ရှင်​မဿဲ​ခ​ရစ်​ဝင် 4 MSB

ဖြား​ယောင်း​သွေး​ဆောင်​ခြင်း​ကို​ခံ​တော်​မူ​ခြင်း

1 ထို့​နောက် ယေ​ရှု​သည် မာရ်​နတ်​၏​ဖြား​ယောင်း​သွေး​ဆောင်​ခြင်း​ကို​ခံ​ရန် ဝိ​ညာဉ်​တော်​အား​ဖြင့် တော​ကန္တာ​ရ​သို့​ပင့်​ဆောင်​ခြင်း​ကို​ခံ​တော်​မူ​၏။

2 နေ့​ပေါင်း​လေး​ဆယ်​နှင့် ည​ပေါင်း​လေး​ဆယ် အ​စာ​ရှောင်​ပြီး​နောက် ဆာ​လောင်​တော်​မူ​၏။

3 ထို​အ​ခါ ဖြား​ယောင်း​သွေး​ဆောင်​သော​သူ​သည် ချဉ်း​ကပ်​လာ​၍ “သင်​သည် ဘု​ရား​သ​ခင်​၏​သား​တော်​မှန်​လျှင် ဤ​ကျောက်​ခဲ​တို့​ကို မုန့်​ဖြစ်​စေ​ရန် အ​မိန့်​ရှိ​ပါ”​ဟု လျှောက်​လေ​၏။

4 ကိုယ်​တော်​က​လည်း “‘လူ​သည် မုန့်​အား​ဖြင့်​သာ အ​သက်​ရှင်​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​၏​နှုတ်​တော်​ထွက်​စ​ကား​ရှိ​သ​မျှ​အား​ဖြင့် အ​သက်​ရှင်​၏’​ဟူ​၍ ကျမ်း​စာ​၌​ရေး​ထား​သည်”​ဟု မိန့်​တော်​မူ​၏။

5 ထို့​နောက် မာရ်​နတ်​သည် ကိုယ်​တော်​ကို သန့်​ရှင်း​သော​မြို့​တော်​သို့ ခေါ်​ဆောင်​သွား​၍ ဗိ​မာန်​တော်​ထိပ်​ဖျား​၌ ရပ်​စေ​ပြီး​လျှင်

6 “သင်​သည် ဘု​ရား​သ​ခင်​၏​သား​တော်​မှန်​လျှင် အောက်​သို့​ခုန်​ချ​ပါ။ အ​ကြောင်း​မှာ ‘ဘု​ရား​သ​ခင်​သည် မိ​မိ​၏​ကောင်း​ကင်​တ​မန်​တို့​ကို သင့်​အ​ဖို့​မိန့်​မှာ​တော်​မူ​မည်​ဖြစ်​၍ သင်​၏​ခြေ​ကို ကျောက်​နှင့်​မ​ထိ​မ​ခိုက်​စေ​ရန် သူ​တို့​သည် သင့်​ကို လက်​ဖြင့်​ချီ​ပင့်​ကြ​လိမ့်​မည်’​ဟူ​၍ ကျမ်း​စာ​၌​ရေး​ထား​သည်”​ဟု လျှောက်​လေ​၏။

7 ယေ​ရှု​က​လည်း “‘သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို အ​ကဲ​မ​စမ်း​ရ’​ဟူ​၍​လည်း ကျမ်း​စာ​၌​ရေး​ထား​သည်”​ဟု မိန့်​တော်​မူ​၏။

8 တစ်​ဖန် မာရ်​နတ်​သည် ကိုယ်​တော်​ကို အ​လွန်​မြင့်​မား​သော​တောင်​ပေါ်​သို့ ခေါ်​ဆောင်​သွား​၍ လော​ကီ​နိုင်​ငံ​အား​လုံး​နှင့် ၎င်း​တို့​၏​ဘုန်း​စည်း​စိမ်​တို့​ကို​ညွှန်​ပြ​ကာ

9 “သင်​သည် ပျပ်​ဝပ်​လျက် ငါ့​ကို​ရှိ​ခိုး​လျှင် ဤ​အ​ရာ​အား​လုံး​တို့​ကို သင့်​အား ငါ​ပေး​မည်”​ဟု လျှောက်​လေ​၏။

10 ယေ​ရှု​က​လည်း “အ​ချင်း​စာ​တန်၊ ထွက်​သွား​လော့။ ‘သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ရှိ​ခိုး​၍ ထို​အ​ရှင်​တစ်​ပါး​တည်း​ကို​သာ ဝတ်​ပြု​ရ​မည်’​ဟူ​၍ ကျမ်း​စာ​၌​ရေး​ထား​သည်”​ဟု မိန့်​တော်​မူ​၏။

11 ထို​အ​ခါ မာရ်​နတ်​သည် ကိုယ်​တော်​ထံ​မှ ထွက်​ခွာ​သွား​၍ ကောင်း​ကင်​တ​မန်​များ​သည် ချဉ်း​ကပ်​လာ​လျက် ကိုယ်​တော်​ကို​ပြု​စု​ကြ​၏။

ဂါ​လိ​လဲ​နယ်​၌​အ​မှု​တော်​ဆောင်​ခြင်း

12 ယော​ဟန်​အ​ကျဉ်း​ချ​ခံ​ရ​ကြောင်း​ကို ယေ​ရှု​သည်​ကြား​လျှင် ဂါ​လိ​လဲ​နယ်​သို့ ကြွ​တော်​မူ​၏။

13 ထို့​နောက် နာ​ဇ​ရက်​မြို့​ကို​စွန့်​ခွာ​၍ ပင်​လယ်​ကမ်း​နား​၌​ရှိ​သော က​ပေ​ရ​နောင်​မြို့​သို့ သွား​ရောက်​နေ​ထိုင်​တော်​မူ​၏။ ထို​မြို့​သည် ဇာ​ဗု​လုန်​နယ်​နှင့်​နဿ​လိ​နယ်​ဆိုင်​ရာ​အ​ရပ်​ဒေ​သ​၌​ရှိ​၏။

14 ဤ​သည်​ကား ပ​ရော​ဖက်​ဟေ​ရှာ​ယ​အား​ဖြင့် မိန့်​တော်​မူ​သော​အ​ရာ ပြည့်​စုံ​ခြင်း​သို့​ရောက်​မည့်​အ​ကြောင်း​တည်း။

15 မိန့်​တော်​မူ​ချက်​မှာ “ဇာ​ဗု​လုန်​နယ်​နှင့်​နဿ​လိ​နယ်၊ ပင်​လယ်​လမ်း​တစ်​လျှောက်၊ ဂျော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း၊ လူ​မျိုး​ခြား​တို့​၏​ဂါ​လိ​လဲ​နယ်၊

16 အ​မှောင်​ထဲ​၌​နေ​ထိုင်​သော​သူ​တို့​သည် ကြီး​မား​သော​အ​လင်း​ကို​မြင်​ကြ​ရ​၍ သေ​ခြင်း​အ​ရိပ်​လွှမ်း​မိုး​သော​ပြည်​၌ နေ​ထိုင်​သော​သူ​တို့​ထံ​သို့ အ​လင်း​ပေါ်​ထွက်​လာ​ပြီ”​ဟူ​၍​ဖြစ်​၏။

17 ထို​အ​ချိန်​မှ​စ​၍ ယေ​ရှု​သည် “ကောင်း​ကင်​နိုင်​ငံ​တော်​ပေါ်​ထွန်း​လု​နီး​ပြီ​ဖြစ်​၍ နောင်​တ​ရ​ကြ​လော့”​ဟု စ​တင်​ဟော​ပြော​တော်​မူ​၏။

ပ​ထ​မ​ဦး​ဆုံး​တ​ပည့်​တော်​များ

18 ဂါ​လိ​လဲ​ပင်​လယ်​ကမ်း​နား​တွင် လမ်း​လျှောက်​တော်​မူ​စဉ် ညီ​အစ်​ကို​နှစ်​ဦး​ဖြစ်​သော ရှိ​မုန်​ဟု​ခေါ်​သည့်​ပေ​တ​ရု​နှင့် သူ​၏​ညီ​အန္ဒြေ​တို့​သည် တံ​ငါ​သည်​များ​ဖြစ်​၍ ပင်​လယ်​ထဲ​တွင် ပိုက်​ကွန်​ချ​နေ​ကြ​သည်​ကို မြင်​တော်​မူ​၏။

19 ကိုယ်​တော်​က “ငါ့​နောက်​သို့​လိုက်​ကြ​လော့။ သင်​တို့​အား လူ​ကို​ဖမ်း​သော​တံ​ငါ​သည်​ဖြစ်​စေ​မည်”​ဟု သူ​တို့​အား မိန့်​တော်​မူ​လျှင်

20 သူ​တို့​သည် ချက်​ချင်း​ပင် ပိုက်​ကွန်​များ​ကို​ထား​ခဲ့​၍ နောက်​တော်​သို့​လိုက်​ကြ​၏။

21 တစ်​ဖန် ထို​နေ​ရာ​မှ ဆက်​၍​ကြွ​တော်​မူ​ရာ အ​ခြား​ညီ​အစ်​ကို​နှစ်​ဦး​ဖြစ်​သော ဇေ​ဗေ​ဒဲ​၏​သား ယာ​ကုပ်​နှင့်​သူ့​ညီ​ယော​ဟန်​တို့​သည် သူ​တို့​၏​ဖ​ခင်​ဇေ​ဗေ​ဒဲ​နှင့်​အ​တူ လှေ​ထဲ​၌ မိ​မိ​တို့​၏​ပိုက်​ကွန်​များ​ဖာ​ထေး​နေ​ကြ​သည်​ကို​မြင်​၍ သူ​တို့​ကို​ခေါ်​တော်​မူ​၏။

22 သူ​တို့​သည်​လည်း ချက်​ချင်း​ပင် လှေ​နှင့် သူ​တို့​၏​ဖ​ခင်​ကို​ထား​ခဲ့​၍ နောက်​တော်​သို့​လိုက်​ကြ​၏။

ဟော​ပြော​သွန်​သင်​လျက် လူ​နာ​တို့​ကို​ကျန်း​မာ​စေ​တော်​မူ​ခြင်း

23 ထို့​နောက် ကိုယ်​တော်​သည် ဂါ​လိ​လဲ​နယ်​တစ်​နယ်​လုံး​ကို လှည့်​လည်​၍ ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​၌ သွန်​သင်​တော်​မူ​ကာ နိုင်​ငံ​တော်​နှင့်​ဆိုင်​သည့် ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​လျက် လူ​တို့​ထဲ​၌​စွဲ​ကပ်​နေ​သော ရော​ဂါ​အ​မျိုး​မျိုး​နှင့်​အ​ဖျား​အ​နာ​ရှိ​သ​မျှ​တို့​ကို ပျောက်​ကင်း​စေ​တော်​မူ​၏။

24 ထို​အ​ခါ ကိုယ်​တော်​၏​သ​တင်း​သည် ဆီး​ရီး​ယား​ပြည်​တစ်​ဝန်း​လုံး​သို့ ပျံ့​နှံ့​သွား​သ​ဖြင့် လူ​တို့​သည် ရော​ဂါ​အ​မျိုး​မျိုး​စွဲ​ကပ်​၍ ဝေ​ဒ​နာ​ခံ​စား​နေ​ရ​သူ​များ၊ နတ်​ဆိုး​ပူး​သူ​များ၊ ဝက်​ရူး​ပြန်​ရော​ဂါ​စွဲ​သော​သူ​များ​နှင့် လေ​ဖြတ်​သော​သူ​များ စ​သည့်​နာ​မ​ကျန်း​ဖြစ်​သူ​အ​ပေါင်း​တို့​ကို အ​ထံ​တော်​သို့​ခေါ်​ဆောင်​လာ​ကြ​ရာ ကိုယ်​တော်​သည် သူ​တို့​ကို ကျန်း​မာ​စေ​တော်​မူ​၏။

25 သို့​ဖြစ်​၍ ဂါ​လိ​လဲ​နယ်၊ ဒေ​ကာ​ပေါ​လိ​နယ်၊ ဂျေ​ရု​ဆ​လင်​မြို့၊ ယု​ဒ​နယ်​နှင့် ဂျော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း​တို့​မှ များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​တို့​သည် နောက်​တော်​သို့​လိုက်​ကြ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28