ရှင်​မဿဲ​ခ​ရစ်​ဝင် 23 MSB

သူ​တော်​ကောင်း​ယောင်​ဆောင်​သူ​တို့​ကို ရှုတ်​ချ​တော်​မူ​ခြင်း

1 ထို့​နောက် ယေ​ရှု​သည် လူ​ထု​ပ​ရိ​သတ်​များ​နှင့် တ​ပည့်​တော်​တို့​အား မြွက်​ဆို​တော်​မူ​သည်​မှာ

2 “ကျမ်း​ပြု​ဆ​ရာ​များ​နှင့် ဖာ​ရိ​ရှဲ​တို့​သည် မော​ရှေ​၏​ထိုင်​ခုံ​ပေါ်​၌ ထိုင်​နေ​ကြ​၏။

3 ထို့​ကြောင့် သင်​တို့​အား သူ​တို့​ပြော​သ​မျှ​သော​အ​ရာ​အား​လုံး​ကို ကျင့်​သုံး​၍ စောင့်​ထိန်း​ကြ​လော့။ သို့​သော် သူ​တို့​ပြု​သည့်​အ​တိုင်း မ​ပြု​ကြ​နှင့်။ အ​ကြောင်း​မူ​ကား သူ​တို့​သည် ပြော​သော်​လည်း မ​ကျင့်​သုံး​ကြ။

4 သူ​တို့​သည် လေး​လံ​၍ ထမ်း​ရ​ခက်​သော​ဝန်​များ​ကို ထုပ်​ပိုး​လျက် လူ​တို့​၏​ပ​ခုံး​ပေါ်​တင်​တတ်​ကြ​၏။ သူ​တို့​ကိုယ်​တိုင်​က​မူ ၎င်း​တို့​ကို မိ​မိ​တို့​၏​လက်​ဖျား​နှင့်​မျှ မ​ရွှေ့​လို​ကြ။

5 သူ​တို့​သည် မိ​မိ​တို့​ပြု​သ​မျှ​သော​အ​မှု​တို့​ကို လူ​တို့​မြင်​စေ​ရန်​သာ​ပြု​ကြ​၏။ အ​ကြောင်း​မူ​ကား သူ​တို့​သည် မိ​မိ​တို့​၏​ကျမ်း​လက်​ဖွဲ့​အ​ဆောင်​များ​ကို​ကြီး​စွာ​လုပ်​၍ ဝတ်​ရုံ​ပန်း​ဖွား​များ​ကို ရှည်​လျား​စွာ​ထား​ကြ​၏။

6 စား​သောက်​ပွဲ​များ​၌ အ​ထူး​နေ​ရာ​ကို​လည်း​ကောင်း၊ ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​၌ အ​ထူး​ထိုင်​ခုံ​များ​ကို​လည်း​ကောင်း၊

7 ဈေး​အ​ရပ်​၌ နှုတ်​ဆက်​ခံ​ရ​ခြင်း​ကို​လည်း​ကောင်း၊ သူ​တို့​ကို​ရဗ္ဗိ​ဟု​လူ​တို့​ခေါ်​ဝေါ်​ကြ​သည်​ကို​လည်း​ကောင်း နှစ်​သက်​ကြ​၏။

8 သို့​သော် သင်​တို့​သည် ရဗ္ဗိ​ဟု​ခေါ်​ဝေါ်​ခြင်း​ကို​မ​ခံ​ကြ​နှင့်။ အ​ကြောင်း​မူ​ကား သင်​တို့​၏​ဆ​ရာ​သည် တစ်​ပါး​တည်း​သာ​ရှိ​၍ သင်​တို့​အား​လုံး​သည် ညီ​အစ်​ကို​များ​ဖြစ်​ကြ​၏။

9 မြေ​ကြီး​ပေါ်​၌ မည်​သူ့​ကို​မျှ အ​ဖ​ဟူ​၍​လည်း မ​ခေါ်​ကြ​နှင့်။ အ​ကြောင်း​မူ​ကား သင်​တို့​တွင် ကောင်း​ကင်​ဘုံ​ရှင် အ​ဖ​တစ်​ပါး​တည်း​ရှိ​တော်​မူ​၏။

10 သင်​တို့​သည် ခေါင်း​ဆောင်​ဟု​လည်း ခေါ်​ဝေါ်​ခြင်း​ကို​မ​ခံ​ကြ​နှင့်။ အ​ကြောင်း​မူ​ကား သင်​တို့​၏​ခေါင်း​ဆောင်​သည် ခ​ရစ်​တော်​တစ်​ပါး​တည်း​ဖြစ်​၏။

11 သင်​တို့​တွင် အ​ကြီး​မြတ်​ဆုံး​ဖြစ်​သော​သူ​သည် သင်​တို့​၏​အ​စေ​ခံ​ဖြစ်​ရ​မည်။

12 မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​သော​သူ​သည် နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​၍ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​သော​သူ​သည် ချီး​မြှောက်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

13 သူ​တော်​ကောင်း​ယောင်​ဆောင်​သော ကျမ်း​ပြု​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ကောင်း​ကင်​နိုင်​ငံ​တော်​ကို လူ​တို့​ရှေ့​၌​ပိတ်​ထား​၍ သင်​တို့​ကိုယ်​တိုင်​လည်း​မ​ဝင်၊ ဝင်​လို​သော​သူ​များ​ကို​လည်း ဝင်​ခွင့်​မ​ပေး​ကြ။

14 [သူ​တော်​ကောင်း​ယောင်​ဆောင်​သော ကျမ်း​ပြု​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် မု​ဆိုး​မ​တို့​၏​အိမ်​ကို မ​တ​ရား​သိမ်း​ယူ​ပြီး ဟန်​ပြ​၍ ရှည်​လျား​စွာ​ဆု​တောင်း​တတ်​ကြ​၏။ ထို့​ကြောင့် သင်​တို့​သည် ပို​၍​ကြီး​လေး​သော​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။]

15 သူ​တော်​ကောင်း​ယောင်​ဆောင်​သော ကျမ်း​ပြု​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် လူ​တစ်​ဦး​ကို ဂျူး​ဘာ​သာ​ဝင်​ဖြစ်​လာ​စေ​ရန် ပင်​လယ်​နှင့်​ကုန်း​မြေ​တို့​တွင် လှည့်​လည်​ကြ​ပြီး ဘာ​သာ​ဝင်​ဖြစ်​လာ​သော​အ​ခါ ထို​သူ​ကို သင်​တို့​ထက် နှစ်​ဆ​ဆိုး​သော​င​ရဲ​သား​ဖြစ်​စေ​ကြ​၏။

16 မျက်​စိ​မ​မြင်​သော​လမ်း​ပြ​တို့၊ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​က မည်​သူ​မ​ဆို ဗိ​မာန်​တော်​ကို တိုင်​တည်​ပြော​ဆို​လျှင် အ​ကျုံး​မ​ဝင်။ သို့​သော် ဗိ​မာန်​တော်​၏​ရွှေ​ကို တိုင်​တည်​ပြော​ဆို​လျှင် ထို​အ​တိုင်း​ပြု​ရန်​တာ​ဝန်​ရှိ​၏​ဟု ဆို​ကြ​၏။

17 မိုက်​မဲ​သော​မျက်​မ​မြင်​တို့၊ မည်​သည့်​အ​ရာ​သည် ပို​၍​ကြီး​မြတ်​သ​နည်း။ ထို​ရွှေ​လော သို့​မ​ဟုတ် ထို​ရွှေ​ကို​သန့်​ရှင်း​စေ​သည့် ဗိ​မာန်​တော်​လော။

18 ထို့​ပြင် သင်​တို့​က မည်​သူ​မ​ဆို ယဇ်​ပလ္လင်​ကို တိုင်​တည်​ပြော​ဆို​လျှင် အ​ကျုံး​မ​ဝင်။ သို့​သော် ယဇ်​ပလ္လင်​ပေါ်​၌​ရှိ​သော ပူ​ဇော်​သက္ကာ​ကို တိုင်​တည်​ပြော​ဆို​လျှင် ထို​အ​တိုင်း​ပြု​ရန် တာ​ဝန်​ရှိ​၏’​ဟု ဆို​ကြ​၏။

19 မျက်​မ​မြင်​တို့၊ မည်​သည့်​အ​ရာ​သည် ပို​၍​ကြီး​မြတ်​သ​နည်း။ ပူ​ဇော်​သက္ကာ​လော သို့​မ​ဟုတ် ပူ​ဇော်​သက္ကာ​ကို​သန့်​ရှင်း​စေ​သည့် ယဇ်​ပလ္လင်​လော။

20 ထို့​ကြောင့် ယဇ်​ပလ္လင်​ကို တိုင်​တည်​ပြော​ဆို​သော​သူ​သည် ယဇ်​ပလ္လင်​နှင့်​တ​ကွ ၎င်း​အ​ပေါ်​၌​ရှိ​သ​မျှ​တို့​ကို တိုင်​တည်​ပြော​ဆို​၏။

21 ထို့​အ​တူ ဗိ​မာန်​တော်​ကို တိုင်​တည်​ပြော​ဆို​သော​သူ​သည် ဗိ​မာန်​တော်​နှင့်​တ​ကွ ၎င်း​တွင်​ကိန်း​ဝပ်​တော်​မူ​သော​အ​ရှင်​ကို တိုင်​တည်​ပြော​ဆို​၏။

22 ကောင်း​ကင်​ကို တိုင်​တည်​ပြော​ဆို​သော​သူ​သည်​လည်း ဘု​ရား​သ​ခင်​၏​ပလ္လင်​တော်​နှင့်​တ​ကွ ၎င်း​အ​ပေါ်​၌ ထိုင်​တော်​မူ​သော​အ​ရှင်​ကို တိုင်​တည်​ပြော​ဆို​၏။

23 သူ​တော်​ကောင်း​ယောင်​ဆောင်​သော ကျမ်း​ပြု​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ပင်​စိမ်း၊ စ​မုန်​စ​ပါး​နှင့် ဇီ​ရာ​တို့​ကို ဆယ်​ဖို့​တစ်​ဖို့​ပေး​လှူ​ကြ​၏။ သို့​သော် ပ​ညတ်​တ​ရား​ထဲ​မှ ပို​၍​အ​ရေး​ကြီး​သော တ​ရား​မျှ​တ​ခြင်း၊ က​ရု​ဏာ​ထား​ခြင်း​နှင့် သစ္စာ​စောင့်​ခြင်း​တို့​ကို ချန်​လှပ်​ထား​ကြ​၏။ ဤ​အ​ရာ​များ​ကို ပြု​ရ​မည်​ဖြစ်​ပြီး အ​ထက်​တွင်​ဆို​သော​အ​ရာ​များ​ကို​လည်း ချန်​လှပ်​မ​ထား​ရ။

24 မျက်​စိ​မ​မြင်​သော​လမ်း​ပြ​တို့၊ သင်​တို့​သည် မှက်​ကောင်​ကို​စစ်​ထုတ်​ကြ​သော်​လည်း ကု​လား​အုပ်​ကို​မူ​ကား မျို​ချ​ကြ​၏။

25 သူ​တော်​ကောင်း​ယောင်​ဆောင်​သော ကျမ်း​ပြု​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ခွက်​နှင့်​ပန်း​ကန်​တို့​၏​အ​ပြင်​ဘက်​ကို စင်​ကြယ်​စေ​ကြ​သော်​လည်း အ​တွင်း​၌​ကား မ​တ​ရား​လု​ယူ​ခြင်း​နှင့် ကိုယ့်​အ​လို​သို့​လိုက်​ခြင်း​တို့​ဖြင့် ပြည့်​နှက်​လျက်​ရှိ​ကြ​၏။

26 မျက်​စိ​မ​မြင်​သော​ဖာ​ရိ​ရှဲ​တို့၊ ခွက်​၏​အ​တွင်း​ဘက်​ကို ဦး​စွာ​စင်​ကြယ်​စေ​ကြ​လော့။ ထို​သို့​ပြု​လျှင် ၎င်း​၏​အ​ပြင်​ဘက်​လည်း စင်​ကြယ်​လာ​လိမ့်​မည်။

27 သူ​တော်​ကောင်း​ယောင်​ဆောင်​သော ကျမ်း​ပြု​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ထုံး​ဖြူ​သုတ်​ထား​သည့် သင်္ချိုင်း​ဂူ​များ​နှင့်​တူ​ကြ​၏။ ၎င်း​တို့​သည် အ​ပြင်​ဘက်​၌ တင့်​တယ်​စွာ​ထင်​ရှား​သော်​လည်း အ​တွင်း​၌​ကား လူ​သေ​တို့​၏​အ​ရိုး​များ​နှင့် ညစ်​ညူး​သော​အ​ရာ​အ​မျိုး​မျိုး​တို့​ဖြင့် ပြည့်​နှက်​လျက်​ရှိ​ကြ​၏။

28 ထို​နည်း​တူ သင်​တို့​သည်​လည်း အ​ပြင်​ဘက်​၌ လူ​တို့​ရှေ့​တွင် ဖြောင့်​မတ်​ဟန်​ရှိ​ကြ​သော်​လည်း အ​တွင်း​၌​ကား သူ​တော်​ကောင်း​ယောင်​ဆောင်​ခြင်း​နှင့် တ​ရား​မဲ့​ခြင်း​တို့​ဖြင့် ပြည့်​နှက်​လျက်​ရှိ​ကြ​၏။

29 သူ​တော်​ကောင်း​ယောင်​ဆောင်​သော ကျမ်း​ပြု​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ပ​ရော​ဖက်​တို့​၏​သင်္ချိုင်း​ဂူ​များ​ကို တည်​ဆောက်​၍ ဖြောင့်​မတ်​သော​သူ​တို့​၏​သင်္ချိုင်း​ဂူ​များ​ကို တန်​ဆာ​ဆင်​ကာ

30 ‘ငါ​တို့​သည် ငါ​တို့​၏​ဘိုး​ဘေး​များ​လက်​ထက်​၌​ရှိ​ခဲ့​လျှင် ပ​ရော​ဖက်​တို့​ကို သွေး​မြေ​ကျ​စေ​သော​သူ​တို့​၏​အ​ပေါင်း​အ​ဖော်​ဖြစ်​ကြ​မည်​မ​ဟုတ်’​ဟု ပြော​ကြ​၏။

31 ဤ​သို့​ဖြင့် သင်​တို့​သည် ပ​ရော​ဖက်​တို့​ကို​သတ်​ခဲ့​သော​သူ​တို့​၏​အ​မျိုး​အ​နွယ်​များ​ဖြစ်​ကြောင်း သင်​တို့​ကိုယ်​တိုင်​သက်​သေ​ခံ​ကြ​၏။

32 သင်​တို့​သည်​လည်း သင်​တို့​ဘိုး​ဘေး​များ​၏​အ​ပြစ်​ပ​မာ​ဏ​ကို​ပြည့်​အောင် ဖြည့်​စွက်​ကြ​လော့။

33 အ​ချင်း​မြွေ​တို့၊ မြွေ​ဆိုး​အ​မျိုး​တို့၊ သင်​တို့​သည် င​ရဲ​၌​အ​ပြစ်​စီ​ရင်​ခံ​ရ​ခြင်း​မှ မည်​ကဲ့​သို့​လွတ်​မြောက်​နိုင်​ကြ​မည်​နည်း။

34 ထို့​ကြောင့် ငါ​သည် ပ​ရော​ဖက်​များ၊ ပ​ညာ​ရှိ​များ​နှင့် ကျမ်း​ပြု​ဆ​ရာ​များ​ကို သင်​တို့​ထံ​သို့​စေ​လွှတ်​မည်။ ထို​အ​ခါ သင်​တို့​သည် သူ​တို့​ထဲ​မှ အ​ချို့​တို့​ကို​သတ်​၍ လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ကြ​ပြီး အ​ချို့​တို့​ကို သင်​တို့​၏​ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​၌ ဒဏ်​ခတ်​ရိုက်​နှက်​ကာ တစ်​မြို့​မှ​တစ်​မြို့​သို့ လိုက်​လံ​ညှဉ်း​ဆဲ​ကြ​လိမ့်​မည်။

35 သို့​ဖြစ်​၍ ဖြောင့်​မတ်​သော​သူ၊ အာ​ဗေ​လ​၏​သွေး​မှ​စ​၍ ဗိ​မာန်​တော်​နှင့်​ယဇ်​ပလ္လင်​ကြား​တွင် သင်​တို့​သတ်​ခဲ့​သော ဗာ​ရ​ခိ​၏​သား ဇာ​ခ​ရိ​၏​သွေး​တိုင်​အောင် မြေ​ကြီး​ပေါ်​၌ သွန်း​လောင်း​ခြင်း​ခံ​ရ​သည့် ဖြောင့်​မတ်​သော​သူ​တို့​၏​သွေး​ကြွေး​ရှိ​သ​မျှ​သည် သင်​တို့​အ​ပေါ်​သို့ ကျ​ရောက်​လိမ့်​မည်။

36 သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ ဤ​အ​ရာ​အား​လုံး​တို့​သည် ဤ​မျိုး​ဆက်​အ​ပေါ် ကျ​ရောက်​လိမ့်​မည်။

37 အို ဂျေ​ရု​ဆ​လင်​မြို့၊ ဂျေ​ရု​ဆ​လင်​မြို့၊ ပ​ရော​ဖက်​များ​ကို​သတ်​၍ မိ​မိ​ထံ​သို့ စေ​လွှတ်​ခြင်း​ခံ​ရ​သော​သူ​တို့​ကို ခဲ​နှင့်​ပေါက်​သတ်​သော​မြို့၊ ကြက်​မ​သည် မိ​မိ​၏​ကြက်​က​လေး​များ​ကို အ​တောင်​အောက်​၌​စု​သိမ်း​သ​ကဲ့​သို့ ငါ​သည် သင်​၏​သား​သ​မီး​တို့​ကို​စု​သိမ်း​ရန် ကြိမ်​ဖန်​များ​စွာ အ​လို​ရှိ​ခဲ့​၏။ သို့​သော် သင်​သည်​အ​လို​မ​ရှိ။

38 ကြည့်​ရှု​လော့။ သင်​တို့​၏​အိမ်​သည် လူ​သူ​ကင်း​ဝေး​ရာ​အ​ရပ်​အ​ဖြစ် သင်​တို့​ထံ​၌ စွန့်​ပစ်​ထား​ခြင်း​ခံ​ရ​လိမ့်​မည်။

39 သင်​တို့​အား ငါ​ဆို​သည်​ကား ‘ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​၌ ကြွ​လာ​တော်​မူ​သော​အ​ရှင်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း’​ဟု သင်​တို့​မ​ပြော​မီ​တိုင်​အောင် ယ​ခု​မှ​စ​၍ သင်​တို့​သည် ငါ့​ကို​လုံး​ဝ​မြင်​ရ​လိမ့်​မည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28