ရှင်​မဿဲ​ခ​ရစ်​ဝင် 5 MSB

1 ယေ​ရှု​သည် လူ​ထု​ပ​ရိ​သတ်​များ​ကို​မြင်​သော​အ​ခါ တောင်​ပေါ်​သို့​တက်​၍ ထိုင်​တော်​မူ​လျှင် တ​ပည့်​တော်​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​လာ​ကြ​၏။

2 ထို​အ​ခါ နှုတ်​တော်​ကို​ဖွင့်​၍ သူ​တို့​အား သွန်​သင်​တော်​မူ​သည်​မှာ

3 “စိတ်​ဝိ​ညာဉ်​ဆင်း​ရဲ​နွမ်း​ပါး​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား ကောင်း​ကင်​နိုင်​ငံ​တော်​သည် သူ​တို့​၏​နိုင်​ငံ​ဖြစ်​၏။

4 ဝမ်း​နည်း​ကြေ​ကွဲ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သူ​တို့​သည် နှစ်​သိမ့်​ခြင်း​ကို​ခံ​စား​ကြ​ရ​လိမ့်​မည်။

5 နူး​ညံ့​သိမ်​မွေ့​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သူ​တို့​သည် ကမ္ဘာ​မြေ​ကို အ​မွေ​ဆက်​ခံ​ကြ​ရ​လိမ့်​မည်။

6 ဖြောင့်​မတ်​ခြင်း​ကို ဆာ​လောင်​မွတ်​သိပ်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သူ​တို့​သည် ဝ​ပြော​ခြင်း​သို့​ရောက်​ကြ​လိမ့်​မည်။

7 သ​နား​ကြင်​နာ​တတ်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သူ​တို့​သည် သ​နား​ကြင်​နာ​ခြင်း​ကို​ခံ​ကြ​ရ​လိမ့်​မည်။

8 စိတ်​နှ​လုံး​ဖြူ​စင်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သူ​တို့​သည် ဘု​ရား​သ​ခင်​ကို​မြင်​ကြ​ရ​လိမ့်​မည်။

9 ငြိမ်း​ချမ်း​မှု​ကို​ဖြစ်​စေ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သူ​တို့​သည် ဘု​ရား​သ​ခင်​၏​သား​များ​ဟု​ခေါ်​ဝေါ်​ခြင်း​ကို​ခံ​ကြ​ရ​လိမ့်​မည်။

10 ဖြောင့်​မတ်​ခြင်း​ကြောင့် ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား ကောင်း​ကင်​နိုင်​ငံ​တော်​သည် သူ​တို့​၏​နိုင်​ငံ​ဖြစ်​၏။

11 ငါ့​ကြောင့် လူ​တို့​သည် သင်​တို့​ကို ကဲ့​ရဲ့​ပြစ်​တင်​လျက် ညှဉ်း​ဆဲ​ကာ မ​ကောင်း​သော​အ​ရာ​အ​မျိုး​မျိုး​တို့​ဖြင့် သင်​တို့​ကို မ​ဟုတ်​မ​မှန်​ဆန့်​ကျင်​ပြော​ဆို​ကြ​သော​အ​ခါ သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။

12 ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။ အ​ကြောင်း​မူ​ကား ကောင်း​ကင်​ဘုံ​၌ သင်​တို့​၏​ဆု​လာဘ်​သည် ကြီး​မား​လှ​ပေ​၏။ သူ​တို့​သည် သင်​တို့​ရှေ့​က ပ​ရော​ဖက်​များ​ကို​လည်း ထို​နည်း​တူ​ညှဉ်း​ဆဲ​ခဲ့​ကြ​၏။

13 သင်​တို့​သည် ကမ္ဘာ​မြေ​၏​ဆား​ဖြစ်​ကြ​၏။ သို့​သော် ဆား​သည် အ​ငန်​ဓာတ်​ကင်း​မဲ့​သွား​လျှင် ၎င်း​ကို မည်​ကဲ့​သို့​ပြန်​၍​ငန်​စေ​မည်​နည်း။ မည်​သည့်​အ​ရာ​အ​တွက်​မျှ အ​သုံး​မ​ဝင်​တော့​သ​ဖြင့် အ​ပြင်​သို့​ပစ်​လိုက်​၍ လူ​တို့​၏​နင်း​ခြေ​ခြင်း​ခံ​ရ​ရုံ​သာ​ရှိ​ပေ​တော့​မည်။

14 သင်​တို့​သည် လော​က​၏​အ​လင်း​ဖြစ်​ကြ​၏။ တောင်​ပေါ်​၌​တည်​ရှိ​သော​မြို့​ကို ကွယ်​ဝှက်​၍​မ​ရ​နိုင်။

15 ဆီ​မီး​ကို​ထွန်း​၍ တောင်း​အောက်​၌​ထား​လေ့​မ​ရှိ။ ဆီ​မီး​ခုံ​ပေါ်​၌​သာ ထား​ကြ​သ​ဖြင့် ၎င်း​သည် အိမ်​၌​ရှိ​သော​သူ​အ​ပေါင်း​တို့​ကို ထွန်း​လင်း​ပေး​၏။

16 ထို​နည်း​တူ လူ​တို့​သည် သင်​တို့​၏​ကောင်း​သော​အ​ကျင့်​များ​ကို​မြင်​၍ ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော​သင်​တို့​အ​ဖ​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​ကြ​မည့်​အ​ကြောင်း သင်​တို့​၏​အ​လင်း​ကို သူ​တို့​ရှေ့​၌​ထွန်း​လင်း​စေ​ကြ​လော့။

17 ပ​ညတ်​တ​ရား​ကျမ်း​နှင့်​ပ​ရော​ဖက်​ကျမ်း​များ​ကို ပယ်​ဖျက်​ရန် ငါ​လာ​သည်​ဟု မ​ထင်​ကြ​နှင့်။ ပယ်​ဖျက်​ရန်​မ​ဟုတ်​ဘဲ ပြည့်​စုံ​စေ​ရန်​သာ ငါ​လာ​၏။

18 သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား ကောင်း​ကင်​နှင့်​မြေ​ကြီး​မ​ကွယ်​ပျောက်​မီ​တိုင်​အောင်၊ အ​ရာ​အား​လုံး​မ​ပြည့်​စုံ​မ​ချင်း ပ​ညတ်​တ​ရား​ကျမ်း​ထဲ​မှ အ​သေး​ဆုံး​အက္ခ​ရာ သို့​မ​ဟုတ် ဗိန္ဒု​တစ်​လုံး​မျှ​ပင် မ​ကွယ်​ပျောက်​ရာ။

19 ထို့​ကြောင့် ဤ​ပ​ညတ်​ချက်​များ​ထဲ​မှ အ​သေး​ငယ်​ဆုံး​တစ်​ခု​ကို​ဖောက်​ဖျက်​၍ သူ​တစ်​ပါး​ကို​လည်း ထို​နည်း​တူ​သွန်​သင်​သော​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်​၌ အ​ငယ်​ဆုံး​သော​သူ​ဟု အ​ခေါ်​ခံ​ရ​လိမ့်​မည်။ သို့​သော် ၎င်း​ကို​ကျင့်​သုံး​၍ သွန်​သင်​သော​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်​၌ ကြီး​မြတ်​သော​သူ​ဟု အ​ခေါ်​ခံ​ရ​လိမ့်​မည်။

20 အ​မှန်​စင်​စစ် သင်​တို့​၏​ဖြောင့်​မတ်​ခြင်း​သည် ကျမ်း​ပြု​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့​ထက်​မ​သာ​လျှင် သင်​တို့​သည် ကောင်း​ကင်​နိုင်​ငံ​တော်​သို့ လုံး​ဝ​ဝင်​ရ​မည်​မ​ဟုတ်​ဟု သင်​တို့​အား ငါ​ဆို​၏။

21 ‘လူ​မ​သတ်​ရ။ မည်​သူ​မ​ဆို လူ​သတ်​လျှင် အ​ပြစ်​စီ​ရင်​ခြင်း​ကို​ခံ​ထိုက်​ပေ​၏’​ဟု ရှေး​လူ​တို့​အား​ပြော​ထား​သည်​ကို သင်​တို့​ကြား​ခဲ့​ရ​၏။

22 သို့​သော် သင်​တို့​အား ငါ​ဆို​သည်​ကား မိ​မိ​ညီ​အစ်​ကို​အ​ပေါ် အ​မျက်​ထွက်​သော​သူ​တိုင်း​သည် အ​ပြစ်​စီ​ရင်​ခြင်း​ကို​ခံ​ထိုက်​၏။ မိ​မိ​ညီ​အစ်​ကို​အား ‘အ​လ​ကား​လူ’​ဟု ပြော​သော​သူ​သည် တ​ရား​လွှတ်​တော်​လက်​သို့ အပ်​နှံ​ခြင်း​ခံ​ထိုက်​၍ ‘လူ​မိုက်’​ဟု ပြော​သော​သူ​သည် င​ရဲ​မီး​ဒဏ်​ကို​ခံ​ထိုက်​၏။

23 ထို့​ကြောင့် ယဇ်​ပလ္လင်​၌ သင်​၏​ပူ​ဇော်​သက္ကာ​ကို​ဆက်​သ​မည်​ပြု​စဉ် သင်​၏​ညီ​အစ်​ကို​သည် သင့်​အား အ​ပြစ်​တင်​စ​ရာ​တစ်​စုံ​တစ်​ခု​ရှိ​ကြောင်း သင်​သ​တိ​ရ​လျှင်

24 သင်​၏​ပူ​ဇော်​သက္ကာ​ကို ယဇ်​ပလ္လင်​ရှေ့​တွင်​ထား​ခဲ့​ပြီး သင်​၏​ညီ​အစ်​ကို​ထံ​သို့ ဦး​စွာ​သွား​၍ သူ​နှင့်​ပြန်​လည်​သင့်​မြတ်​အောင်​ပြု​လော့။ ထို့​နောက်​မှ ပြန်​လာ​၍ သင်​၏​ပူ​ဇော်​သက္ကာ​ကို ဆက်​သ​လော့။

25 သင်​သည် သင့်​ကို​တ​ရား​စွဲ​ဆို​သူ​နှင့်​အ​တူ​လမ်း​၌​ရှိ​စဉ် သူ​နှင့်​သင့်​မြတ်​အောင် အ​လျင်​အ​မြန်​ပြု​လော့။ သို့​မ​ဟုတ်​ပါ​က ထို​တ​ရား​စွဲ​ဆို​သူ​သည် သင့်​ကို တ​ရား​သူ​ကြီး​ထံ​အပ်​၍ တ​ရား​သူ​ကြီး​သည် အ​စောင့်​တပ်​သား​ထံ​အပ်​သ​ဖြင့် သင်​သည် ထောင်​ထဲ​၌ ထည့်​ထား​ခြင်း​ခံ​ရ​လိမ့်​မည်။

26 သင့်​အား ငါ​အ​မှန်​ဆို​မည်။ နောက်​ဆုံး​ကွတ်​ရန်​တေး​တစ်​ပြား​ကို သင်​ပြန်​၍​မ​ဆပ်​မ​ချင်း ထို​နေ​ရာ​မှ လုံး​ဝ​ထွက်​ရ​မည်​မ​ဟုတ်။

27 ‘အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို မ​ကျူး​လွန်​ရ’​ဟု ပြော​ထား​သည်​ကို သင်​တို့​ကြား​ရ​၏။

28 သို့​သော် သင်​တို့​အား ငါ​ဆို​သည်​ကား အ​မျိုး​သ​မီး​တစ်​ယောက်​ကို ကိ​လေ​သာ​စိတ်​နှင့်​ကြည့်​သော​သူ​တိုင်း​သည် သူ​၏​စိတ်​နှ​လုံး​ထဲ​၌ ထို​အ​မျိုး​သ​မီး​နှင့်​ပြစ်​မှား​လေ​ပြီ။

29 သင်​၏​လက်​ယာ​မျက်​စိ​သည် သင့်​ကို​မှား​ယွင်း​စေ​လျှင် ၎င်း​ကို​ထုတ်​၍​လွှင့်​ပစ်​လော့။ အ​ကြောင်း​မူ​ကား သင်​၏​ကိုယ်အင်္ဂါ​တစ်​ခု​ဆုံး​ရှုံး​သွား​သော်​လည်း သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး င​ရဲ​ထဲ​သို့​ပစ်​ချ​ခြင်း​မ​ခံ​ရ​ပါ​က သင့်​အ​တွက် သာ​၍​ကောင်း​၏။

30 သင်​၏​လက်​ယာ​လက်​သည် သင့်​ကို​မှား​ယွင်း​စေ​လျှင် ၎င်း​ကို​ဖြတ်​၍ လွှင့်​ပစ်​လော့။ အ​ကြောင်း​မူ​ကား သင်​၏​ကိုယ်အင်္ဂါ​တစ်​ခု​ဆုံး​ရှုံး​သွား​သော်​လည်း သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး င​ရဲ​သို့​မ​လား​ရ​ပါ​က သင့်​အ​တွက် သာ​၍​ကောင်း​၏။

31 ‘မိ​မိ​မ​ယား​ကို​ကွာ​ရှင်း​သော​သူ​သည် ထို​မ​ယား​အား ဖြတ်​စာ​ကို​ပေး​စေ’​ဟု​လည်း ပြော​ထား​၏။

32 သို့​သော် သင်​တို့​အား ငါ​ဆို​သည်​ကား တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​အ​ကြောင်း​မှ​လွဲ​၍ မိ​မိ​မ​ယား​ကို​ကွာ​ရှင်း​သော​သူ​တိုင်း​သည် ထို​မ​ယား​အား အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို ကျူး​လွန်​စေ​၏။ ကွာ​ရှင်း​ထား​သော​မိန်း​မ​နှင့် ထိမ်း​မြား​စုံ​ဖက်​သော​သူ​သည်​လည်း အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို ကျူး​လွန်​၏။

33 တစ်​ဖန် ‘မ​မှန်​မ​ကန်​တိုင်​တည်​ပြော​ဆို​ခြင်း​မ​ပြု​ဘဲ သင်​ပြု​ထား​သော​က​တိ​သစ္စာ​များ​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ စောင့်​ထိန်း​ရ​မည်’​ဟု ရှေး​လူ​တို့​အား​ပြော​ထား​သည်​ကို သင်​တို့​ကြား​ရ​၏။

34 သို့​သော် သင်​တို့​အား ငါ​ဆို​မည်။ တိုင်​တည်​ပြော​ဆို​ခြင်း​ကို လုံး​ဝ​မ​ပြု​ရ။ ကောင်း​ကင်​ကို​တိုင်​တည်​၍​မ​ပြော​ဆို​ရ။ အ​ကြောင်း​မူ​ကား ၎င်း​သည် ဘု​ရား​သ​ခင်​၏​ပလ္လင်​တော်​ဖြစ်​၏။

35 မြေ​ကြီး​ကို​တိုင်​တည်​၍​မ​ပြော​ဆို​ရ။ အ​ကြောင်း​မူ​ကား ၎င်း​သည် ကိုယ်​တော်​၏​ခြေ​တင်​ခုံ​ဖြစ်​၏။ ဂျေ​ရု​ဆ​လင်​မြို့​ကို​တိုင်​တည်​၍​မ​ပြော​ဆို​ရ။ အ​ကြောင်း​မူ​ကား ၎င်း​သည် ကြီး​မြတ်​သော​ဘု​ရင်​၏​မြို့​တော်​ဖြစ်​၏။

36 သင်​၏​ဦး​ခေါင်း​ကို တိုင်​တည်​၍​မ​ပြော​ဆို​ရ။ အ​ကြောင်း​မူ​ကား သင်​သည် ဆံ​ပင်​တစ်​ပင်​ကို​မျှ ဖြူ​အောင် သို့​မ​ဟုတ် မည်း​အောင်​မ​လုပ်​နိုင်။

37 သို့​ဖြစ်​၍ သင်​တို့​သည် ဟုတ်​သည်​ကို ‘ဟုတ်​ပါ​၏’ မ​ဟုတ်​သည်​ကို ‘မ​ဟုတ်​ပါ’​ဟူ​၍​သာ ပြော​ဆို​ကြ​လော့။ ၎င်း​တို့​ထက် ပို​သော​စ​ကား​သည် မ​ကောင်း​သော​အ​ရာ​နှင့်​စပ်​ဆိုင်​၏။

38 ‘မျက်​စိ​အ​စား မျက်​စိ၊ သွား​အ​စား သွား’​ဟု ပြော​ထား​သည်​ကို သင်​တို့​ကြား​ရ​၏။

39 သို့​သော် သင်​တို့​အား ငါ​ဆို​မည်။ မ​ကောင်း​သော​သူ​ကို အ​တိုက်​အ​ခံ​မ​ပြု​ကြ​နှင့်။ သင်​၏​ယာ​ဘက်​ပါး​ကို​ရိုက်​သော​သူ​အား နောက်​တစ်​ဖက်​ကို​လည်း လှည့်​ပေး​ဦး​လော့။

40 သင့်​ကို​တ​ရား​စွဲ​၍ သင်​၏​အင်္ကျီ​ကို ယူ​လို​သော​သူ​အား ဝတ်​ရုံ​ကို​လည်း ယူ​ခွင့်​ပေး​လော့။

41 သင့်​ကို ခ​ရီး​တစ်​မိုင်​အ​တင်း​အ​ကျပ်​သွား​စေ​သော​သူ​ရှိ​လျှင် ထို​သူ​နှင့်​အ​တူ နှစ်​မိုင်​သွား​လော့။

42 သင့်​ထံ​တောင်း​သော​သူ​အား ပေး​ကမ်း​လော့။ သင့်​ထံ​မှ ချေး​ငှား​လို​သော​သူ​ကို​လည်း မ​ငြင်း​ပယ်​နှင့်။

43 ‘သင့်​ဝန်း​ကျင်​၌​ရှိ​သော​သူ​ကို​ချစ်​၍ သင်​၏​ရန်​သူ​ကို မုန်း​ရ​မည်’​ဟု ဆို​ထား​သည်​ကို သင်​တို့​ကြား​ရ​၏။

44 သို့​သော် သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​၏​ရန်​သူ​များ​ကို​ချစ်​၍ သင်​တို့​ကို​ညှဉ်း​ဆဲ​သော​သူ​တို့​အ​တွက် ဆု​တောင်း​ပေး​ကြ​လော့။

45 သို့​မှ​သာ သင်​တို့​သည် ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဖ​၏​သား​များ​ဖြစ်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား ကိုယ်​တော်​သည် မ​ကောင်း​သော​သူ​များ​နှင့်​ကောင်း​သော​သူ​များ​အ​ပေါ် မိ​မိ​၏​နေ​ကို​ထွက်​စေ​တော်​မူ​၍ ဖြောင့်​မတ်​သော​သူ​များ​နှင့်​မ​ဖြောင့်​မတ်​သော​သူ​များ​အ​ပေါ် မိုး​ရွာ​စေ​တော်​မူ​၏။

46 သင်​တို့​သည် သင်​တို့​ကို​ချစ်​သော​သူ​တို့​အား​ချစ်​လျှင် သင်​တို့​၌ မည်​သည့်​အ​ကျိုး​ကျေး​ဇူး​ရှိ​သ​နည်း။ အ​ခွန်​ကောက်​ခံ​သူ​တို့​ပင်​လျှင် ထို​နည်း​တူ​ပြု​ကြ​သည်​မ​ဟုတ်​လော။

47 ထို့​ပြင် သင်​တို့​သည် သင်​တို့​၏​ညီ​အစ်​ကို​များ​ကို​သာ နှုတ်​ဆက်​လျှင် မည်​သည့်​သာ​လွန်​ထူး​ခြား​မှု​ကို ပြု​ကြ​သ​နည်း။ သာ​သ​နာ​ပ​လူ​မျိုး​ခြား​တို့​ပင်​လျှင် ထို​သို့​ပြု​ကြ​သည်​မ​ဟုတ်​လော။

48 သို့​ဖြစ်​၍ ကောင်း​ကင်​ဘုံ​ရှင်​သင်​တို့​အ​ဖ​သည် စုံ​လင်​တော်​မူ​သည့်​နည်း​တူ သင်​တို့​သည်​လည်း စုံ​လင်​ခြင်း​ရှိ​ကြ​ရ​မည်။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28