ရှင်​မဿဲ​ခ​ရစ်​ဝင် 12 MSB

ဥ​ပုသ်​နေ့​၏​အ​ရှင်​သ​ခင်

1 ထို​အ​ချိန်​အ​ခါ​တွင် ယေ​ရှု​သည် ဥ​ပုသ်​နေ့​၌ ဂျုံ​ခင်း​များ​ကို​ဖြတ်​လျက်​ကြွ​တော်​မူ​ရာ တ​ပည့်​တော်​တို့​သည် ဆာ​လောင်​သော​ကြောင့် ဂျုံ​နှံ​များ​ကို ဆွတ်​ခူး​၍ စား​ကြ​၏။

2 ဖာ​ရိ​ရှဲ​တို့​သည် ထို​အ​ခြင်း​အ​ရာ​ကို​မြင်​လျှင် “သင်​၏​တ​ပည့်​တို့​သည် ဥ​ပုသ်​နေ့​၌​ပြု​ခွင့်​မ​ရှိ​သော​အ​ရာ​ကို ပြု​နေ​ကြ​ပါ​သည်​တ​ကား”​ဟု ကိုယ်​တော်​အား လျှောက်​ကြ​၏။

3 ကိုယ်​တော်​က​လည်း “ဒါ​ဝိဒ်​သည် သူ​မှ​စ​၍ သူ​နှင့်​အ​တူ​ရှိ​သော​သူ​တို့​ဆာ​လောင်​ကြ​သော​အ​ခါ မည်​သည့်​အ​ရာ​ပြု​ခဲ့​သည်​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ​သ​လော။

4 သူ​သည် ဘု​ရား​သ​ခင်​၏​အိမ်​တော်​သို့​ဝင်​၍ ယဇ်​ပု​ရော​ဟိတ်​များ​မှ​တစ်​ပါး သူ​ကိုယ်​တိုင်​ရော သူ​နှင့်​အ​တူ​ရှိ​သော​သူ​တို့​ပါ စား​ခွင့်​မ​ရှိ​သော​ရှေ့​တော်​မုန့်​ကို စား​ခဲ့​ကြ​၏။

5 ထို့​ပြင် ဥ​ပုသ်​နေ့​တွင် ဗိ​မာန်​တော်​၌​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​များ​သည် ဥ​ပုသ်​နေ့​ဆိုင်​ရာ​ပ​ညတ်​ချက်​ကို​ချိုး​ဖောက်​ကြ​သော်​လည်း အ​ပြစ်​မ​ရှိ​ကြောင်း ပ​ညတ်​တ​ရား​ကျမ်း​၌ မ​ဖတ်​ဖူး​ကြ​သ​လော။

6 သင်​တို့​အား ငါ​ဆို​သည်​ကား ဗိ​မာန်​တော်​ထက်​ကြီး​မြတ်​သော​သူ​သည် ဤ​နေ​ရာ​၌​ရှိ​၏။

7 ‘ငါ​သည် ယဇ်​ပူ​ဇော်​ခြင်း​ကို​မ​ဟုတ်​ဘဲ က​ရု​ဏာ​ကို အ​လို​ရှိ​၏’​ဟူ​သော​ကျမ်း​စ​ကား​သည် မည်​သည့်​အ​ရာ​ကို​ဆို​လို​ကြောင်း သင်​တို့​သိ​ခဲ့​လျှင် အ​ပြစ်​မ​ရှိ​သော​သူ​တို့​ကို ပြစ်​တင်​ရှုတ်​ချ​ခဲ့​ကြ​လိမ့်​မည်​မ​ဟုတ်။

8 အ​ကြောင်း​မူ​ကား လူ့​သား​သည် ဥ​ပုသ်​နေ့​၏​အ​ရှင်​သ​ခင်​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

လက်​တစ်​ဖက်​သေ​သော​သူ​ကို အ​ကောင်း​ပ​က​တိ​ဖြစ်​စေ​ခြင်း

9 ထို့​နောက် ကိုယ်​တော်​သည် ထို​အ​ရပ်​မှ​ထွက်​ခွာ​၍ ဝတ်​ပြု​စည်း​ဝေး​ကျောင်း​သို့​ဝင်​တော်​မူ​၏။

10 ထို​နေ​ရာ​၌ လက်​တစ်​ဖက်​သေ​သော​သူ​တစ်​ဦး​ရှိ​၍ သူ​တို့​သည် ကိုယ်​တော်​ကို​စွပ်​စွဲ​နိုင်​ရန်​အ​တွက် “ဥ​ပုသ်​နေ့​၌ အ​နာ​ရော​ဂါ​ကို​ငြိမ်း​စေ​ခြင်း​သည် တ​ရား​တော်​နှင့်​ညီ​သ​လော”​ဟု ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။

11 ကိုယ်​တော်​က​လည်း “သင်​တို့​ထဲ​မှ​တစ်​စုံ​တစ်​ဦး​တွင် သိုး​တစ်​ကောင်​ရှိ​၍ ထို​သိုး​သည် ဥ​ပုသ်​နေ့​၌ တွင်း​ထဲ​သို့​ကျ​ခဲ့​လျှင် သူ​သည် ၎င်း​ကို​မ​ဆွဲ​တင်​ဘဲ​နေ​မည်​လော။

12 လူ​သည် သိုး​ထက် များ​စွာ​အ​ဖိုး​ထိုက်​၏။ ထို့​ကြောင့် ဥ​ပုသ်​နေ့​၌ ကောင်း​သော​အ​မှု​ကို​ပြု​ခြင်း​သည် တ​ရား​တော်​နှင့်​ညီ​၏”​ဟု မိန့်​တော်​မူ​၏။

13 ထို့​နောက် လက်​တစ်​ဖက်​သေ​သော​သူ​အား “သင်​၏​လက်​ကို​ဆန့်​လော့”​ဟု မိန့်​တော်​မူ​၏။ သူ​သည်​လည်း လက်​ကို​ဆန့်​လိုက်​ရာ အ​ခြား​တစ်​ဖက်​ကဲ့​သို့ အ​ကောင်း​ပ​က​တိ​ဖြစ်​လျက် သန်​စွမ်း​လေ​၏။

14 ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​သည်​ထွက်​သွား​၍ ကိုယ်​တော်​ကို​လုပ်​ကြံ​နိုင်​မည့်​အ​ကြောင်း တိုင်​ပင်​ဆွေး​နွေး​ကြ​၏။

ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု​ဆောင်

15 ယေ​ရှု​သည် ဤ​အ​ကြောင်း​ကို​သိ​၍ ထို​အ​ရပ်​မှ ထွက်​ခွာ​သွား​တော်​မူ​ရာ များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​တို့​သည် နောက်​တော်​သို့​လိုက်​ကြ​သ​ဖြင့် သူ​တို့​အား​လုံး​ကို ကျန်း​မာ​စေ​တော်​မူ​ပြီး​လျှင်

16 မိ​မိ​အ​ကြောင်း​ကို သိ​သာ​ထင်​ရှား​အောင်​မ​ပြု​ရန် သူ​တို့​ကို​သ​တိ​ပေး​တော်​မူ​၏။

17 ဤ​သည်​ကား ပ​ရော​ဖက်​ဟေ​ရှာ​ယ​အား​ဖြင့် မိန့်​တော်​မူ​သော​အ​ရာ ပြည့်​စုံ​ခြင်း​သို့​ရောက်​မည့်​အ​ကြောင်း​တည်း။ မိန့်​တော်​မူ​ချက်​မှာ

18 “ကြည့်​ရှု​လော့။ ဤ​သူ​ကား ငါ​ရွေး​ကောက်​သော ငါ​၏​အ​မှု​ဆောင်၊ ငါ​၏​စိတ်​ဝိ​ညာဉ်​နှစ်​သက်​သည့် ငါ​ချစ်​သော​သူ​ပေ​တည်း။ ငါ​သည် သူ့​အ​ပေါ်​၌ ငါ​၏​ဝိ​ညာဉ်​ကို​တည်​စေ​သ​ဖြင့် သူ​သည် လူ​မျိုး​တ​ကာ​တို့​အား တ​ရား​မျှ​တ​မှု​ကို ကြေ​ညာ​လိမ့်​မည်။

19 သူ​သည် ငြင်း​ခုံ​ခြင်း​နှင့်​အော်​ဟစ်​ခြင်း​ကို​ပြု​မည်​မ​ဟုတ်။ သူ​၏​အ​သံ​ကို​လည်း လမ်း​မ​ပေါ်​၌ မည်​သူ​မျှ ကြား​ရ​မည်​မ​ဟုတ်။

20 တ​ရား​မျှ​တ​မှု​ကို အောင်​မြင်​ခြင်း​သို့​ပို့​ဆောင်​သည်​အ​ထိ သူ​သည် ကြေ​နေ​သော​ကျူ​ပင်​ကို​ချိုး​မည်​မ​ဟုတ်။ တ​ငွေ့​ငွေ့​လောင်​နေ​သော​မီး​စာ​ကို​လည်း ငြိမ်း​သတ်​မည်​မ​ဟုတ်။

21 လူ​မျိုး​ခြား​တို့​သည် သူ​၏​နာ​မ​၌ မျှော်​လင့်​အား​ထား​ကြ​လိမ့်​မည်”​ဟူ​၍ ဖြစ်​၏။

ယေ​ရှု​နှင့်​ဗေ​လ​ဇေ​ဗု​လ

22 ထို့​နောက် လူ​တို့​သည် နတ်​ဆိုး​ပူး​သည့် မျက်​မ​မြင်​ဆွံ့​အ​သော​သူ​တစ်​ဦး​ကို အ​ထံ​တော်​သို့​ခေါ်​ဆောင်​ခဲ့​ကြ​ရာ ကိုယ်​တော်​သည် ထို​သူ​ကို​ကျန်း​မာ​စေ​တော်​မူ​သ​ဖြင့် ထို​ဆွံ့​အ​သော​သူ​သည် စ​ကား​ပြော​နိုင်​ပြီး မျက်​စိ​လည်း​မြင်​လာ​၏။

23 ထို​အ​ခါ လူ​ထု​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် အံ့​ဩ​ငေး​မော​၍ “ဤ​သူ​သည် ဒါ​ဝိဒ်​၏​သား​တော်​ဖြစ်​လေ​မည်​လော”​ဟု ပြော​ဆို​ကြ​၏။

24 ဖာ​ရိ​ရှဲ​တို့​သည်​ကြား​လျှင် “ဤ​သူ​သည် နတ်​ဆိုး​တို့​၏​အ​ကြီး​အ​ကဲ ဗေ​လ​ဇေ​ဗု​လ​ကို​အ​မှီ​ပြု​၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​နေ​ခြင်း​သာ​ဖြစ်​သည်”​ဟု ပြော​ဆို​ကြ​၏။

25 သို့​သော် ယေ​ရှု​သည် သူ​တို့​၏​စဉ်း​စား​ဆင်​ခြင်​မှု​များ​ကို သိ​မြင်​တော်​မူ​သ​ဖြင့် “မိ​မိ​အ​တွင်း​၌ ဆန့်​ကျင်​ကွဲ​ပြား​နေ​သော​နိုင်​ငံ​တိုင်း​သည် လုံး​လုံး​ပျက်​စီး​သွား​၍ မိ​မိ​အ​တွင်း​၌ ဆန့်​ကျင်​ကွဲ​ပြား​နေ​သော​မြို့ သို့​မ​ဟုတ် အိမ်​ထောင်​စု​တိုင်း​သည်​လည်း တည်​မြဲ​မည်​မ​ဟုတ်။

26 စာ​တန်​သည် စာ​တန်​ကို​နှင်​ထုတ်​လျှင် မိ​မိ​အ​တွင်း​၌ ဆန့်​ကျင်​ကွဲ​ပြား​၏။ သို့​ဖြစ်​လျှင် သူ​၏​နိုင်​ငံ​သည် မည်​သို့​တည်​မြဲ​မည်​နည်း။

27 ငါ​သည် ဗေ​လ​ဇေ​ဗု​လ​ကို​အ​မှီ​ပြု​၍ နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​သည်​ဆို​လျှင် သင်​တို့​၏​သား​များ​သည် မည်​သူ့​ကို​အ​မှီ​ပြု​၍ နှင်​ထုတ်​ကြ​သ​နည်း။ ထို့​ကြောင့် သူ​တို့​သည် သင်​တို့​ကို​တ​ရား​စီ​ရင်​သူ​များ​ဖြစ်​ကြ​လိမ့်​မည်။

28 သို့​ရာ​တွင် ငါ​သည် ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​ကို​အ​မှီ​ပြု​၍ နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​သည်​ဆို​လျှင် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် သင်​တို့​ထံ​ရောက်​ရှိ​လေ​ပြီ။

29 ခွန်​အား​ကြီး​သော​သူ​ကို ဦး​စွာ​မ​ချည်​နှောင်​လျှင် သူ့​အိမ်​သို့​ဝင်​၍ သူ​၏​ဥစ္စာ​ပစ္စည်း​များ​ကို မည်​သို့​လု​ယူ​နိုင်​မည်​နည်း။ ချည်​နှောင်​ပြီး​မှ​သာ သူ​၏​အိမ်​ကို ဖောက်​ထွင်း​လု​ယူ​နိုင်​လိမ့်​မည်။

30 ငါ့​ဘက်​၌​မ​နေ​သော​သူ​သည် ငါ့​ကို​ဆန့်​ကျင်​သော​သူ​ဖြစ်​၏။ ငါ​နှင့်​အ​တူ​မ​စု​မ​သိမ်း​သော​သူ​သည် တစ်​ကွဲ​တစ်​ပြား​ဖြစ်​စေ​သော​သူ​ဖြစ်​၏။

31 ထို့​ကြောင့် သင်​တို့​အား​ငါ​ဆို​သည်​ကား လူ​တို့​သည် ဘု​ရား​သ​ခင်​ကို​စော်​ကား​ပြော​ဆို​ခြင်း​နှင့် အ​ပြစ်​ဟူ​သ​မျှ​တို့​အ​တွက် ခွင့်​လွှတ်​ခြင်း​ခံ​ရ​မည်​ဖြစ်​သော်​လည်း ဝိ​ညာဉ်​တော်​ကို စော်​ကား​ပြော​ဆို​ခြင်း​အ​တွက်​မူ​ကား ခွင့်​လွှတ်​ခြင်း​ခံ​ရ​မည်​မ​ဟုတ်။

32 လူ့​သား​အ​ပေါ် ဆန့်​ကျင်​သည့်​စ​ကား​ကို​ပြော​ဆို​သော​သူ​သည် ခွင့်​လွှတ်​ခြင်း​ခံ​ရ​မည်​ဖြစ်​သော်​လည်း သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ဆန့်​ကျင်​ပြော​ဆို​သော​သူ​သည် ယ​ခု​ဘ​ဝ​၌​ဖြစ်​စေ၊ နောင်​ဘ​ဝ​၌​ဖြစ်​စေ ခွင့်​လွှတ်​ခြင်း​ခံ​ရ​မည်​မ​ဟုတ်။

33 အ​ပင်​ကို အ​သီး​အား​ဖြင့် သိ​ရ​သည်​ဖြစ်​၍ အ​သီး​ကောင်း​လျှင် အ​ပင်​ကောင်း​သည်​ဟု​မှတ်​ယူ​ကြ​လော့။ သို့​မ​ဟုတ် အ​သီး​မ​ကောင်း​လျှင် အ​ပင်​မ​ကောင်း​ဟု မှတ်​ယူ​ကြ​လော့။

34 မြွေ​ဆိုး​အ​မျိုး​တို့၊ သင်​တို့​သည် မ​ကောင်း​သော​သူ​များ​ဖြစ်​ကြ​လျက် ကောင်း​သော​အ​ရာ​ကို မည်​သို့​ပြော​ဆို​နိုင်​မည်​နည်း။ အ​ကြောင်း​မူ​ကား စိတ်​နှ​လုံး​၌​ပြည့်​လျှံ​နေ​သည့်​အ​ရာ​ကို နှုတ်​က​ပြော​ဆို​တတ်​၏။

35 ကောင်း​သော​သူ​သည် ကောင်း​သော​အ​ရာ​များ​ကို ကောင်း​သော​ဘဏ္ဍာ​တိုက်​ထဲ​မှ ထုတ်​ဖော်​တတ်​၏။ မ​ကောင်း​သော​သူ​သည်​လည်း မ​ကောင်း​သော​အ​ရာ​များ​ကို မ​ကောင်း​သော​ဘဏ္ဍာ​တိုက်​ထဲ​မှ ထုတ်​ဖော်​တတ်​၏။

36 သင်​တို့​အား ငါ​ဆို​သည်​ကား လူ​တို့​သည် မိ​မိ​တို့​ပြော​ဆို​သည့် အ​ကျိုး​မ​ရှိ​သော​စ​ကား​အား​လုံး​အ​တွက် တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ ဖြေ​ရှင်း​ချက်​ပေး​ရ​ကြ​မည်။

37 အ​ကြောင်း​မူ​ကား သင်​ပြော​သော​စ​ကား​များ​အား​ဖြင့် သင်​သည် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​လိမ့်​မည်။ သို့​မ​ဟုတ် သင်​ပြော​သော​စ​ကား​များ​အား​ဖြင့် အ​ပြစ်​ရှိ​သည်​ဟု သတ်​မှတ်​ခြင်း​ခံ​ရ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​စော်​ကား​ခြင်း

38 ထို့​နောက် အ​ချို့​သော​ကျမ်း​ပြု​ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​တို့​က “ဆ​ရာ၊ အ​ကျွန်ုပ်​တို့​သည် ဆ​ရာ့​ထံ​မှ​နိ​မိတ်​လက္ခ​ဏာ​ကို တွေ့​မြင်​လို​ပါ​သည်”​ဟု ကိုယ်​တော်​အား​လျှောက်​ကြ​၏။

39 ကိုယ်​တော်​က​လည်း “ဆိုး​ညစ်​၍ ဖောက်​ပြန်​သော​မျိုး​ဆက်​သည် နိ​မိတ်​လက္ခ​ဏာ​ကို​တောင်း​ဆို​သော်​လည်း ပ​ရော​ဖက်​ယော​န​၏​နိ​မိတ်​လက္ခ​ဏာ​မှ​တစ်​ပါး မည်​သည့်​နိ​မိတ်​လက္ခ​ဏာ​ကို​မျှ သူ​တို့​အား ပြ​လိမ့်​မည်​မ​ဟုတ်။

40 အ​ကြောင်း​မူ​ကား ယော​န​သည် ငါး​ကြီး​ဝမ်း​ထဲ​၌ သုံး​နေ့​နှင့်​သုံး​ည​နေ​ခဲ့​ရ​သ​ကဲ့​သို့ လူ့​သား​သည်​လည်း မြေ​ကြီး​အ​တွင်း​၌ သုံး​နေ့​နှင့်​သုံး​ည​နေ​ရ​လိမ့်​မည်။

41 တ​ရား​စီ​ရင်​တော်​မူ​သည့်​အ​ခါ နိ​နေ​ဝေ​မြို့​သား​တို့​သည် ဤ​မျိုး​ဆက်​နှင့်​အ​တူ​ထ​မြောက်​လျက် ဤ​မျိုး​ဆက်​၏​အ​ပြစ်​ကို ထင်​ရှား​စေ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား သူ​တို့​သည် ယော​န​၏​ဟော​ပြော​ချက်​ကြောင့် နောင်​တ​ရ​ကြ​၏။ ကြည့်​ရှု​လော့။ ဤ​အ​ရပ်​၌ ယော​န​ထက် ကြီး​မြတ်​သော​သူ​ရှိ​၏။

42 တ​ရား​စီ​ရင်​တော်​မူ​သည့်​အ​ခါ တောင်​အ​ရပ်​မှ​ဘု​ရင်​မ​သည် ဤ​မျိုး​ဆက်​နှင့်​အ​တူ​ထ​မြောက်​လျက် ဤ​မျိုး​ဆက်​၏​အ​ပြစ်​ကို ထင်​ရှား​စေ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား သူ​သည် ရှော​လ​မုန်​၏​ဉာဏ်​ပ​ညာ​စ​ကား​ကို နား​ထောင်​ရန် မြေ​ကြီး​အ​စွန်​အ​ဖျား​မှ​လာ​၏။ ကြည့်​ရှု​လော့။ ဤ​အ​ရပ်​၌ ရှော​လ​မုန်​ထက် ကြီး​မြတ်​သော​သူ​ရှိ​၏။

43 ညစ်​ညူး​သော​နတ်​သည် လူ​ထဲ​မှ​ထွက်​သွား​သည့်​အ​ခါ ခြောက်​သွေ့​သော​အ​ရပ်​ဒေ​သ​များ​သို့ လျှောက်​သွား​ကာ ခို​နား​ရာ​ကို​ရှာ​တတ်​၏။ သို့​သော် ရှာ​၍​မ​တွေ့​သ​ဖြင့်

44 ‘ငါ​ထွက်​လာ​ခဲ့​သော ငါ့​အိမ်​သို့​ပြန်​မည်’​ဟု ဆို​လျက် ပြန်​လာ​ရာ ထို​နေ​ရာ​မှာ လစ်​လပ်​နေ​ပြီး လှဲ​ကျင်း​၍ သပ်​ရပ်​စွာ​ပြင်​ဆင်​ထား​သည်​ကို​တွေ့​လေ​၏။

45 ထို​အ​ခါ ၎င်း​သည်​သွား​၍ မိ​မိ​ထက်​ဆိုး​သော​နတ်​ခု​နစ်​ကောင်​ကို မိ​မိ​နှင့်​အ​တူ​ခေါ်​ဆောင်​လာ​ပြီး ထို​နေ​ရာ​၌ ဝင်​ရောက်​နေ​ထိုင်​သ​ဖြင့် ထို​လူ​၏​နောက်​ဖြစ်​အင်​သည် ရှေ့​ဖြစ်​အင်​ထက် ဆိုး​ရွား​လေ​၏။ ဆိုး​ညစ်​သော​ဤ​မျိုး​ဆက်​၌​လည်း ထို​နည်း​တူ​ဖြစ်​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

ညစ်​ညူး​သော​နတ်​ပြန်​လာ​ခြင်း

46 ကိုယ်​တော်​သည် လူ​ထု​ပ​ရိ​သတ်​တို့​အား မြွက်​ဆို​တော်​မူ​စဉ် ကိုယ်​တော်​၏​မယ်​တော်​နှင့်​ညီ​တော်​တို့​သည် ကိုယ်​တော်​နှင့်​စ​ကား​ပြော​လို​၍ အ​ပြင်​၌ ရပ်​နေ​ကြ​၏။

47 ထို​အ​ခါ လူ​တစ်​ဦး​က “ကိုယ်​တော်​၏​မယ်​တော်​နှင့်​ညီ​တော်​တို့​သည် ကိုယ်​တော်​နှင့်​စ​ကား​ပြော​လို​၍ အ​ပြင်​၌ ရပ်​နေ​ကြ​ပါ​သည်”​ဟု လျှောက်​လေ​၏။

48 ကိုယ်​တော်​က​လည်း “မည်​သူ​သည် ငါ့​အ​မိ​ဖြစ်​ပြီး မည်​သူ​တို့​သည် ငါ့​ညီ​များ​ဖြစ်​ကြ​သ​နည်း”​ဟု မိ​မိ​ထံ​လျှောက်​ထား​သော​သူ​ကို ပြန်​၍​မိန့်​တော်​မူ​၏။

49 ထို့​နောက် တ​ပည့်​တော်​များ​ဘက်​သို့ လက်​တော်​ကို​ညွှန်​လျက် “ကြည့်​ရှု​လော့။ ဤ​သူ​တို့​သည် ငါ့​အ​မိ​နှင့်​ငါ့​ညီ​များ​ပေ​တည်း။

50 အ​ကြောင်း​မူ​ကား ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော ငါ့​ခ​မည်း​တော်​၏​အ​လို​တော်​ကို​ဆောင်​ရွက်​သော​သူ​သည် ငါ့​ညီ၊ ငါ့​နှ​မ၊ ငါ့​အ​မိ​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28