် နောက်​တစ်​ဦး​ကို​တစ်​တာ​လန် စ​သည်​ဖြင့် ပေး​အပ်​ပြီး​လျှင် ခ​ရီး​ထွက်​လေ​၏။

16 ငါး​တာ​လန်​ရ​သော​သူ​သည် ချက်​ချင်း​သွား​၍ ထို​ငွေ​များ​ဖြင့်​ကုန်​သွယ်​လျက် နောက်​ထပ် ငါး​တာ​လန်​အ​မြတ်​ရ​လေ​၏။

17 ထို​နည်း​တူ နှစ်​တာ​လန်​ရ​သော​သူ​သည်​လည်း နောက်​ထပ် နှစ်​တာ​လန်​အ​မြတ်​ရ​လေ​၏။

18 တစ်​တာ​လန်​ရ​သော​သူ​မူ​ကား သွား​၍ မြေ​၌​တွင်း​တူး​ကာ မိ​မိ​သ​ခင်​၏​ငွေ​ကို ဝှက်​ထား​လေ​၏။

19 ကာ​လ​အ​တန်​ကြာ​ပြီး​နောက် ထို​အ​စေ​အ​ပါး​တို့​၏​သ​ခင်​သည် ပြန်​လာ​၍ သူ​တို့​နှင့်​စာ​ရင်း​ရှင်း​လေ​၏။

20 ထို​အ​ခါ ငါး​တာ​လန်​ရ​သော​သူ​သည် ချဉ်း​ကပ်​၍ နောက်​ထပ် ငါး​တာ​လန်​ကို​ဆက်​သ​ကာ ‘သ​ခင်၊ သ​ခင်​သည် အ​ကျွန်ုပ်​အား ငါး​တာ​လန်​အပ်​နှင်း​ခဲ့​ပါ​သည်။ ကြည့်​ပါ။ အ​ကျွန်ုပ်​သည် နောက်​ထပ် ငါး​တာ​လန်​အ​မြတ်​ရ​ပါ​ပြီ’​ဟု လျှောက်​လေ​၏။

21 သူ​၏​သ​ခင်​က​လည်း ‘ကောင်း​လေ​စွ။ သစ္စာ​ရှိ​သော​အ​စေ​အ​ပါး​ကောင်း၊ သင်​သည် အ​နည်း​ငယ်​သော​အ​ရာ​၌ သစ္စာ​ရှိ​၏။ များ​စွာ​သော​အ​ရာ​တို့​ကို သင့်​အား​ကြီး​ကြပ်​စောင့်​ရှောက်​စေ​မည်။ သင့်​သ​ခင်​၏​ဝမ်း​မြောက်​ခြင်း​၌ ပါ​ဝင်​ဆင်​နွှဲ​လော့’​ဟု ဆို​လေ​၏။

22 နှစ်​တာ​လန်​ရ​သော​သူ​သည်​လည်း ချဉ်း​ကပ်​၍ ‘သ​ခင်၊ သ​ခင်​သည် အ​ကျွန်ုပ်​အား နှစ်​တာ​လန်​အပ်​နှင်း​ခဲ့​ပါ​သည်။ ကြည့်​ပါ။ အ​ကျွန်ုပ်​သည် နောက်​ထပ် နှစ်​တာ​လန်​အ​မြတ်​ရ​ပါ​ပြီ’​ဟု လျှောက်​လေ​၏။

23 သူ​၏​သ​ခင်​က​လည်း ‘ကောင်း​လေ​စွ။ သစ္စာ​ရှိ​သော​အ​စေ​အ​ပါး​ကောင်း၊ သင်​သည် အ​နည်း​ငယ်​သော​အ​ရာ​၌ သစ္စာ​ရှိ​၏။ များ​စွာ​သော​အ​ရာ​တို့​ကို သင့်​အား ကြီး​ကြပ်​စောင့်​ရှောက်​စေ​မည်။ သင့်​သ​ခင်​၏​ဝမ်း​မြောက်​ခြင်း​၌ ပါ​ဝင်​ဆင်​နွှဲ​လော့’​ဟု ဆို​လေ​၏။

24 တစ်​တာ​လန်​ရ​သော​သူ​သည်​လည်း ချဉ်း​ကပ်​၍ ‘သ​ခင်၊ သ​ခင်​သည် မိ​မိ​မ​စိုက်​ပျိုး​သည့်​နေ​ရာ​မှ​ရိတ်​သိမ်း​ပြီး မိ​မိ​မ​ကြဲ​ဖြန့်​သည့်​နေ​ရာ​မှ​စု​သိမ်း​တတ်​သည့် ခက်​ထန်​သော​သူ​ဖြစ်​ကြောင်း အ​ကျွန်ုပ်​သိ​ပါ​သည်။

25 ထို့​ကြောင့် အ​ကျွန်ုပ်​သည် ကြောက်​သ​ဖြင့် သွား​၍ သ​ခင်​၏​ငွေ​ကို မြေ​၌​ဝှက်​ထား​ပါ​သည်။ ကြည့်​ပါ။ သ​ခင်​၏​ဥစ္စာ​ရှိ​ပါ​သည်’​ဟု လျှောက်​လေ​၏။

26 သူ​၏​သ​ခင်​က​လည်း ‘ဆိုး​ညစ်​၍ ပျင်း​ရိ​သော​အ​စေ​အ​ပါး၊ ငါ​သည် မ​စိုက်​ပျိုး​သည့်​နေ​ရာ​မှ​ရိတ်​သိမ်း​ပြီး မ​ကြဲ​ဖြန့်​သည့်​နေ​ရာ​မှ​စု​သိမ်း​တတ်​ကြောင်း သင်​သိ​သည်​မှန်​လျှင်

27 ငါ​၏​ငွေ​ကို ငွေ​တိုး​ပေး​သူ​လက်​၌ အပ်​ထား​သင့်​၏။ သို့​ပြု​လျှင် ငါ​ပြန်​လာ​သော​အ​ခါ ငါ​၏​ငွေ​ကို အ​တိုး​နှင့်​တ​ကွ​ရ​ရှိ​ခဲ့​ပေ​လိမ့်​မည်။

28 ထို့​ကြောင့် တစ်​တာ​လန်​ကို သူ့​ထံ​မှ​ယူ​၍ ဆယ်​တာ​လန်​ရှိ​သော​သူ​အား ပေး​ကြ​လော့။

29 အ​ကြောင်း​မူ​ကား ရှိ​သော​သူ​တိုင်း​အား ထပ်​၍​ပေး​သ​ဖြင့် သူ​တို့​သည် ကြွယ်​ဝ​ပြည့်​စုံ​လိမ့်​မည်။ မ​ရှိ​သော​သူ​မူ​ကား သူ​၌​ရှိ​သော​အ​ရာ​ပင် သူ့​ထံ​မှ သိမ်း​ယူ​ခြင်း​ခံ​ရ​လိမ့်​မည်။

30 အ​ကျိုး​မ​ပြု​သော ဤ​အ​စေ​အ​ပါး​ကို​ကား အ​ပြင်​ဘက်​အ​မှောင်​ထဲ​သို့ နှင်​ထုတ်​ကြ​လော့။ ထို​နေ​ရာ​၌ ငို​ကြွေး​ခြင်း​နှင့်​အံ​ကြိတ်​ခြင်း​ရှိ​လိမ့်​မည်’​ဟု ဆို​လေ​၏။

31 လူ့​သား​သည် မိ​မိ​၏​ဘုန်း​အ​သ​ရေ​ကို​ဆောင်​လျက် ကောင်း​ကင်​တ​မန်​အ​ပေါင်း​တို့​နှင့်​တ​ကွ ကြွ​လာ​သော​အ​ခါ ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော မိ​မိ​၏​ပလ္လင်​ပေါ်​၌ ထိုင်​တော်​မူ​လိမ့်​မည်။

32 ထို​အ​ခါ လူ​မျိုး​အ​ပေါင်း​တို့​ကို ရှေ့​တော်​၌ စု​ဝေး​စေ​ကြ​လိမ့်​မည်။ ထို့​နောက် သိုး​ထိန်း​သည် သိုး​တို့​ကို ဆိတ်​တို့​နှင့် သီး​ခြား​ခွဲ​ထား​သ​ကဲ့​သို့ ကိုယ်​တော်​သည် သူ​တို့​ကို တစ်​ဦး​နှင့်​တစ်​ဦး သီး​ခြား​ခွဲ​ထား​ကာ

33 သိုး​များ​ကို မိ​မိ​၏​လက်​ယာ​တော်​ဘက်​၌​လည်း​ကောင်း၊ ဆိတ်​များ​ကို လက်​ဝဲ​တော်​ဘက်​၌​လည်း​ကောင်း ထား​တော်​မူ​လိမ့်​မည်။

34 ထို့​နောက် မင်း​ကြီး​သည် မိ​မိ​၏​လက်​ယာ​တော်​ဘက်​၌​ရှိ​သော​သူ​တို့​အား ‘ငါ့​ခ​မည်း​တော်​ထံ​မှ ကောင်း​ချီး​မင်္ဂ​လာ​ခံ​စား​ရ​သော​သူ​တို့၊ ကမ္ဘာ​တည်​က​တည်း​က သင်​တို့​အ​တွက် ပြင်​ဆင်​ထား​သော​နိုင်​ငံ​တော်​ကို လာ​၍ အ​မွေ​ဆက်​ခံ​ကြ​လော့။

35 အ​ကြောင်း​မူ​ကား ငါ​သည် ဆာ​လောင်​သော​အ​ခါ သင်​တို့​သည် ငါ့​ကို​စား​စ​ရာ​ပေး​ကြ​၏။ ငါ​သည် ရေ​ငတ်​သော​အ​ခါ သင်​တို့​သည် ငါ့​ကို​သောက်​စ​ရာ​ပေး​ကြ​၏။ ငါ​သည် သူ​စိမ်း​ဧည့်​သည်​ဖြစ်​သော​အ​ခါ သင်​တို့​သည် ငါ့​ကို​ကြို​ဆို​လက်​ခံ​ကြ​၏။

36 ငါ​သည် အ​ဝတ်​မ​ပါ​အ​ချည်း​စည်း​ဖြစ်​သော​အ​ခါ သင်​တို့​သည် ငါ့​ကို​ဝတ်​စ​ရာ​ပေး​ကြ​၏။ ငါ​သည် နာ​မ​ကျန်း​ဖြစ်​သော​အ​ခါ သင်​တို့​သည် ငါ့​ကို​ကြည့်​ရှု​ကြ​၏။ ငါ​သည် ထောင်​ကျ​သော​အ​ခါ သင်​တို့​သည် ငါ့​ထံ​သို့​လာ​ကြ​၏’​ဟု မိန့်​တော်​မူ​လိမ့်​မည်။

37 ထို​အ​ခါ ဖြောင့်​မတ်​သော​သူ​တို့​က ‘သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် မည်​သည့်​အ​ခါ​တွင် ကိုယ်​တော်​ဆာ​လောင်​တော်​မူ​သည်​ကို​မြင်​၍ ကျွေး​မွေး​ခဲ့​ပါ​သ​နည်း။ သို့​မ​ဟုတ် ရေ​ငတ်​တော်​မူ​သည်​ကို​မြင်​၍ သောက်​စ​ရာ​ပေး​ခဲ့​ပါ​သ​နည်း။

38 မည်​သည့်​အ​ခါ​တွင် ကိုယ်​တော်​သည် သူ​စိမ်း​ဧည့်​သည်​ဖြစ်​တော်​မူ​သည်​ကို​မြင်​၍ ကြို​ဆို​လက်​ခံ​ခဲ့​ပါ​သ​နည်း။ သို့​မ​ဟုတ်​အ​ဝတ်​မ​ပါ​အ​ချည်း​စည်း​ဖြစ်​တော်​မူ​သည်​ကို​မြင်​၍ ဝတ်​စ​ရာ​ပေး​ခဲ့​ပါ​သ​နည်း။

39 မည်​သည့်​အ​ခါ​တွင် ကိုယ်​တော်​နာ​မ​ကျန်း​ဖြစ်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ထောင်​ကျ​တော်​မူ​သည်​ကို​လည်း​ကောင်း မြင်​၍ ကိုယ်​တော့်​ထံ​လာ​ခဲ့​ပါ​သ​နည်း’​ဟု မင်း​ကြီး​အား ပြန်​လျှောက်​ကြ​လိမ့်​မည်။

40 မင်း​ကြီး​က​လည်း ‘သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ ငါ​၏​ဤ​ညီ​အစ်​ကို​တို့​တွင် အ​ငယ်​ဆုံး​သော​သူ​တို့​ထဲ​မှ တစ်​ဦး​တစ်​ယောက်​အား သင်​တို့​ပြု​ခဲ့​သ​မျှ​သည် ငါ့​ကို​ပြု​ခဲ့​ခြင်း​ဖြစ်​၏’​ဟု ပြန်​၍​မိန့်​တော်​မူ​လိမ့်​မည်။

41 ထို့​နောက် မင်း​ကြီး​သည် လက်​ဝဲ​တော်​ဘက်​၌​ရှိ​သော​သူ​တို့​အား​လည်း ‘ကျိန်​ဆဲ​ခြင်း​ခံ​ရ​သော​သူ​တို့၊ ငါ့​ထံ​မှ​ထွက်​ခွာ​၍ မာရ်​နတ်​နှင့်​သူ​၏​စေ​တ​မန်​များ​အ​တွက်​ပြင်​ဆင်​ထား​သော ထာ​ဝ​ရ​မီး​ထဲ​သို့ သွား​ကြ​လော့။

42 အ​ကြောင်း​မူ​ကား ငါ​သည် ဆာ​လောင်​သော​အ​ခါ သင်​တို့​သည် ငါ့​ကို​စား​စ​ရာ​မ​ပေး​ကြ။ ငါ​သည် ရေ​ငတ်​သော​အ​ခါ သင်​တို့​သည် ငါ့​ကို​သောက်​စ​ရာ​မ​ပေး​ကြ။

43 ငါ​သည် သူ​စိမ်း​ဧည့်​သည်​ဖြစ်​သော​အ​ခါ သင်​တို့​သည် ငါ့​ကို​ကြို​ဆို​လက်​ခံ​ခြင်း​မ​ရှိ​ကြ။ ငါ​သည် အ​ဝတ်​မ​ပါ​အ​ချည်း​စည်း​ဖြစ်​သော​အ​ခါ သင်​တို့​သည် ငါ့​ကို​ဝတ်​စ​ရာ​မ​ပေး​ကြ။ ငါ​သည် နာ​မ​ကျန်း​ဖြစ်​သော​အ​ခါ​နှင့် ထောင်​ကျ​သော​အ​ခါ​တွင်​လည်း သင်​တို့​သည် ငါ့​ကို​မ​ကြည့်​ရှု​ကြ’​ဟု မိန့်​တော်​မူ​လိမ့်​မည်။

44 ထို​အ​ခါ သူ​တို့​သည်​လည်း ‘သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် မည်​သည့်​အ​ခါ​တွင် ကိုယ်​တော်​ဆာ​လောင်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ရေ​ငတ်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ သူ​စိမ်း​ဧည့်​သည်​ဖြစ်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ အ​ဝတ်​မ​ပါ​အ​ချည်း​စည်း​ဖြစ်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ နာ​မ​ကျန်း​ဖြစ်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ထောင်​ကျ​တော်​မူ​သည်​ကို​လည်း​ကောင်း မြင်​၍ ကိုယ်​တော်​ကို​မ​လုပ်​ကျွေး​မ​ပြု​စု​ဘဲ​နေ​ကြ​သ​နည်း’​ဟု ပြန်​လျှောက်​ကြ​လိမ့်​မည်။

45 မင်း​ကြီး​က​လည်း ‘သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ ဤ​အ​ငယ်​ဆုံး​သော​သူ​တို့​ထဲ​မှ တစ်​ဦး​တစ်​ယောက်​အား သင်​တို့​မ​ပြု​ခဲ့​သ​မျှ​သည် ငါ့​ကို​မ​ပြု​ခြင်း​ဖြစ်​၏’​ဟု ပြန်​၍​မိန့်​တော်​မူ​လိမ့်​မည်။

46 ထို​အ​ခါ ဤ​သူ​တို့​သည် ထာ​ဝ​ရ​အ​ပြစ်​ဒဏ်​ခံ​ရာ​သို့ သွား​ကြ​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ​တို့​မူ​ကား ထာ​ဝ​ရ​အ​သက်​ရှင်​ရာ​သို့ သွား​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28