ရှင်​မာ​ကု​ခ​ရစ်​ဝင် 14 MSB

ယေ​ရှု​ကို​သတ်​ရန်​ကြံ​စည်​ကြ​ခြင်း

1 ပ​သ​ခါ​ပွဲ​တော်​နှင့် တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​များ​ကျ​ရောက်​ရန် နှစ်​ရက်​သာ​လို​တော့​၏။ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​သည် ယေ​ရှု​ကို ပ​ရိ​ယာယ်​အား​ဖြင့် မည်​ကဲ့​သို့​ဖမ်း​ဆီး​သတ်​ဖြတ်​ရ​မည်​ကို ရှာ​ကြံ​နေ​ကြ​၏။

2 သို့​သော် သူ​တို့​က “လူ​တို့​ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​မည်​ကို စိုး​ရိမ်​ရ​သည်​ဖြစ်​၍ ပွဲ​တော်​အ​တွင်း မ​ဖမ်း​ကြ​နှင့်”​ဟု ပြော​ဆို​ကြ​၏။

ဗေ​သ​နိ​ရွာ​တွင် ခေါင်း​တော်​ပေါ်​၌​ဆီ​မွှေး​သွန်း​လောင်း​ခြင်း

3 ယေ​ရှု​သည် ဗေ​သ​နိ​ရွာ​တွင် အ​နာ​ကြီး​ရော​ဂါ​သည်​ရှိ​မုန်​၏​အိမ်​ထဲ​၌​ထိုင်​၍ စား​သောက်​နေ​တော်​မူ​စဉ် အ​မျိုး​သ​မီး​တစ်​ဦး​သည် အ​လွန်​တန်​ဖိုး​ကြီး​သော နာ​ဒု​ဆီ​မွှေး​အ​စစ်​ထည့်​ထား​သည့် ကျောက်​ဖြူ​ဘူး​ကို​ယူ​ဆောင်​လာ​၍ ထို​ကျောက်​ဖြူ​ဘူး​ကို​ခွဲ​ပြီး​လျှင် ကိုယ်​တော်​၏​ခေါင်း​ပေါ်​၌ ဆီ​မွှေး​ကို သွန်း​လောင်း​လေ​၏။

4 ထို​အ​ခါ လူ​အ​ချို့​တို့​သည် စိတ်​ဆိုး​လျက် “အ​ဘယ်​ကြောင့် ဤ​ဆီ​မွှေး​ကို ဖြုန်း​တီး​ရ​သ​နည်း။

5 ဤ​ဆီ​မွှေး​ကို ဒေ​နာ​ရိ​သုံး​ရာ​ကျော်​နှင့်​ရောင်း​၍ ဆင်း​ရဲ​သား​တို့​ကို ပေး​ကမ်း​နိုင်​သည်”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကာ ထို​အ​မျိုး​သ​မီး​ကို​အ​ပြစ်​တင်​ကြ​၏။

6 သို့​သော် ယေ​ရှု​က “သူ​ပြု​လို​ရာ​ပြု​ပါ​စေ။ သူ့​ကို အ​ဘယ်​ကြောင့်​နှောင့်​ယှက်​ကြ​သ​နည်း။ သူ​သည် ငါ​၌​ကောင်း​သော​အ​မှု​ကို​ပြု​လေ​ပြီ။

7 အ​ကြောင်း​မူ​ကား ဆင်း​ရဲ​သား​တို့​သည် သင်​တို့​၌ အ​စဉ်​ရှိ​ကြ​သည်​ဖြစ်​၍ သင်​တို့​အ​လို​ရှိ​သည့်​အ​ခါ သူ​တို့​ကို​ကျေး​ဇူး​ပြု​နိုင်​၏။ ငါ​မူ​ကား သင်​တို့​၌ အ​စဉ်​ရှိ​သည်​မ​ဟုတ်။

8 သူ​သည် တတ်​နိုင်​သ​မျှ​ကို​ပြု​ခဲ့​ပြီ။ သင်္ဂြိုဟ်​ခြင်း​အ​မှု​အ​တွက် ငါ​၏​ကိုယ်​ခန္ဓာ​ကို ကြို​တင်​၍​ဆီ​မွှေး​လိမ်း​ပြီ။

9 သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ ကမ္ဘာ​တစ်​ဝန်း​လုံး​တွင် ကောင်း​မြတ်​သော​သ​တင်း​ကို ဟော​ပြော​သည့်​နေ​ရာ​တိုင်း​၌ ဤ​အ​မျိုး​သ​မီး​ပြု​ခဲ့​သော​အ​မှု​အ​ရာ​ကို​လည်း သူ​၏​အ​မှတ်​တ​ရ​အ​ဖြစ် ပြော​ကြား​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

10 ထို့​နောက် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​ထဲ​မှ​တစ်​ပါး​ဖြစ်​သော ယု​ဒ​ဣ​ရှ​ကာ​ရုတ်​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​လက်​သို့ ကိုယ်​တော်​ကို​အပ်​နှံ​ရန် သူ​တို့​ထံ​သို့​သွား​လေ​၏။

11 သူ​တို့​သည်​ကြား​လျှင် ဝမ်း​မြောက်​၍ သူ့​ကို​ငွေ​ပေး​မည်​ဟု က​တိ​ပေး​ကြ​၏။ သူ​သည်​လည်း သင့်​လျော်​သော​အ​ချိန်​၌ ကိုယ်​တော်​ကို​အပ်​နှံ​နိုင်​ရန် နည်း​လမ်း​ကို​ရှာ​ကြံ​လျက်​နေ​၏။

ပ​သ​ခါ​ပွဲ​တော်​ည​စာ​စား​ပွဲ

12 တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​၏​ပ​ထ​မ​နေ့​တည်း​ဟူ​သော ပ​သ​ခါ​ပွဲ​တော်​အ​တွက် သိုး​သ​ငယ်​ကို​ပူ​ဇော်​ရ​သော​နေ့​တွင် တ​ပည့်​တော်​တို့​က “ပ​သ​ခါ​ပွဲ​တော်​ည​စာ​ကို​သုံး​ဆောင်​ရန် အ​ကျွန်ုပ်​တို့​အား မည်​သည့်​နေ​ရာ​သို့​သွား​၍ ပြင်​ဆင်​စေ​လို​ပါ​သ​နည်း”​ဟု ကိုယ်​တော်​အား မေး​လျှောက်​ကြ​၏။

13 ကိုယ်​တော်​က​လည်း တ​ပည့်​တော်​နှစ်​ပါး​ကို​စေ​လွှတ်​၍ “မြို့​ထဲ​သို့​သွား​ကြ​လော့။ ထို​အ​ခါ ရေ​အိုး​ထမ်း​သော​သူ​တစ်​ဦး​ကို သင်​တို့​တွေ့​ကြ​လိမ့်​မည်။ ထို​သူ​၏​နောက်​သို့​လိုက်​သွား​ကြ​ပြီး

14 သူ​ဝင်​သွား​သော​အိမ်​၏​အိမ်​ရှင်​အား ‘ဆ​ရာ​က ငါ​၏​တ​ပည့်​များ​နှင့်​အ​တူ ပ​သ​ခါ​ပွဲ​တော်​ည​စာ​ကို​စား​မည့် ငါ့​အ​ခန်း​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​လိုက်​ပါ​၏’​ဟူ​၍ ပြော​ကြ​လော့။

15 ထို​အ​ခါ သူ​သည် အ​သင့်​ခင်း​ကျင်း​ထား​သော​အ​ပေါ်​ထပ်​ခန်း​မ​ကို သင်​တို့​အား ပြ​လိမ့်​မည်။ ထို​နေ​ရာ​၌ ငါ​တို့​အ​တွက် ပြင်​ဆင်​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

16 တ​ပည့်​တော်​တို့​သည်​လည်း ထွက်​သွား​၍ မြို့​ထဲ​သို့​ဝင်​ကြ​ရာ သူ​တို့​အား ကိုယ်​တော်​မိန့်​တော်​မူ​သည့်​အ​တိုင်း​တွေ့​သ​ဖြင့် ပ​သ​ခါ​ပွဲ​တော်​ကို ပြင်​ဆင်​ကြ​၏။

17 ည​နေ​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ ကိုယ်​တော်​သည် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​နှင့်​အ​တူ ကြွ​လာ​တော်​မူ​၏။

18 ထို့​နောက် သူ​တို့​သည် စား​ပွဲ​၌​ထိုင်​လျက် စား​သောက်​နေ​ကြ​စဉ် ယေ​ရှု​က “သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား ငါ​နှင့်​အ​တူ​စား​နေ​သော သင်​တို့​အ​ထဲ​မှ​တစ်​ဦး​သည် ငါ့​ကို​အပ်​နှံ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

19 သူ​တို့​သည် စိတ်​မ​ကောင်း​ဖြစ်​လျက် “အ​ကျွန်ုပ်​လော”​ဟု ကိုယ်​တော်​အား တစ်​ယောက်​ပြီး​တစ်​ယောက်​မေး​လျှောက်​ကြ​၏။

20 ကိုယ်​တော်​က​လည်း “တစ်​ဆယ့်​နှစ်​ပါး​သော​သူ​တို့​ထဲ​မှ တစ်​ဦး​ဖြစ်​ပြီး ငါ​နှင့်​အ​တူ​တစ်​ပန်း​ကန်​ထဲ​တွင် လက်​နှိုက်​သော​သူ​ဖြစ်​၏။

21 လူ့​သား​သည် မိ​မိ​နှင့်​ပတ်​သက်​၍​ရေး​ထား​သည့်​အ​တိုင်း သွား​ရ​မည်​မှန်​၏။ သို့​သော် လူ့​သား​ကို​အပ်​နှံ​သော​သူ​သည် အမင်္ဂ​လာ​ရှိ​၏။ ထို​သူ​သည် မ​မွေး​ဖွား​လာ​ခဲ့​လျှင် သူ့​အ​တွက် သာ​၍​ကောင်း​ပေ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

ပ​ထ​မ​ဆုံး​ပွဲ​တော်မင်္ဂ​လာ

22 ထို့​နောက် သူ​တို့​စား​လျက်​နေ​ကြ​စဉ် ကိုယ်​တော်​သည် မုန့်​ကို​ယူ​၍ ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး​လျှင် မုန့်​ကို​ဖဲ့​၍ သူ​တို့​အား​ပေး​လျက် “ယူ​ကြ​လော့။ ဤ​မုန့်​ကား ငါ​၏​ကိုယ်​ခန္ဓာ​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

23 ခွက်​ကို​လည်း​ယူ​၍ ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး​လျှင် သူ​တို့​အား ပေး​တော်​မူ​ရာ သူ​တို့​အား​လုံး​သည် ထို​ခွက်​ကို​သောက်​ကြ​၏။

24 ကိုယ်​တော်​က​လည်း “ဤ​သည်​ကား လူ​များ​စွာ​အ​ဖို့​သွန်း​လောင်း​သည့် ပ​ဋိ​ညာဉ်​နှင့်​ဆိုင်​သော ငါ​၏​သွေး​ဖြစ်​၏။

25 သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​၌ အ​သစ်​ပြန်​သောက်​မည့် ထို​နေ့​ရက်​တိုင်​အောင် စ​ပျစ်​သီး​မှ​ဖြစ်​သော​အ​ရည်​ကို ငါ​လုံး​ဝ​သောက်​တော့​မည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​၏။

26 ထို့​နောက် သူ​တို့​သည် ချီး​မွမ်း​သီ​ချင်း​သီ​ဆို​ပြီး​မှ သံ​လွင်​တောင်​သို့​ထွက်​သွား​ကြ​၏။

ပေ​တ​ရု​ငြင်း​ပယ်​မည့်​အ​ကြောင်း ကြို​တင်​မိန့်​တော်​မူ​ခြင်း

27 ထို​အ​ခါ ယေ​ရှု​က “‘ငါ​သည် သိုး​ထိန်း​ကို​ခုတ်​သတ်​သ​ဖြင့် သိုး​တို့​သည် ကွဲ​လွင့်​သွား​ရ​ကြ​လိမ့်​မည်’​ဟု ကျမ်း​စာ​၌​ရေး​ထား​သည်​ဖြစ်​၍ သင်​တို့​အား​လုံး​သည် စိတ်​ပျက်​ကြ​လိမ့်​မည်။

28 သို့​သော် ငါ​သည်​ထ​မြောက်​ပြီး​နောက် ဂါ​လိ​လဲ​နယ်​သို့ သင်​တို့​ထက်​အ​လျင်​ဦး​စွာ​သွား​နှင့်​မည်”​ဟု မိန့်​တော်​မူ​၏။

29 ထို​အ​ခါ ပေ​တ​ရု​က “အား​လုံး​စိတ်​ပျက်​ကြ​လျှင်​လည်း အ​ကျွန်ုပ်​သည် စိတ်​ပျက်​မည်​မ​ဟုတ်​ပါ”​ဟု လျှောက်​လေ​၏။

30 ယေ​ရှု​က​လည်း “သင့်​အား ငါ​အ​မှန်​ဆို​သည်​ကား ယ​နေ့၊ ဤ​ည​တွင်​ပင် ကြက်​နှစ်​ကြိမ်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်​တိုင်​ငြင်း​ပယ်​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

31 သို့​သော် ပေ​တ​ရု​က “အ​ကျွန်ုပ်​သည် ကိုယ်​တော်​အ​တွက်​သေ​ရ​လျှင်​ပင် ကိုယ်​တော်​ကို​လုံး​ဝ​မ​ငြင်း​ပယ်​ပါ”​ဟု အ​ခိုင်​အ​မာ​လျှောက်​လေ​၏။ တ​ပည့်​တော်​အား​လုံး​တို့​သည်​လည်း ထို​နည်း​တူ​လျှောက်​ကြ​၏။

ဂေ​သ​ရှေ​မန်​ဥ​ယျာဉ်​၌​ဆု​တောင်း​တော်​မူ​ခြင်း

32 ထို့​နောက် သူ​တို့​သည် ဂေ​သ​ရှေ​မန်​အ​မည်​ရှိ​သော​အ​ရပ်​သို့ ရောက်​ကြ​၏။ ကိုယ်​တော်​က “ငါ​ဆု​တောင်း​စဉ်​တွင် ဤ​နေ​ရာ​၌ ထိုင်​နေ​ကြ​လော့”​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​ပြီး​လျှင်

33 ပေ​တ​ရု၊ ယာ​ကုပ်​နှင့် ယော​ဟန်​တို့​ကို မိ​မိ​နှင့်​အ​တူ​ခေါ်​သွား​တော်​မူ​၏။ ထို​အ​ခါ ကိုယ်​တော်​သည် ဝမ်း​နည်း​ပူ​ဆွေး​ခြင်း​နှင့် စိတ်​ပူ​ပန်​ခြင်း​ရှိ​သ​ဖြင့်

34 “ငါ​၏​စိတ်​ဝိ​ညာဉ်​သည် သေ​လု​မ​တတ် အ​လွန်​ဝမ်း​နည်း​ခြင်း​ရှိ​၏။ ဤ​နေ​ရာ​၌​နေ​၍ သ​တိ​နှင့်​စောင့်​နေ​ကြ​လော့”​ဟု သူ​တို့​အား မိန့်​တော်​မူ​၏။

35 ထို့​နောက် ရှေ့​သို့​အ​နည်း​ငယ်​ကြွ​တော်​မူ​ပြီး မြေ​ပေါ်​၌​ပျပ်​ဝပ်​လျက် ဖြစ်​နိုင်​လျှင် ဤ​အ​ချိန်​နာ​ရီ​ကို မိ​မိ​ထံ​မှ​လွန်​သွား​စေ​မည့်​အ​ကြောင်း ဆု​တောင်း​ကာ

36 “အို အ​ဖ​ခ​မည်း​တော်၊ ကိုယ်​တော်​အ​တွက် အ​ရာ​ခပ်​သိမ်း​သည် ဖြစ်​နိုင်​ပါ​၏။ ဤ​ခွက်​ကို အ​ကျွန်ုပ်​ထံ​မှ ဖယ်​ရှား​ပေး​တော်​မူ​ပါ။ သို့​သော် အ​ကျွန်ုပ်​၏​အ​လို​အ​တိုင်း​မ​ဟုတ်​ဘဲ ကိုယ်​တော်​၏​အ​လို​တော်​အ​တိုင်း​ဖြစ်​စေ​တော်​မူ​ပါ”​ဟု တောင်း​လျှောက်​တော်​မူ​၏။

37 ထို့​နောက် ပြန်​လာ​၍ သူ​တို့​အိပ်​ပျော်​နေ​ကြ​သည်​ကို​တွေ့​တော်​မူ​လျှင် ပေ​တ​ရု​အား “ရှိ​မုန်၊ သင်​သည် အိပ်​ပျော်​နေ​သ​လော။ တစ်​နာ​ရီ​မျှ သ​တိ​နှင့်​မ​စောင့်​နိုင်​သ​လော။

38 ဖြား​ယောင်း​သွေး​ဆောင်​ရာ​ထဲ​သို့ မ​ကျ​ရောက်​စေ​ရန် သ​တိ​နှင့်​စောင့်​နေ​လျက် ဆု​တောင်း​ကြ​လော့။ စိတ်​ဝိ​ညာဉ်​သည် ထက်​သန်​သော်​လည်း ကိုယ်​ကာ​ယ​မူ​ကား အား​နည်း​၏”​ဟု မိန့်​တော်​မူ​၏။

39 တစ်​ဖန် ထွက်​သွား​၍ အ​ထက်​က​တောင်း​လျှောက်​ခဲ့​သည့်​အ​တိုင်း ဆု​တောင်း​ပြီး​မှ

40 နောက်​တစ်​ဖန် ပြန်​လာ​၍ တ​ပည့်​တော်​တို့​သည် မျက်​စိ​လေး​လံ​သ​ဖြင့် အိပ်​ပျော်​နေ​ကြ​သည်​ကို​တွေ့​တော်​မူ​၏။ သူ​တို့​သည်​လည်း ကိုယ်​တော်​အား မည်​သို့​လျှောက်​ရ​မည်​ကို​မ​သိ​ကြ။

41 ထို့​နောက် ကိုယ်​တော်​သည် တ​တိ​ယ​အ​ကြိမ်​ပြန်​လာ​၍ “ယ​ခု​တိုင်​အောင်​အိပ်​ပျော်​လျက် အ​နား​ယူ​နေ​ကြ​သ​လော။ တော်​လောက်​ပေ​၏။ အ​ချိန်​ရောက်​လာ​ပြီ။ ကြည့်​ရှု​လော့။ လူ့​သား​သည် အ​ပြစ်​သား​တို့​၏​လက်​သို့ အပ်​နှံ​ခြင်း​ခံ​ရ​တော့​မည်။

42 ထ​ကြ။ သွား​ကြ​စို့။ ငါ့​ကို​အပ်​နှံ​မည့်​သူ​ရောက်​လာ​ပြီ”​ဟု မိန့်​တော်​မူ​၏။

ယု​ဒ​၏​အ​နမ်း

43 ထို​သို့ ကိုယ်​တော်​မိန့်​တော်​မူ​စဉ်​၌​ပင် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​ထဲ​မှ တစ်​ပါး​ဖြစ်​သော​ယု​ဒ​သည် ရောက်​လာ​၏။ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ၊ ကျမ်း​ပြု​ဆ​ရာ​များ​နှင့် သက်​ကြီး​ဝါ​ကြီး​တို့​က​စေ​လွှတ်​လိုက်​သော လူ​အ​စု​အ​ဝေး​တို့​သည်​လည်း တုတ်၊ ဓား များ​ကိုင်​ဆောင်​လျက် သူ​နှင့်​အ​တူ​ပါ​လာ​၏။

44 ကိုယ်​တော်​ကို​အပ်​နှံ​သော​သူ​က “ငါ​နမ်း​သော​သူ​သည် ယေ​ရှု​ဖြစ်​၏။ သူ့​ကို​ဖမ်း​ဆီး​၍ လုံ​ခြုံ​စွာ​ခေါ်​ဆောင်​သွား​ကြ​လော့”​ဟု ဆို​လျက် အ​ချက်​ပြ​အ​မှတ်​အ​သား​ကို သူ​တို့​အား​ပေး​ထား​၏။

45 ထို့​ကြောင့် သူ​သည် ရောက်​လာ​သည်​နှင့် ကိုယ်​တော်​ထံ​သို့ ချက်​ချင်း​ချဉ်း​ကပ်​၍ “ရဗ္ဗိ”​ဟု ဆို​လျက် ကိုယ်​တော်​ကို​နမ်း​လေ​၏။

46 ထို​အ​ခါ လူ​တို့​သည် ကိုယ်​တော်​ကို​ဖမ်း​ဆီး​ချုပ်​ကိုင်​ထား​ကြ​၏။

47 ထို​စဉ် အ​နီး​၌​ရပ်​နေ​သော​သူ​တို့​ထဲ​မှ တစ်​ဦး​သည် ဓား​ကို​ဆွဲ​ထုတ်​လျက် ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အ​စေ​အ​ပါး​တစ်​ဦး​ကို​ခုတ်​သ​ဖြင့် ထို​သူ​၏​နား​ရွက်​ပြတ်​သွား​လေ​၏။

48 ယေ​ရှု​က ထို​သူ​တို့​အား “သင်​တို့​သည် ဓား​ပြ​ကို​ဖမ်း​သ​ကဲ့​သို့ တုတ်၊ ဓား​များ​ကိုင်​ဆောင်​လျက် ငါ့​ကို​ဖမ်း​ဆီး​ရန်​လာ​ကြ​သ​လော။

49 ငါ​သည် နေ့​တိုင်း သင်​တို့​နှင့်​အ​တူ​ရှိ​လျက် ဗိ​မာန်​တော်​၌​သွန်​သင်​နေ​ခဲ့​သော်​လည်း သင်​တို့​သည် ငါ့​ကို​မ​ဖမ်း​ဆီး​ကြ။ သို့​သော် ဤ​သို့​ဖြစ်​ခြင်း​မှာ ကျမ်း​စာ​ပြည့်​စုံ​ခြင်း​သို့​ရောက်​မည့်​အ​ကြောင်း​တည်း”​ဟု မိန့်​တော်​မူ​၏။

50 ထို​အ​ခါ တ​ပည့်​တော်​အား​လုံး​သည် ကိုယ်​တော်​ကို​ထား​ခဲ့​၍ ထွက်​ပြေး​ကြ​၏။

51 လူ​ငယ်​တစ်​ဦး​သည် မိ​မိ​ကိုယ်​ပေါ်​တွင် ပိတ်​ချော​ထည်​ကို​သာ​ခြုံ​လျက် ကိုယ်​တော်​၏​နောက်​သို့​လိုက်​သွား​ရာ လူ​တို့​သည် သူ့​ကို​ဖမ်း​ဆီး​ကြ​၏။

52 သို့​သော် သူ​သည် ပိတ်​ချော​ထည်​ကို​ထား​ခဲ့​၍ အ​ဝတ်​မ​ပါ​ဘဲ​ထွက်​ပြေး​သွား​လေ​၏။

တ​ရား​လွှတ်​တော်​သို့​ရောက်​တော်​မူ​ခြင်း

53 ထို့​နောက် သူ​တို့​သည် ယေ​ရှု​ကို ယဇ်​ပု​ရော​ဟိတ်​မင်း​ထံ​သို့ ခေါ်​ဆောင်​သွား​ကြ​ရာ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ၊ သက်​ကြီး​ဝါ​ကြီး​များ​နှင့်​ကျမ်း​ပြု​ဆ​ရာ​များ​ရှိ​သ​မျှ​သည် စု​ဝေး​လာ​ကြ​၏။

54 ပေ​တ​ရု​သည်​လည်း ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ခြံ​ဝင်း​အ​တွင်း​ထဲ​အ​ထိ ကိုယ်​တော့်​နောက်​သို့ မ​လှမ်း​မ​ကမ်း​မှ​လိုက်​သွား​ကာ အ​စောင့်​တပ်​သား​များ​နှင့်​အ​တူ​ထိုင်​လျက် မီး​လှုံ​နေ​၏။

55 ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် တ​ရား​လွှတ်​တော်​တစ်​ရပ်​လုံး​သည် ယေ​ရှု​ကို​သေ​ဒဏ်​ချ​မှတ်​နိုင်​ရန် ကိုယ်​တော်​၏​ပြစ်​မှု​ကို​ထင်​ရှား​စေ​မည့် သက်​သေ​ကို​ရှာ​ကြ​သော်​လည်း မ​တွေ့​ကြ။

56 အ​ကြောင်း​မူ​ကား လူ​များ​စွာ​တို့​သည် ကိုယ်​တော်​၏​တစ်​ဖက်​၌ မ​မှန်​သော​သက်​သေ​ထွက်​ဆို​ကြ​သော်​လည်း သူ​တို့​၏​သက်​သေ​ခံ​ချက်​များ​သည် ကိုက်​ညီ​မှု​မ​ရှိ​ကြ​ပေ။

57 ထို​အ​ခါ လူ​အ​ချို့​တို့​သည်​ထ​၍ ကိုယ်​တော်​၏​တစ်​ဖက်​၌ မ​မှန်​သော​သက်​သေ​ထွက်​ဆို​လျက်

58 “ဤ​သူ​က ‘ငါ​သည် လူ့​လက်​ဖြင့်​တည်​ဆောက်​သော ဤ​ဗိ​မာန်​တော်​ကို​ဖြို​ဖျက်​၍ လူ့​လက်​ဖြင့်​မ​တည်​ဆောက်​သော အ​ခြား​ဗိ​မာန်​တော်​ကို သုံး​ရက်​အ​တွင်း​တည်​ဆောက်​မည်’​ဟု ပြော​ဆို​သည်​ကို အ​ကျွန်ုပ်​တို့​ကြား​ရ​ပါ​သည်”​ဟု ဆို​ကြ​၏။

59 သို့​သော် သူ​တို့​၏​သက်​သေ​ခံ​ချက်​သည်​လည်း အ​လား​တူ​ပင်​ကိုက်​ညီ​မှု​မ​ရှိ​ပေ။

60 ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​သည် သူ​တို့​ရှေ့​၌​ထ​၍ “သင်​သည် တစ်​ခွန်း​မျှ​မ​ဖြေ​ဘဲ​နေ​သ​လော။ ဤ​သူ​တို့​သည် သင့်​တစ်​ဖက်​၌ သက်​သေ​ခံ​ကြ​သည်​မှာ မည်​သို့​နည်း”​ဟု ယေ​ရှု​အား​မေး​လေ​၏။

61 သို့​သော် ကိုယ်​တော်​သည် တစ်​ခွန်း​မျှ​မ​ဖြေ​ကြား​ဘဲ တိတ်​ဆိတ်​စွာ​နေ​တော်​မူ​၏။ တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​မင်း​က “သင်​သည် မင်္ဂ​လာ​ရှိ​သော​အ​ရှင်​၏​သား​တော်​တည်း​ဟူ​သော ခ​ရစ်​တော်​ဖြစ်​သ​လော”​ဟု မေး​လေ​၏။

62 ယေ​ရှု​က​လည်း “ငါ​ဖြစ်​၏။ လူ့​သား​သည် တန်​ခိုး​တော်​၏​လက်​ယာ​ဘက်​၌​ထိုင်​လျက် ကောင်း​ကင်​မိုး​တိမ်​များ​ဖြင့်​ကြွ​လာ​သည်​ကို သင်​တို့​မြင်​ရ​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

63 ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​သည် မိ​မိ​၏​အ​ဝတ်​ကို​ဆုတ်​ဖြဲ​လျက် “နောက်​ထပ် မည်​သည့်​သက်​သေ​များ​လို​သေး​သ​နည်း။

64 ဘု​ရား​သ​ခင်​အား​စော်​ကား​ပြော​ဆို​သော​စ​ကား​ကို သင်​တို့​ကြား​ရ​ကြ​ပြီ။ သင်​တို့​မည်​သို့​ထင်​မြင်​ကြ​သ​နည်း”​ဟု ဆို​သော် သူ​တို့​အား​လုံး​သည် ကိုယ်​တော်​ကို သေ​ဒဏ်​ခံ​ထိုက်​သည်​ဟု စီ​ရင်​ကြ​၏။

65 ထို့​နောက် အ​ချို့​တို့​သည် ကိုယ်​တော်​ကို​တံ​တွေး​နှင့်​ထွေး​လျက် မျက်​နှာ​တော်​ကို​ဖုံး​အုပ်​ပြီး​လျှင် ကိုယ်​တော်​ကို​ထိုး​နှက်​ကာ “ဟော​ကြည့်​ပါ”​ဟု ဆို​ကြ​၏။ အ​စောင့်​တပ်​သား​များ​သည်​လည်း ကိုယ်​တော်​ကို​ခေါ်​သွား​၍ ရိုက်​ပုတ်​ကြ​၏။

ယေ​ရှု​ကို​ပေ​တ​ရု​ငြင်း​ပယ်​ခြင်း

66 ပေ​တ​ရု​သည် ခြံ​ဝင်း​အောက်​ဘက်​၌​ရှိ​စဉ် ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အ​စေ​ခံ​မိန်း​မ​တစ်​ဦး​သည်​လာ​၍

67 မီး​လှုံ​နေ​သော​ပေ​တ​ရု​ကို​တွေ့​လျှင် သူ့​ကို​စူး​စိုက်​ကြည့်​လျက် “သင်​သည်​လည်း နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​နှင့်​အ​တူ​ရှိ​ခဲ့​သည်”​ဟု ဆို​၏။

68 သို့​သော် ပေ​တ​ရု​သည် “သင်​ပြော​နေ​သည့်​အ​ရာ​ကို ငါ​မ​သိ၊ နား​လည်း​မ​လည်”​ဟု ငြင်း​ဆို​လျက် ခြံ​အ​ဝင်​ဝ​ဘက်​သို့​ထွက်​သွား​ရာ ကြက်​တွန်​လေ​၏။

69 ထို့​နောက် ထို​အ​စေ​ခံ​မိန်း​မ​သည် ပေ​တ​ရု​ကို နောက်​တစ်​ဖန်​တွေ့​သ​ဖြင့် အ​နီး​၌​ရပ်​နေ​သော​သူ​တို့​အား “ဤ​သူ​သည် သူ​တို့​ထဲ​က​တစ်​ဦး​ဖြစ်​သည်”​ဟု ဆို​၏။

70 သို့​သော် ပေ​တ​ရု​သည် တစ်​ဖန်​ငြင်း​ဆို​လေ​၏။ ထို့​နောက် ခ​ဏ​ကြာ​လျှင် အ​နီး​၌​ရပ်​နေ​သော​သူ​တို့​က “သင်​သည် အ​မှန်​ပင် သူ​တို့​အ​ထဲ​မှ​တစ်​ဦး​ဖြစ်​၏။ အ​ကြောင်း​မူ​ကား သင်​သည်​လည်း ဂါ​လိ​လဲ​နယ်​သား​ဖြစ်​၏”​ဟု ထပ်​၍ ပေ​တ​ရု​အား​ဆို​ကြ​၏။

71 ပေ​တ​ရု​က​လည်း “သင်​တို့​ပြော​နေ​သည့်​လူ​ကို ငါ​မ​သိ”​ဟု တိုင်​တည်​၍​ကျိန်​ဆို​လေ​၏။

72 ထို​ခ​ဏ​ချင်း​တွင် ဒု​တိ​ယ​အ​ကြိမ် ကြက်​တွန်​လေ​၏။ ထို​အ​ခါ ပေ​တ​ရု​သည် “ကြက်​နှစ်​ကြိမ်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်​တိုင်​ငြင်း​ပယ်​လိမ့်​မည်”​ဟု ယေ​ရှု​မိန့်​တော်​မူ​ခဲ့​သော​စ​ကား​ကို သ​တိ​ရ​သ​ဖြင့် ချုံး​ပွဲ​ချ​ငို​ကြွေး​လေ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16