ရှင်​မဿဲ​ခ​ရစ်​ဝင် 6 MSB

1 သင်​တို့​၏​ဖြောင့်​မတ်​သော​အ​မှု​ကို လူ​တို့​မြင်​စေ​ရန် လူ​တို့​ရှေ့​၌​မ​ပြု​ကြ​မည့်​အ​ကြောင်း သ​တိ​ထား​ကြ​လော့။ သို့​မ​ဟုတ်​လျှင် ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော​သင်​တို့​အ​ဖ​ထံ​မှ အ​ကျိုး​ကျေး​ဇူး​ကို သင်​တို့​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။

2 ထို့​ကြောင့် သင်​သည် ပေး​ကမ်း​စွန့်​ကြဲ​သော​အ​ခါ သူ​တော်​ကောင်း​ယောင်​ဆောင်​သော​သူ​တို့​သည် လူ​တို့​၏​ချီး​မွမ်း​ခြင်း​ကို​ခံ​ရ​ရန်​အ​တွက် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​နှင့် လမ်း​ကြား​များ​တွင် ပြု​တတ်​ကြ​သ​ကဲ့​သို့ မိ​မိ​၏​ရှေ့​၌​တံ​ပိုး​ကို​မ​မှုတ်​စေ​နှင့်။ သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ သူ​တို့​သည် မိ​မိ​တို့​၏​အ​ကျိုး​ကျေး​ဇူး​ကို​ရ​ကြ​လေ​ပြီ။

3 သင်​မူ​ကား ပေး​ကမ်း​စွန့်​ကြဲ​သော​အ​ခါ သင်​၏​ပေး​ကမ်း​စွန့်​ကြဲ​ခြင်း​သည် မ​ထင်​ရှား​မည့်​အ​ကြောင်း သင်​၏​လက်​ယာ​လက်​ပြု​သည့်​အ​ရာ​ကို သင်​၏​လက်​ဝဲ​လက်​အား​မ​သိ​စေ​နှင့်။

4 ထို​အ​ခါ မ​ထင်​ရှား​သော​အ​ရာ​ကို​မြင်​တော်​မူ​သော သင်​၏​အ​ဖ​သည် သင့်​အား ဆု​လာဘ်​ကို​ပေး​တော်​မူ​လိမ့်​မည်။

5 သင်​တို့​ဆု​တောင်း​သော​အ​ခါ​တွင်​လည်း သူ​တော်​ကောင်း​ယောင်​ဆောင်​သော​သူ​တို့​ကဲ့​သို့ မ​ပြု​ကြ​နှင့်။ အ​ကြောင်း​မူ​ကား သူ​တို့​သည် လူ​တို့​မြင်​စေ​ရန် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​နှင့်​လမ်း​ဆုံ​လမ်း​ခွ​များ​တွင် မတ်​တတ်​ရပ်​လျက် ဆု​တောင်း​သည်​ကို နှစ်​သက်​ကြ​၏။ သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ သူ​တို့​သည် မိ​မိ​တို့​၏​အ​ကျိုး​ကျေး​ဇူး​ကို​ရ​ကြ​လေ​ပြီ။

6 သင်​မူ​ကား ဆု​တောင်း​သော​အ​ခါ သင်​၏​အိမ်​အ​တွင်း​ခန်း​သို့​ဝင်​၍ တံ​ခါး​ကို​ပိတ်​ပြီး​လျှင် မ​ထင်​ရှား​သော​အ​ရပ်​၌​ရှိ​တော်​မူ​သော သင်​၏​အ​ဖ​ထံ​သို့ ဆု​တောင်း​လော့။ ထို​အ​ခါ မ​ထင်​ရှား​သော​အ​ရာ​ကို​မြင်​တော်​မူ​သော သင်​၏​အ​ဖ​သည် သင့်​အား ဆု​လာဘ်​ကို​ပေး​တော်​မူ​လိမ့်​မည်။

7 ထို့​ပြင် သင်​တို့​ဆု​တောင်း​သော​အ​ခါ သာ​သ​နာ​ပ​လူ​မျိုး​ခြား​တို့​ကဲ့​သို့ တ​တွတ်​တွတ် အ​ချည်း​နှီး​မ​ရွတ်​ဆို​ကြ​နှင့်။ သူ​တို့​သည် များ​စွာ​သော​စ​ကား​တို့​ကို​ရွတ်​ဆို​လျှင် သူ​တို့​ကို နား​ထောင်​ပေး​လိမ့်​မည်​ဟု ထင်​မှတ်​ကြ​၏။

8 သို့​ဖြစ်​၍ သူ​တို့​ကဲ့​သို့ မ​ပြု​ကြ​နှင့်။ အ​ကြောင်း​မူ​ကား သင်​တို့​အ​ဖ​သည် သင်​တို့​မ​တောင်း​မီ​က​ပင် သင်​တို့​လို​အပ်​သော​အ​ရာ​များ​ကို သိ​နှင့်​တော်​မူ​၏။

9 ထို့​ကြောင့် ဤ​သို့​ဆု​တောင်း​ကြ​လော့။ ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော အ​ကျွန်ုပ်​တို့​အ​ဖ၊ ကိုယ်​တော်​၏​နာ​မ​တော်​သည် ရို​သေ​လေး​မြတ်​ခြင်း​ခံ​ရ​ပါ​စေ​သော။

10 နိုင်​ငံ​တော်​ပေါ်​ထွန်း​ပါ​စေ​သော။ အ​လို​တော်​သည် ကောင်း​ကင်​ဘုံ​၌ ပြည့်​စုံ​သ​ကဲ့​သို့ မြေ​ကြီး​ပေါ်​၌​လည်း ပြည့်​စုံ​ပါ​စေ​သော။

11 အ​ကျွန်ုပ်​တို့​အ​တွက် တစ်​နေ့​တာ​လို​အပ်​သော​အ​စာ​ကို ယ​နေ့​ပေး​သ​နား​တော်​မူ​ပါ။

12 အ​ကျွန်ုပ်​တို့​အ​ပေါ် အ​ပြစ်​ကြွေး​ရှိ​သူ​များ​ကို အ​ကျွန်ုပ်​တို့​ခွင့်​လွှတ်​သ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​၏​အ​ပြစ်​ကြွေး​များ​ကို​လည်း ခွင့်​လွှတ်​တော်​မူ​ပါ။

13 ဖြား​ယောင်း​သွေး​ဆောင်​ရာ​သို့ မ​လိုက်​မ​ပါ​စေ​ဘဲ မ​ကောင်း​သော​အ​မှု​အ​ရာ​မှ အ​ကျွန်ုပ်​တို့​ကို ကယ်​နုတ်​တော်​မူ​ပါ။ [အ​ကြောင်း​မူ​ကား နိုင်​ငံ​တော်၊ တန်​ခိုး​တော်​နှင့် ဘုန်း​အ​သ​ရေ​တော်​သည် ကမ္ဘာ​အ​ဆက်​ဆက် ကိုယ်​တော်​၌​ရှိ​ပါ​၏။ အာ​မင်။]

14 သင်​တို့​သည် သူ​တစ်​ပါး​ကျူး​လွန်​သော​အ​ပြစ်​များ​ကို ခွင့်​လွှတ်​လျှင် ကောင်း​ကင်​ဘုံ​ရှင် သင်​တို့​အ​ဖ​သည်​လည်း သင်​တို့​ကို ခွင့်​လွှတ်​တော်​မူ​လိမ့်​မည်။

15 သို့​သော် သင်​တို့​သည် သူ​တစ်​ပါး​ကို​ခွင့်​မ​လွှတ်​လျှင် သင်​တို့​အ​ဖ​သည်​လည်း သင်​တို့​ကျူး​လွန်​သော​အ​ပြစ်​များ​ကို ခွင့်​လွှတ်​တော်​မူ​မည်​မ​ဟုတ်။

16 သင်​တို့​သည် အ​စာ​ရှောင်​ကြ​သော​အ​ခါ သူ​တော်​ကောင်း​ယောင်​ဆောင်​သော​သူ​တို့​ကဲ့​သို့ မျက်​နှာ​ညှိုး​ငယ်​ခြင်း​မ​ရှိ​စေ​ကြ​နှင့်။ အ​ကြောင်း​မူ​ကား သူ​တို့​သည် မိ​မိ​တို့​အ​စာ​ရှောင်​နေ​ကြောင်း လူ​တို့​ရှေ့​၌​ထင်​ရှား​စေ​ရန် မျက်​နှာ​ရှုံ့​မဲ့​ထား​တတ်​ကြ​၏။ သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ သူ​တို့​သည် မိ​မိ​တို့​၏​အ​ကျိုး​ကျေး​ဇူး​ကို​ရ​ကြ​လေ​ပြီ။

17-18 သို့​သော် သင်​သည် အ​စာ​ရှောင်​သော​အ​ခါ မိ​မိ​အ​စာ​ရှောင်​နေ​ကြောင်း​ကို လူ​တို့​ရှေ့​၌​မ​ထင်​ရှား​စေ​ဘဲ မ​ထင်​ရှား​သော​အ​ရပ်​၌​ရှိ​တော်​မူ​သော သင်​၏​အ​ဖ​ရှေ့​တော်​၌​သာ ထင်​ရှား​စေ​ရန် သင်​၏​ခေါင်း​ကို​ဆီ​လိမ်း​၍ သင်​၏​မျက်​နှာ​ကို​သစ်​လော့။ ထို​အ​ခါ မ​ထင်​ရှား​သော​အ​ရာ​ကို​မြင်​တော်​မူ​သော သင်​၏​အ​ဖ​သည် သင့်​အား ဆု​လာဘ်​ကို​ပေး​တော်​မူ​လိမ့်​မည်။

19 ပိုး​မွှား​နှင့်​သံ​ချေး​ဖျက်​ဆီး​တတ်​၍ သူ​ခိုး​များ​ဖောက်​ထွင်း​ခိုး​ယူ​နိုင်​ရာ မြေ​ကြီး​ပေါ်​၌ ဥစ္စာ​ဘဏ္ဍာ​များ​ကို သင်​တို့​အ​တွက် သို​မှီး​မ​ထား​ကြ​နှင့်။

20 ပိုး​မွှား​နှင့်​သံ​ချေး​မ​ဖျက်​ဆီး​တတ်၊ သူ​ခိုး​များ​လည်း မ​ဖောက်​ထွင်း​မ​ခိုး​ယူ​နိုင်​ရာ ကောင်း​ကင်​ဘုံ​၌ သင်​တို့​အ​တွက်​ဥစ္စာ​ဘဏ္ဍာ​များ​ကို သို​မှီး​ထား​ကြ​လော့။

21 အ​ကြောင်း​မူ​ကား သင်​၏​ဥစ္စာ​ဘဏ္ဍာ​ရှိ​သော​နေ​ရာ​၌ သင်​၏​စိတ်​နှ​လုံး​လည်း ရောက်​တတ်​၏။

22 မျက်​စိ​သည် ကိုယ်​ခန္ဓာ​၏​ဆီ​မီး​ဖြစ်​၏။ ထို့​ကြောင့် သင်​၏​မျက်​စိ​ကောင်း​လျှင် သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​တောက်​ပ​နေ​လိမ့်​မည်။

23 သို့​သော် သင်​၏​မျက်​စိ​မ​ကောင်း​လျှင် သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​မှောင်​မိုက်​နေ​လိမ့်​မည်။ သို့​ဖြစ်​၍ သင်​၌​ရှိ​သော​အ​လင်း​သည် အ​မှောင်​ဖြစ်​လျှင် ထို​အ​မှောင်​သည် မည်​မျှ​လောက် မှောင်​လိမ့်​မည်​နည်း။

24 မည်​သူ​မျှ သ​ခင်​နှစ်​ဦး​ကို အ​စေ​ခံ​၍​မ​ရ​နိုင်။ အ​ကြောင်း​မူ​ကား သူ​သည် တစ်​ဦး​ကို​မုန်း​၍ တစ်​ဦး​ကို​ချစ်​လိမ့်​မည်။ သို့​မ​ဟုတ် တစ်​ဦး​ကို​သစ္စာ​စောင့်​၍ တစ်​ဦး​ကို​မ​ထီ​မဲ့​မြင်​ပြု​လိမ့်​မည်။ သင်​တို့​သည် ဘု​ရား​သ​ခင်​နှင့်​လော​ကီ​စည်း​စိမ်​တို့​ကို တစ်​ပြိုင်​တည်း​အ​စေ​ခံ​၍​မ​ရ​နိုင်​ကြ။

25 သို့​ဖြစ်​၍ သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​၏​အ​သက်​ရှင်​ရေး​အ​တွက် မည်​သည့်​အ​ရာ​ကို စား​ရ​မည်​နည်း၊ မည်​သည့်​အ​ရာ​ကို သောက်​ရ​မည်​နည်း​ဟူ​၍​လည်း​ကောင်း၊ သင်​တို့​၏​ကိုယ်​ခန္ဓာ​အ​တွက် မည်​သည့်​အ​ရာ​ကို ဝတ်​ရ​မည်​နည်း​ဟူ​၍​လည်း​ကောင်း မ​စိုး​ရိမ်​ကြ​နှင့်။ အ​သက်​သည် အ​စာ​ထက် အ​ရေး​ကြီး​သည်​မ​ဟုတ်​လော။ ကိုယ်​ခန္ဓာ​သည်​လည်း အ​ဝတ်​ထက် အ​ရေး​ကြီး​သည်​မ​ဟုတ်​လော။

26 မိုး​ကောင်း​ကင်​ငှက်​တို့​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ ၎င်း​တို့​သည် မျိုး​ကြဲ​ခြင်း​မ​ရှိ၊ ရိတ်​သိမ်း​ခြင်း​နှင့် ကျီ​၌​စု​သိမ်း​ခြင်း​တို့​ကို​လည်း မ​ပြု​ကြ။ သို့​သော် ကောင်း​ကင်​ဘုံ​ရှင် သင်​တို့​အ​ဖ​သည် ၎င်း​တို့​ကို​ကျွေး​မွေး​တော်​မူ​၏။ သင်​တို့​သည် ထို​ငှက်​တို့​ထက် အ​ဖိုး​ထိုက်​ကြ​သည်​မ​ဟုတ်​လော။

27 သင်​တို့​တွင် မည်​သူ​သည် စိုး​ရိမ်​သော​အား​ဖြင့် မိ​မိ​၏​အ​သက်​ကို တစ်​တောင်​ခန့်​မျှ ပို​၍​ရှည်​စေ​နိုင်​သ​နည်း။

28 အ​ဝတ်​အ​တွက်​လည်း အ​ဘယ်​ကြောင့်​စိုး​ရိမ်​ကြ​သ​နည်း။ တော​၌​ရှိ​သော​နှင်း​ပန်း​များ မည်​ကဲ့​သို့​ကြီး​ထွား​ကြ​သည်​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ ၎င်း​တို့​သည် အ​လုပ်​လည်း​မ​လုပ်။ ဗိုင်း​လည်း​မ​ငင်​ကြ​ချေ။

29 သို့​သော် သင်​တို့​အား ငါ​ဆို​သည်​ကား မိ​မိ​၏​ဘုန်း​အ​သ​ရေ​ဖြင့်​ပြည့်​ဝ​လျက်​ရှိ​သော ရှော​လ​မုန်​ပင်​လျှင် ဤ​နှင်း​ပန်း​တစ်​ပွင့်​ကဲ့​သို့ မ​ဆင်​မြန်း​ခဲ့​ရ​ပေ။

30 ယုံ​ကြည်​ခြင်း​အား​နည်း​သော​သူ​တို့၊ ယ​နေ့​ရှင်​သန်​လျက်​ရှိ​သော်​လည်း မ​နက်​ဖြန်​မီး​ဖို​ထဲ​သို့​ပစ်​ချ​ခံ​ရ​မည့် တော​မြက်​ပင်​ကို​ပင် ဘု​ရား​သ​ခင်​သည် ဤ​မျှ​လောက်​ဆင်​ယင်​ပေး​တော်​မူ​လျှင် သင်​တို့​ကို ပို​၍​ကောင်း​စွာ​ဆင်​ယင်​ပေး​တော်​မူ​လိမ့်​မည်​မ​ဟုတ်​လော။

31 ထို့​ကြောင့် မည်​သည့်​အ​ရာ​ကို စား​ရ​မည်​နည်း၊ မည်​သည့်​အ​ရာ​ကို သောက်​ရ​မည်​နည်း၊ မည်​သည့်​အ​ရာ​ကို ဝတ်​ရ​မည်​နည်း​ဟု​ဆို​လျက် မ​စိုး​ရိမ်​ကြ​နှင့်။

32 အ​ကြောင်း​မူ​ကား လူ​မျိုး​ခြား​တို့​သည် ဤ​အ​ရာ​အား​လုံး​တို့​ကို ကြိုး​စား​ရှာ​ဖွေ​တတ်​ကြ​၏။ သို့​သော် ကောင်း​ကင်​ဘုံ​ရှင် သင်​တို့​အ​ဖ​သည် ဤ​အ​ရာ​အား​လုံး​ကို သင်​တို့​လို​အပ်​ကြောင်း သိ​တော်​မူ​၏။

33 ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​နှင့် ကိုယ်​တော်​၏​ဖြောင့်​မတ်​ခြင်း​ကို ဦး​စွာ​ရှာ​ကြ​လော့။ ထို​အ​ခါ ဤ​အ​ရာ​အား​လုံး​တို့​ကို သင်​တို့​အား ထပ်​လောင်း​၍​ပေး​တော်​မူ​လိမ့်​မည်။

34 ထို့​ကြောင့် မ​နက်​ဖြန်​အ​တွက် မ​စိုး​ရိမ်​ကြ​နှင့်။ အ​ကြောင်း​မူ​ကား မ​နက်​ဖြန်​သည် မိ​မိ​အ​တွက်​စိုး​ရိမ်​လိမ့်​မည်။ နေ့​တစ်​နေ့​၌​ကြုံ​တွေ့​ရ​သည့် မ​ကောင်း​မ​သင့်​သော​အ​ရာ​သည် ထို​နေ့​အ​တွက် လုံ​လောက်​ပေ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28