ရှင်​မာ​ကု​ခ​ရစ်​ဝင် 1 MSB

မေ​ရှိ​ယ​၏​ရှေ့​တော်​ပြေး

1 ဘု​ရား​သ​ခင်​၏​သား​တော် ယေ​ရှု​ခ​ရစ်​တော်​၏​ကောင်း​မြတ်​သော​သ​တင်း​အ​စ​မှာ ဤ​သို့​ဖြစ်​၏။

2 “ကြည့်​ရှု​လော့။ သင်​၏​လမ်း​ကို​ပြင်​ဆင်​မည့် ငါ​၏​စေ​တ​မန်​ကို သင့်​ထက်​အ​လျင် ဦး​စွာ​ငါ​စေ​လွှတ်​မည်။”

3 “တော​ကန္တာ​ရ​၌ ဟစ်​ကြော်​သော​အ​သံ​မှာ ထာ​ဝ​ရ​ဘု​ရား​၏​လမ်း​တော်​ကို ပြင်​ဆင်​ကြ​လော့။ ကိုယ်​တော်​၏​လမ်း​ကြောင်း​များ​ကို ဖြောင့်​တန်း​စေ​ကြ​လော့”​ဟု ပ​ရော​ဖက်​ဟေ​ရှာ​ယ​၏​ကျမ်း​တွင် ရေး​ထား​သည်​နှင့်​အ​ညီ

4 ယော​ဟန်​သည်​ပေါ်​ထွန်း​လာ​၍ တော​ကန္တာ​ရ​၌ ဗတ္တိ​ဇံ​ပေး​ကာ အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ကျေး​ဇူး​အ​တွက် နောင်​တ​နှင့်​ဆိုင်​သော​ဗတ္တိ​ဇံ​တ​ရား​ကို ဟော​ပြော​လေ​၏။

5 ထို​အ​ခါ ယု​ဒ​နယ်​တစ်​နယ်​လုံး​မှ​လူ​များ​နှင့် ဂျေ​ရု​ဆ​လင်​မြို့​သား​အ​ပေါင်း​တို့​သည် ယော​ဟန်​ထံ​သို့​သွား​၍ မိ​မိ​တို့​၏​အ​ပြစ်​များ​ကို​ဖော်​ပြ​ဝန်​ခံ​လျက် ဂျော်​ဒန်​မြစ်​တွင် သူ့​ထံ​၌​ဗတ္တိ​ဇံ​ခံ​ကြ​၏။

6 ယော​ဟန်​သည် ကု​လား​အုပ်​အ​မွေး​ဖြင့်​လုပ်​ထား​သော​အ​ဝတ်​ကို​ဝတ်​၍ ခါး​၌​သား​ရေ​ခါး​ပန်း​ကို​စည်း​ကာ ကျိုင်း​ကောင်​နှင့်​တော​ပျား​ရည်​တို့​ကို​စား​လျက်​နေ​၏။

7 ယော​ဟန်​က “ငါ့​ထက်​ကြီး​မြတ်​သော​အ​ရှင်​သည် ငါ့​နောက်​တွင်​ကြွ​လာ​မည်။ ထို​အ​ရှင်​၏​ခြေ​နင်း​တော်​ကြိုး​ကို ငုံ့​၍​ဖြေ​ပေး​ရန်​ပင် ငါ​သည်​မ​ထိုက်​တန်။

8 ငါ​သည် သင်​တို့​ကို ရေ​၌​ဗတ္တိ​ဇံ​ပေး​သော်​လည်း ထို​အ​ရှင်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၌ သင်​တို့​ကို​ဗတ္တိ​ဇံ​ပေး​တော်​မူ​လိမ့်​မည်”​ဟု ဟော​ပြော​လေ​၏။

ယေ​ရှု​ဗတ္တိ​ဇံ​ခံ​တော်​မူ​ခြင်း

9 ထို​နေ့​ရက်​ကာ​လ​၌ ယေ​ရှု​သည် ဂါ​လိ​လဲ​နယ်၊ နာ​ဇ​ရက်​မြို့​မှ​ကြွ​လာ​၍ ဂျော်​ဒန်​မြစ်​တွင် ယော​ဟန်​ထံ​၌ ဗတ္တိ​ဇံ​ခံ​တော်​မူ​၏။

10 ထို့​နောက် ရေ​ထဲ​မှ​ထွက်​လာ​သည်​နှင့် ကောင်း​ကင်​သည်​ပွင့်​၍ ဝိ​ညာဉ်​တော်​သည် ချိုး​ငှက်​ကဲ့​သို့ မိ​မိ​အ​ပေါ်​သို့​ဆင်း​သက်​သည်​ကို​မြင်​တော်​မူ​၏။

11 ကောင်း​ကင်​မှ​လည်း “သင်​သည် ငါ​၏​ချစ်​သား​ပေ​တည်း။ သင့်​ကို​ငါ​နှစ်​သက်​၏”​ဟု အ​သံ​တော်​ထွက်​ပေါ်​လာ​၏။

ဖြား​ယောင်း​သွေး​ဆောင်​ခြင်း​ကို​ခံ​တော်​မူ​ခြင်း

12 ထို့​နောက် ဝိ​ညာဉ်​တော်​သည် ကိုယ်​တော်​ကို တော​ကန္တာ​ရ​သို့ ချက်​ချင်း​ထုတ်​ဆောင်​တော်​မူ​၏။

13 ထို​အ​ခါ ကိုယ်​တော်​သည် တော​ကန္တာ​ရ​၌ ရက်​ပေါင်း​လေး​ဆယ်​နေ​လျက် စာ​တန်​၏​ဖြား​ယောင်း​သွေး​ဆောင်​ခြင်း​ကို​ခံ​တော်​မူ​၏။ သား​ရဲ​တိ​ရစ္ဆာန်​များ​နှင့်​အ​တူ​ရှိ​တော်​မူ​၍ ကောင်း​ကင်​တ​မန်​များ​သည် ကိုယ်​တော်​ကို​ပြု​စု​ကြ​၏။

ဂါ​လိ​လဲ​နယ်​၌​အ​မှု​တော်​ဆောင်​ခြင်း

14 ယော​ဟန်​အ​ကျဉ်း​ချ​ခံ​ရ​ပြီး​နောက် ယေ​ရှု​သည် ဂါ​လိ​လဲ​နယ်​သို့​ကြွ​တော်​မူ​၍ ဘု​ရား​သ​ခင်​၏​ကောင်း​မြတ်​သော​သ​တင်း​ကို ဟော​ပြော​လျက်

15 “အ​ချိန်​ပြည့်​စုံ​ပြီ။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​လည်း ပေါ်​ထွန်း​လု​နီး​ပြီ။ နောင်​တ​ရ​၍ ကောင်း​မြတ်​သော​သ​တင်း​ကို ယုံ​ကြည်​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

ပ​ထ​မ​ဦး​ဆုံး​တ​ပည့်​တော်​များ

16 ဂါ​လိ​လဲ​ပင်​လယ်​ကမ်း​နား​တွင် ကြွ​တော်​မူ​စဉ် တံ​ငါ​သည်​များ​ဖြစ်​ကြ​သော ရှိ​မုန်​နှင့်​သူ​၏​ညီ​အန္ဒြေ​တို့​သည် ပင်​လယ်​ထဲ​တွင် ပိုက်​ကွန်​ချ​နေ​ကြ​သည်​ကို မြင်​တော်​မူ​၏။

17 ယေ​ရှု​က “ငါ့​နောက်​သို့​လိုက်​ကြ​လော့။ သင်​တို့​အား လူ​ကို​ဖမ်း​သော​တံ​ငါ​သည်​ဖြစ်​စေ​မည်”​ဟု သူ​တို့​အား မိန့်​တော်​မူ​လျှင်

18 သူ​တို့​သည် ချက်​ချင်း​ပင် ပိုက်​ကွန်​များ​ကို​ထား​ခဲ့​၍ နောက်​တော်​သို့​လိုက်​ကြ​၏။

19 တစ်​ဖန် အ​နည်း​ငယ်​ဆက်​၍​ကြွ​တော်​မူ​ရာ ဇေ​ဗေ​ဒဲ​၏​သား ယာ​ကုပ်​နှင့်​သူ​၏​ညီ​ယော​ဟန်​တို့​ကို မြင်​တော်​မူ​၏။ သူ​တို့​သည် လှေ​ထဲ​၌ ပိုက်​ကွန်​များ​ကို​ဖာ​ထေး​နေ​ကြ​၏။

20 ကိုယ်​တော်​သည် သူ​တို့​ကို​ချက်​ချင်း​ခေါ်​တော်​မူ​လျှင် သူ​တို့​သည် မိ​မိ​တို့​ဖ​ခင်​ဇေ​ဗေ​ဒဲ​ကို လူ​ငှား​တို့​နှင့်​အ​တူ လှေ​ထဲ​၌​ထား​ခဲ့​၍ နောက်​တော်​သို့​လိုက်​ကြ​၏။

ညစ်​ညူး​သော​နတ်​ကို​နှင်​ထုတ်​တော်​မူ​ခြင်း

21 ထို့​နောက် သူ​တို့​သည် က​ပေ​ရ​နောင်​မြို့​သို့​ဝင်​ကြ​၏။ ဥ​ပုသ်​နေ့​ရောက်​သည်​နှင့် ကိုယ်​တော်​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​သို့​ဝင်​၍ သွန်​သင်​တော်​မူ​၏။

22 ထို​အ​ခါ လူ​တို့​သည် ကိုယ်​တော်​၏​သွန်​သင်​ချက်​ကို အံ့​သြ​ချီး​မွမ်း​ကြ​၏။ အ​ကြောင်း​မူ​ကား ကိုယ်​တော်​သည် ကျမ်း​ပြု​ဆ​ရာ​များ​ကဲ့​သို့​မ​ဟုတ်​ဘဲ အ​ခွင့်​အာ​ဏာ​ရှိ​သော​သူ​ကဲ့​သို့ သူ​တို့​ကို​သွန်​သင်​တော်​မူ​၏။

23 ထို​အ​ချိန်​၌​ပင် သူ​တို့​၏​ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တွင် ညစ်​ညူး​သော​နတ်​ပူး​နေ​သူ​တစ်​ဦး​ရှိ​၏။

24 ထို​သူ​က “နာ​ဇ​ရက်​မြို့​သား​ယေ​ရှု၊ ကိုယ်​တော်​နှင့်​အ​ကျွန်ုပ်​တို့ မည်​သို့​ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​တို့​ကို​ဖျက်​ဆီး​ရန် ကြွ​လာ​တော်​မူ​သ​လော။ ကိုယ်​တော်​မည်​သူ​ဖြစ်​သည်​ကို အ​ကျွန်ုပ်​သိ​ပါ​၏။ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​သူ​ဖြစ်​ပါ​၏”​ဟု အော်​ဟစ်​ပြော​ဆို​လေ​၏။

25 ယေ​ရှု​က​လည်း ထို​နတ်​ကို​ဆုံး​မ​လျက် “တိတ်​ဆိတ်​၍ သူ့​ထံ​မှ​ထွက်​သွား​လော့”​ဟု မိန့်​တော်​မူ​၏။

26 ထို​အ​ခါ ညစ်​ညူး​သော​နတ်​သည် ထို​သူ​ကို​တက်​စေ​ပြီး​လျှင် ကျယ်​လောင်​သော​အ​သံ​ဖြင့်​အော်​ဟစ်​လျက် သူ့​ထံ​မှ​ထွက်​သွား​လေ​၏။

27 လူ​အ​ပေါင်း​တို့​သည် အံ့​အား​သင့်​လျက် “ဤ​အ​ရာ​ကား မည်​သို့​နည်း။ အ​ခွင့်​အာ​ဏာ​ပါ​သည့် သွန်​သင်​ချက်​အ​သစ်​ပါ​တ​ကား။ ညစ်​ညူး​သော​နတ်​များ​ကို​ပင် အ​မိန့်​ပေး​လေ​ရာ ၎င်း​တို့​သည် ကိုယ်​တော်​ကို​နာ​ခံ​ကြ​ပါ​သည်​တ​ကား”​ဟု အ​ချင်း​ချင်း​ဆွေး​နွေး​ပြော​ဆို​ကြ​၏။

28 ဤ​သို့​ဖြင့် ကိုယ်​တော်​၏​သ​တင်း​သည် ဂါ​လိ​လဲ​နယ်​ဝန်း​ကျင်​တစ်​ခု​လုံး​သို့ ချက်​ချင်း​ပျံ့​နှံ့​သွား​လေ​၏။

လူ​နာ​များ​စွာ​ကို​ကျန်း​မာ​စေ​တော်​မူ​ခြင်း

29 ထို့​နောက် သူ​တို့​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​မှ ချက်​ချင်း​ထွက်​ခွာ​၍ ယာ​ကုပ်၊ ယော​ဟန်​တို့​နှင့်​အ​တူ ရှိ​မုန်​နှင့်​အန္ဒြေ​တို့​အိမ်​သို့​သွား​ကြ​၏။

30 ရှိ​မုန်​၏​ယောက္ခ​မ​သည် ဖျား​နာ​လျက် လဲ​လျောင်း​နေ​သ​ဖြင့် လူ​တို့​သည် သူ့​အ​ကြောင်း​ကို ကိုယ်​တော်​အား မ​ဆိုင်း​မ​တွ​လျှောက်​ထား​ကြ​၏။

31 ကိုယ်​တော်​သည်​ချဉ်း​ကပ်​၍ ထို​အ​မျိုး​သ​မီး​၏​လက်​ကို​ကိုင်​လျက် ထူ​မ​တော်​မူ​ရာ သူ​သည်​အ​ဖျား​ပျောက်​သ​ဖြင့် သူ​တို့​ကို​ဧည့်​ဝတ်​ပြု​လေ​၏။

32 ည​နေ​ချမ်း​အ​ချိန်​ရောက်​ပြီး နေ​ဝင်​သော​အ​ခါ လူ​တို့​သည် နာ​မ​ကျန်း​ဖြစ်​သူ​များ​နှင့် နတ်​ဆိုး​ပူး​သူ​ရှိ​သ​မျှ​တို့​ကို အ​ထံ​တော်​သို့​ခေါ်​ဆောင်​လာ​ကြ​၏။

33 ထို​အ​ခါ တစ်​မြို့​လုံး​သည် အိမ်​တံ​ခါး​ဝ​တွင် စု​ဝေး​လာ​ကြ​၏။

34 ကိုယ်​တော်​သည်​လည်း ရော​ဂါ​အ​မျိုး​မျိုး​စွဲ​ကပ်​၍ နာ​မ​ကျန်း​ဖြစ်​သူ များ​စွာ​တို့​ကို​ကျန်း​မာ​စေ​တော်​မူ​ပြီး နတ်​ဆိုး​များ​စွာ​တို့​ကို နှင်​ထုတ်​တော်​မူ​၏။ နတ်​ဆိုး​တို့​သည် ကိုယ်​တော်​ကို​သိ​ကြ​သော​ကြောင့် ကိုယ်​တော်​သည် သူ​တို့​အား စ​ကား​ပြော​ခွင့်​ပေး​တော်​မ​မူ။

ဂါ​လိ​လဲ​နယ်​၌ ဟော​ပြော​သွန်​သင်​တော်​မူ​ခြင်း

35 နံ​နက်​စော​စော​မိုး​မ​လင်း​မီ ကိုယ်​တော်​သည်​ထ​၍ လူ​သူ​ကင်း​ဝေး​ရာ​အ​ရပ်​သို့ ထွက်​ခွာ​သွား​ပြီး​လျှင်​ထို​အ​ရပ်​၌ ဆု​တောင်း​တော်​မူ​၏။

36 ထို​အ​ခါ ရှိ​မုန်​နှင့်​သူ​၏​အ​ပေါင်း​အ​ဖော်​တို့​သည် ကိုယ်​တော်​ကို​လိုက်​ရှာ​၍

37 ကိုယ်​တော်​ကို​တွေ့​လျှင် “လူ​အား​လုံး​သည် ကိုယ်​တော်​ကို လိုက်​ရှာ​နေ​ကြ​ပါ​သည်”​ဟု လျှောက်​ကြ​၏။

38 ကိုယ်​တော်​က​လည်း “အ​နီး​အ​နား​ရှိ အ​ခြား​သော​မြို့​ရွာ​များ​တွင်​လည်း ငါ​ဟော​ပြော​နိုင်​ရန် ထို​မြို့​ရွာ​များ​သို့ ငါ​တို့​သွား​ကြ​စို့။ အ​ကြောင်း​မူ​ကား ငါ​သည် ဤ​အ​တွက်​လာ​၏”​ဟု မိန့်​တော်​မူ​၏။

39 ထို့​နောက် ကိုယ်​တော်​သည် ဂါ​လိ​လဲ​နယ်​တစ်​ဝန်း​လုံး​သို့​ကြွ​တော်​မူ​၍ ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​၌ ဟော​ပြော​လျက် နတ်​ဆိုး​များ​ကို နှင်​ထုတ်​တော်​မူ​၏။

အ​နာ​ကြီး​ရော​ဂါ​သည်​ကို​စင်​ကြယ်​စေ​တော်​မူ​ခြင်း

40 အ​နာ​ကြီး​ရော​ဂါ​သည်​တစ်​ဦး​သည် အ​ထံ​တော်​သို့​လာ​၍ ဒူး​ထောက်​လျက် “ကိုယ်​တော်​အ​လို​ရှိ​လျှင် အ​ကျွန်ုပ်​ကို စင်​ကြယ်​စေ​နိုင်​ပါ​သည်”​ဟု တောင်း​ပန်​လျှောက်​ထား​လေ​၏။

41 ကိုယ်​တော်​သည် ကြင်​နာ​စိတ်​ရှိ​တော်​မူ​သ​ဖြင့် လက်​တော်​ကို​ဆန့်​၍ ထို​သူ​ကို​တို့​ထိ​ကာ “ငါ​အ​လို​ရှိ​၏။ စင်​ကြယ်​ခြင်း​သို့​ရောက်​စေ”​ဟု မိန့်​တော်​မူ​၏။

42 ထို​ခ​ဏ​ချင်း​တွင် သူ​၏​အ​နာ​ကြီး​ရော​ဂါ​သည်​ပျောက်​ကင်း​သွား​၍ သူ​သည် စင်​ကြယ်​ခြင်း​သို့​ရောက်​လေ​၏။

43-44 ကိုယ်​တော်​က​လည်း “မည်​သူ့​ကို​မ​ဆို မည်​သည့်​အ​ရာ​မျှ​မ​ပြော​ရန် သ​တိ​ပြု​လော့။ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သာ​သွား​၍ သင့်​ကိုယ်​သင်​ပြ​ပြီး​လျှင် လူ​တို့​ရှေ့​၌ သက်​သေ​ဖြစ်​စေ​ရန် မော​ရှေ​ပ​ညတ်​ခဲ့​သည့်​အ​တိုင်း သင်​၏​စင်​ကြယ်​ခြင်း​ဝတ်​အ​တွက် ပူ​ဇော်​သက္ကာ​ကို ဆက်​သ​လော့”​ဟု တင်း​ကျပ်​စွာ​မှာ​ကြား​လျက်​သူ့​ကို​ချက်​ချင်း​ပြန်​သွား​စေ​တော်​မူ​၏။

45 သို့​သော် ထို​သူ​သည် ထွက်​သွား​၍ ထို​သ​တင်း​ကို အား​ပါး​တ​ရ​ပြော​ကြား​ပြီး ပျံ့​နှံ့​စေ​သ​ဖြင့် ကိုယ်​တော်​သည် မြို့​ထဲ​သို့ ထင်​ရှား​စွာ​မ​ဝင်​နိုင်​တော့​ဘဲ မြို့​ပြင်​လူ​သူ​ကင်း​ဝေး​ရာ​အ​ရပ်​၌ နေ​တော်​မူ​၏။ ထို​အ​ခါ အ​ရပ်​ရပ်​မှ​လူ​တို့​သည် ကိုယ်​တော့်​ထံ​သို့​ရောက်​လာ​ကြ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16