ရှင်​မဿဲ​ခ​ရစ်​ဝင် 19 MSB

ကွာ​ရှင်း​ခြင်း​နှင့်​ဆိုင်​သည့်​သွန်​သင်​ချက်

1 ယေ​ရှု​သည် ဤ​တ​ရား​စ​ကား​တို့​ကို မိန့်​တော်​မူ​ပြီး​သော​အ​ခါ ဂါ​လိ​လဲ​နယ်​မှ​ထွက်​ခွာ​၍ ဂျော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း​ရှိ ယု​ဒ​နယ်​ဆိုင်​ရာ​အ​ရပ်​ဒေ​သ​သို့ ကြွ​တော်​မူ​၏။

2 များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​တို့​သည်​လည်း နောက်​တော်​သို့​လိုက်​ကြ​သ​ဖြင့် ကိုယ်​တော်​သည် ထို​အ​ရပ်​၌ သူ​တို့​ကို ကျန်း​မာ​စေ​တော်​မူ​၏။

3 ထို​အ​ခါ ဖာ​ရိ​ရှဲ​အ​ချို့​တို့​သည် ကိုယ်​တော်​ကို​စမ်း​သပ်​လို​သ​ဖြင့် အ​ထံ​တော်​သို့​ချဉ်း​ကပ်​လာ​၍ “လူ​သည် မည်​သည့်​အ​ကြောင်း​ကြောင့်​မ​ဆို မိ​မိ​မ​ယား​ကို ကွာ​ရှင်း​ခြင်း​သည် တ​ရား​တော်​နှင့်​ညီ​သ​လော”​ဟု မေး​လျှောက်​ကြ​၏။

4 ကိုယ်​တော်​က​လည်း “ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​သည် အ​စ​အ​ဦး​က​ပင် သူ​တို့​ကို ယောက်ျား​နှင့်​မိန်း​မ​အ​ဖြစ် ဖန်​ဆင်း​တော်​မူ​လျက်

5 ‘ထို​အ​ကြောင်း​ကြောင့် ယောက်ျား​သည် မိ​မိ​၏​မိ​ခင်​နှင့်​ဖ​ခင်​တို့​ကို​စွန့်​ခွာ​၍ မိ​မိ​မ​ယား​နှင့်​ပေါင်း​ဖော်​သ​ဖြင့် ထို​သူ​နှစ်​ဦး​တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း​ဖြစ်​ကြ​လိမ့်​မည်’​ဟု မိန့်​တော်​မူ​ခဲ့​ကြောင်း သင်​တို့​မ​ဖတ်​ဖူး​ကြ​သ​လော။

6 သို့​ဖြစ်​၍ သူ​တို့​သည် နှစ်​ဦး​မ​ဟုတ်​တော့​ဘဲ တစ်​သား​တစ်​ကိုယ်​တည်း​ဖြစ်​ကြ​၏။ ထို့​ကြောင့် ဘု​ရား​သ​ခင်​တွဲ​ဖက်​၍ ထမ်း​ပိုး​တင်​တော်​မူ​သော​အ​ရာ​ကို လူ​က မ​ကွဲ​ကွာ​စေ​နှင့်”​ဟု မိန့်​တော်​မူ​၏။

7 ဖာ​ရိ​ရှဲ​တို့​က “သို့​ဖြစ်​လျှင် ဖြတ်​စာ​ကို​ပေး​၍ မ​ယား​ကို​ကွာ​ရှင်း​ရန် အ​ဘယ်​ကြောင့် မော​ရှေ​သည် ပ​ညတ်​ခဲ့​သ​နည်း”​ဟု မေး​လျှောက်​ကြ​၏။

8 ကိုယ်​တော်​က​လည်း “သင်​တို့​၏​စိတ်​နှ​လုံး​မာ​ကျော​သော​ကြောင့် မော​ရှေ​သည် သင်​တို့​အား မ​ယား​ကို​ကွာ​ရှင်း​ခွင့်​ပြု​ခဲ့​၏။ သို့​သော် အ​စ​အ​ဦး​မှ​စ​၍ ထို​ကဲ့​သို့​ဖြစ်​သည်​မ​ဟုတ်။

9 သို့​ဖြစ်​၍ သင်​တို့​အား ငါ​ဆို​သည်​ကား တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​ကြောင့်​မ​ဟုတ်​ဘဲ မိ​မိ​မ​ယား​ကို​ကွာ​ရှင်း​၍ အ​ခြား​မိန်း​မ​နှင့်​ထိမ်း​မြား​စုံ​ဖက်​သော​သူ​သည် အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို​ကျူး​လွန်​၏”​ဟု မိန့်​တော်​မူ​၏။

10 တ​ပည့်​တော်​တို့​က “လင်​နှင့်​မ​ယား​တို့​၏​ဆက်​နွှယ်​မှု​သည် ထို​သို့​ဖြစ်​လျှင် အိမ်​ထောင်​မ​ပြု​ဘဲ​နေ​ခြင်း​သည် သာ​၍​ကောင်း​ပါ​၏”​ဟု လျှောက်​ကြ​၏။

11 ကိုယ်​တော်​က​လည်း “ဤ​စ​ကား​ကို လူ​တိုင်း​ခံ​ယူ​နိုင်​သည်​မ​ဟုတ်။ ထို​သို့​ပြု​ခွင့်​ရ​သော​သူ​တို့​သာ ခံ​ယူ​နိုင်​ကြ​၏။

12 အ​ကြောင်း​မူ​ကား အ​မိ​ဝမ်း​တွင်း​က​ပင် အိမ်​ထောင်​ပြု​နိုင်​စွမ်း​မ​ရှိ​ဘဲ မွေး​လာ​သော​သူ​များ​ရှိ​ကြ​၏။ လူ​တို့​ကြောင့် အိမ်​ထောင်​ပြု​နိုင်​စွမ်း​ကို စွန့်​လွှတ်​ရ​သော​သူ​များ​လည်း​ရှိ​ကြ​၏။ ကောင်း​ကင်​နိုင်​ငံ​တော်​အ​တွက် အိမ်​ထောင်​ပြု​နိုင်​စွမ်း​ကို ကိုယ်​တိုင်​စွန့်​လွှတ်​သော​သူ​များ​လည်း​ရှိ​ကြ​၏။ ဤ​အ​ရာ​ကို ခံ​ယူ​နိုင်​သော​သူ​သည် ခံ​ယူ​စေ”​ဟု မိန့်​တော်​မူ​၏။

က​လေး​သူ​ငယ်​များ​ကို​ကောင်း​ချီး​ပေး​ခြင်း

13 ထို့​နောက် လက်​တော်​တင်​လျက် ဆု​တောင်း​ပေး​စေ​ရန် လူ​တို့​သည် က​လေး​သူ​ငယ်​များ​ကို အ​ထံ​တော်​သို့​ခေါ်​ဆောင်​လာ​ကြ​၏။ သို့​သော် တ​ပည့်​တော်​တို့​သည် သူ​တို့​ကို​ဆူ​ငေါက်​ကြ​၏။

14 ယေ​ရှု​က​လည်း “က​လေး​သူ​ငယ်​တို့​ကို ရှိ​ကြ​ပါ​လေ​စေ။ ငါ့​ထံ​သို့ သူ​တို့​လာ​ကြ​သည်​ကို မ​တား​ဆီး​ကြ​နှင့်။ အ​ကြောင်း​မူ​ကား ကောင်း​ကင်​နိုင်​ငံ​တော်​သည် ထို​သို့​သော​သူ​တို့​၏​နိုင်​ငံ​ဖြစ်​၏”​ဟု မိန့်​တော်​မူ​လျက်

15 သူ​တို့​အ​ပေါ်​၌ လက်​တော်​တင်​ပြီး​လျှင် ထို​နေ​ရာ​မှ ကြွ​တော်​မူ​၏။

ချမ်း​သာ​သော​လူ​ငယ်

16 ထို့​နောက် လူ​တစ်​ဦး​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​လာ​၍ “ဆ​ရာ၊ ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​ရန် အ​ကျွန်ုပ်​သည် မည်​သည့်​ကောင်း​မြတ်​သော​အ​မှု​ကို ပြု​ရ​ပါ​မည်​နည်း”​ဟု မေး​လျှောက်​လေ​၏။

17 ကိုယ်​တော်​က​လည်း “ကောင်း​မြတ်​သော​အ​မှု​နှင့်​ပတ်​သက်​၍ အ​ဘယ်​ကြောင့် ငါ့​ကို​မေး​သ​နည်း။ ကောင်း​မြတ်​သော​အ​ရှင်​တစ်​ပါး​တည်း​သာ​ရှိ​တော်​မူ​၏။ သင်​သည် အ​သက်​ရှင်​ခြင်း​သို့​ဝင်​စား​လို​လျှင် ပ​ညတ်​တော်​တို့​ကို စောင့်​ထိန်း​လော့”​ဟု မိန့်​တော်​မူ​၏။

18 ထို​သူ​က​လည်း “မည်​သည့်​ပ​ညတ်​တော်​များ​နည်း”​ဟု မေး​လျှောက်​ပြန်​သော် ယေ​ရှု​က “လူ​မ​သတ်​ရ။ အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို မ​ကျူး​လွန်​ရ။ မ​ခိုး​ယူ​ရ။ မ​မှန်​သော​သက်​သေ​ထွက်​ဆို​ခြင်း​မ​ပြု​ရ။

19 မိ​ခင်​နှင့်​ဖ​ခင်​တို့​ကို ရို​သေ​လော့။ ကိုယ့်​ဝန်း​ကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်”​ဟု မိန့်​တော်​မူ​၏။

20 ထို​လူ​ငယ်​က “အ​ကျွန်ုပ်​သည် ဤ​အ​ရာ​အား​လုံး​ကို​စောင့်​ထိန်း​ပါ​ပြီ။ မည်​သည့်​အ​ရာ​လို​ပါ​သေး​သ​နည်း”​ဟု လျှောက်​လေ​၏။

21 ယေ​ရှု​က “သင်​သည် စုံ​လင်​ခြင်း​သို့​ရောက်​လို​လျှင် သွား​၍ သင်​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ရောင်း​ပြီး​လျှင် ဆင်း​ရဲ​သား​တို့​အား ပေး​ကမ်း​လော့။ ထို​သို့​ပြု​လျှင် သင်​သည် ကောင်း​ကင်​ဘုံ​၌​ဥစ္စာ​ဘဏ္ဍာ​ကို​ရ​လိမ့်​မည်။ ထို့​နောက် လာ​၍ ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်​မူ​၏။

22 ထို​လူ​ငယ်​သည် ဥစ္စာ​ပစ္စည်း​ကြွယ်​ဝ​သူ​ဖြစ်​သော​ကြောင့် ထို​စ​ကား​ကို​ကြား​လျှင် ဝမ်း​နည်း​လျက် ထွက်​သွား​လေ​၏။

ချမ်း​သာ​သော​သူ​နှင့်​ကောင်း​ကင်​နိုင်​ငံ​တော်

23 ထို​အ​ခါ ယေ​ရှု​က “သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား ချမ်း​သာ​သော​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်​သို့​ဝင်​ရန် ခဲ​ယဉ်း​လှ​၏။

24 တစ်​ဖန် သင်​တို့​အား ငါ​ဆို​သည်​ကား ချမ်း​သာ​သော​သူ​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဝင်​ရန်​ထက် ကု​လား​အုပ်​သည် အပ်​န​ဖား​ပေါက်​မှ​လျှို​ဝင်​ရန် ပို​၍​လွယ်​ကူ​၏”​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။

25 တ​ပည့်​တော်​တို့​သည် ထို​စ​ကား​ကို​ကြား​လျှင် အ​လွန်​အံ့​အား​သင့်​လျက် “သို့​ဖြစ်​လျှင် မည်​သူ​သည် ကယ်​တင်​ခြင်း​ခံ​ရ​နိုင်​ပါ​မည်​နည်း”​ဟု ပြော​ဆို​ကြ​၏။

26 သို့​သော် ယေ​ရှု​သည် သူ​တို့​ကို​စူး​စိုက်​ကြည့်​လျက် “ဤ​အ​ရာ​သည် လူ​တို့​အ​တွက် မ​ဖြစ်​နိုင်​သော်​လည်း ဘု​ရား​သ​ခင်​အ​တွက် အ​ရာ​ခပ်​သိမ်း​သည် ဖြစ်​နိုင်​၏”​ဟု မိန့်​တော်​မူ​၏။

27 ထို​အ​ခါ ပေ​တ​ရု​က “အ​ကျွန်ုပ်​တို့​သည် ရှိ​သ​မျှ​ကို​စွန့်​၍ ကိုယ်​တော်​၏​နောက်​သို့​လိုက်​ခဲ့​ကြ​ပါ​ပြီ။ သို့​ဖြစ်​လျှင် အ​ကျွန်ုပ်​တို့ မည်​သည့်​အ​ရာ​ကို ရ​ရှိ​ပါ​မည်​နည်း”​ဟု လျှောက်​လေ​၏။

28 ယေ​ရှု​က​လည်း “သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား အ​လုံး​စုံ​တို့​ကို​အ​သစ်​ပြု​ပြင်​သော​ကာ​လ​၌ လူ့​သား​သည် မိ​မိ​၏​ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော​ပလ္လင်​ပေါ်​တွင်​ထိုင်​သော​အ​ခါ ငါ့​နောက်​သို့​လိုက်​သော​သင်​တို့​သည်​လည်း ပလ္လင်​တစ်​ဆယ့်​နှစ်​ခု​ပေါ်​ထိုင်​လျက် အစ္စ​ရေး​မျိုး​နွယ်​စု​တစ်​ဆယ့်​နှစ်​စု​ကို တ​ရား​စီ​ရင်​ကြ​ရ​လိမ့်​မည်။

29 ငါ​၏​နာ​မ​ကြောင့် အိမ်​ကို​ဖြစ်​စေ၊ ညီ​အစ်​ကို​မောင်​နှ​မ​များ​ကို​ဖြစ်​စေ၊ အ​ဖ​ကို​ဖြစ်​စေ၊ အ​မိ​ကို​ဖြစ်​စေ၊ သား​သ​မီး​များ​ကို​ဖြစ်​စေ၊ မြေ​ယာ​များ​ကို​ဖြစ်​စေ စွန့်​သော​သူ​တိုင်း​သည် အ​ဆ​တစ်​ရာ​သော​အ​ကျိုး​ကို​ခံ​စား​ရ​လျက် ထာ​ဝ​ရ​အ​သက်​ကို​အ​မွေ​ဆက်​ခံ​ရ​လိမ့်​မည်။

30 သို့​သော် အ​ဦး​ဆုံး​သော​သူ​များ​စွာ​တို့​သည် နောက်​ဆုံး​ဖြစ်​ကြ​ပြီး နောက်​ဆုံး​သော​သူ​များ​စွာ​တို့​သည် အ​ဦး​ဆုံး​ဖြစ်​ကြ​လိမ့်​မည်။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28