ရှင်​မာ​ကု​ခ​ရစ်​ဝင် 12 MSB

စ​ပျစ်​ခြံ​ပိုင်​ရှင်​ပုံ​ဥ​ပ​မာ

1 ထို့​နောက် ယေ​ရှု​သည် ပုံ​ဥ​ပ​မာ​များ​ဖြင့် သူ​တို့​အား မြွက်​ဆို​တော်​မူ​သည်​မှာ “လူ​တစ်​ဦး​သည် စ​ပျစ်​ခြံ​ကို​စိုက်​ပျိုး​၍ ခြံ​စည်း​ရိုး​ခတ်​လျက် စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ကို​တူး​ကာ မျှော်​စင်​ကို​ဆောက်​လေ​၏။ ထို့​နောက် ထို​ခြံ​ကို ခြံ​သ​မား​တို့​အား​ငှား​ရမ်း​၍ ခ​ရီး​ထွက်​လေ​၏။

2 အ​သီး​ပေါ်​ချိန်​ရောက်​သော​အ​ခါ ခြံ​သ​မား​တို့​ထံ​မှ စ​ပျစ်​ခြံ​ထွက်​အ​သီး​များ​ကို​ရ​ယူ​ရန် အ​စေ​အ​ပါး​တစ်​ဦး​ကို ခြံ​သ​မား​တို့​ထံ​သို့​စေ​လွှတ်​လေ​၏။

3 ထို​အ​ခါ သူ​တို့​သည် ထို​အ​စေ​အ​ပါး​ကို ဖမ်း​ဆီး​၍​ရိုက်​နှက်​ကာ လက်​ချည်း​သက်​သက်​ပြန်​လွှတ်​ကြ​၏။

4 နောက်​တစ်​ဖန် အ​ခြား​အ​စေ​အ​ပါး​တစ်​ဦး​ကို သူ​တို့​ထံ​သို့​စေ​လွှတ်​လိုက်​ရာ ဦး​ခေါင်း​ကို​ရိုက်​၍ သူ့​ကို​အ​ရှက်​ခွဲ​ကြ​၏။

5 တစ်​ဖန် အ​ခြား​တစ်​ဦး​ကို စေ​လွှတ်​ပြန်​လျှင် သူ့​ကို​သတ်​ပစ်​ကြ​၏။ အ​ခြား​သော​သူ​များ​စွာ​တို့​ကို​စေ​လွှတ်​သော်​လည်း အ​ချို့​တို့​ကို​ရိုက်​နှက်​၍ အ​ချို့​တို့​ကို​သတ်​ပစ်​ကြ​၏။

6 သူ​၌​ချစ်​သော​သား​တစ်​ဦး​တည်း​ရှိ​တော့​၏။ ခြံ​ပိုင်​ရှင်​က ‘သူ​တို့​သည် ငါ့​သား​ကို​ရို​သေ​ကြ​လိမ့်​မည်’​ဟု ဆို​လျက် နောက်​ဆုံး​တွင် ထို​သား​ကို သူ​တို့​ထံ​သို့​စေ​လွှတ်​လေ​၏။

7 သို့​သော် ခြံ​သ​မား​တို့​က ‘ဤ​သူ​သည်​အ​မွေ​ခံ​ဖြစ်​၏။ လာ​ကြ။ သူ့​ကို​သတ်​ကြ​စို့။ သို့​ပြု​လျှင် အ​မွေ​သည် ငါ​တို့​ဥစ္စာ​ဖြစ်​လာ​လိမ့်​မည်’​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​လျက်

8 သူ့​ကို​ဖမ်း​ဆီး​၍ သတ်​ပြီး​လျှင် စ​ပျစ်​ခြံ​အ​ပြင်​သို့ ထုတ်​ပစ်​ကြ​၏။

9 သို့​ဖြစ်​လျှင် စ​ပျစ်​ခြံ​ပိုင်​ရှင်​သည် မည်​သို့​ပြု​မည်​နည်း။ သူ​သည်​လာ​၍ ခြံ​သ​မား​တို့​ကို​အ​ဆုံး​စီ​ရင်​ကာ စ​ပျစ်​ခြံ​ကို အ​ခြား​သော​သူ​တို့​အား​ပေး​လိမ့်​မည်။

10 ‘တိုက်​ဆောက်​သူ​များ​ပယ်​ထား​သော​ကျောက်​သည် ထိပ်​ဆုံး​ထောင့်​ချုပ်​ကျောက်​ဖြစ်​လာ​၏။

11 ဤ​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​အား​ဖြင့်​ဖြစ်​လာ​၍ ငါ​တို့​၏​မျက်​မှောက်​၌ အံ့​သြ​ဖွယ်​ဖြစ်​၏’​ဟူ​သော​ကျမ်း​ချက်​ကို မ​ဖတ်​ဖူး​ကြ​သ​လော”​ဟု မိန့်​တော်​မူ​၏။

12 ထို​အ​ခါ သူ​တို့​သည် ထို​ပုံ​ဥ​ပ​မာ​ကို မိ​မိ​တို့​အား​ရည်​ညွှန်း​၍ မိန့်​တော်​မူ​ကြောင်း​သိ​ကြ​သ​ဖြင့် ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန် ရှာ​ကြံ​ကြ​၏။ သို့​သော် လူ​ထု​ပ​ရိ​သတ်​ကို​ကြောက်​သော​ကြောင့် ကိုယ်​တော်​ကို​ထား​ခဲ့​၍ ထွက်​သွား​ကြ​၏။

ဘု​ရား​သ​ခင်​နှင့်​ဆီ​ဇာ​ဧ​က​ရာဇ်

13 ထို့​နောက် သူ​တို့​သည် နှုတ်​တော်​ထွက်​စ​ကား​အား​ဖြင့် ကိုယ်​တော်​ကို​အ​ပြစ်​ရှာ​နိုင်​ရန် ဖာ​ရိ​ရှဲ​နှင့်​ဟေ​ရုဒ်​၏​လူ​အ​ချို့​တို့​ကို အ​ထံ​တော်​သို့​စေ​လွှတ်​ကြ​၏။

14 သူ​တို့​သည်​လာ​၍ ကိုယ်​တော်​အား “ဆ​ရာ၊ ဆ​ရာ​သည် ဖြောင့်​မှန်​သော​သူ​ဖြစ်​ပြီး မည်​သူ့​ကို​မျှ​အား​မ​နာ​ကြောင်း အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ဆ​ရာ​သည် လူ့​မျက်​နှာ​ကို​မ​ထောက်​ဘဲ ဘု​ရား​သ​ခင်​၏​တ​ရား​လမ်း​ကို သမ္မာ​တ​ရား​နှင့်​အ​ညီ​သွန်​သင်​ပါ​၏။ ဆီ​ဇာ​ဧ​က​ရာဇ်​ကို အ​ခွန်​ဆက်​သ​ခြင်း​သည် တ​ရား​တော်​နှင့်​ညီ​သ​လော သို့​မ​ဟုတ် မ​ညီ​သ​လော။ အ​ကျွန်ုပ်​တို့​ဆက်​သ​သင့်​သ​လော သို့​မ​ဟုတ် မ​ဆက်​သ​သင့်​သ​လော”​ဟု မေး​လျှောက်​ကြ​၏။

15 သို့​သော် ကိုယ်​တော်​သည် သူ​တို့​၏​သူ​တော်​ကောင်း​ယောင်​ဆောင်​မှု​ကို သိ​တော်​မူ​၍ “အ​ဘယ်​ကြောင့် ငါ့​ကို​စမ်း​သပ်​ကြ​သ​နည်း။ ငါ​ကြည့်​ရန်​အ​တွက် ဒေ​နာ​ရိ​တစ်​ပြား​ကို ငါ့​ထံ​ယူ​ခဲ့​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

16 သူ​တို့​ယူ​လာ​ကြ​သော​အ​ခါ ကိုယ်​တော်​က “ဤ​သည်​ကား မည်​သူ​၏​ပုံ၊ မည်​သူ​၏​ကမ္ပည်း​စာ​ဖြစ်​သ​နည်း”​ဟု မေး​တော်​မူ​လျှင် သူ​တို့​က “ဆီ​ဇာ​ဧ​က​ရာဇ်​၏​ပုံ​နှင့်​ကမ္ပည်း​စာ​ဖြစ်​ပါ​သည်”​ဟု လျှောက်​ကြ​၏။

17 ယေ​ရှု​က​လည်း “ဆီ​ဇာ​ဧ​က​ရာဇ်​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို ဆီ​ဇာ​ဧ​က​ရာဇ်​အား​ဆက်​သ​၍ ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို ဘု​ရား​သ​ခင်​အား​ဆက်​သ​ကြ​လော့”​ဟု မိန့်​တော်​မူ​ရာ သူ​တို့​သည် ကိုယ်​တော်​ကို​အံ့​သြ​ကြ​၏။

ဇဒ္ဒု​ကဲ​များ​နှင့်​ရှင်​ပြန်​ထ​မြောက်​ခြင်း

18 ထို့​နောက် ရှင်​ပြန်​ထ​မြောက်​ခြင်း​မ​ရှိ​ဟု​ပြော​ကြ​သော ဇဒ္ဒု​ကဲ​တို့​သည် အ​ထံ​တော်​သို့​လာ​၍

19 “ဆ​ရာ၊ တစ်​စုံ​တစ်​ဦး​၏​အစ်​ကို​သည် သား​သ​မီး​မ​ထွန်း​ကား​ဘဲ​သေ​ဆုံး​၍ မ​ယား​ကို​ထား​ခဲ့​လျှင် ညီ​ဖြစ်​သူ​သည် မိ​မိ​အစ်​ကို​၏​မျိုး​ဆက်​ကို​ပေါက်​ပွား​စေ​ရန် ထို​မိန်း​မ​ကို​ယူ​ရ​မည်​ဟု မော​ရှေ​က အ​ကျွန်ုပ်​တို့​အ​တွက် စီ​ရင်​ရေး​ထား​ခဲ့​ပါ​သည်။

20 ညီ​အစ်​ကို​ခု​နစ်​ဦး​ရှိ​ခဲ့​ရာ အစ်​ကို​အ​ကြီး​ဆုံး​သည် မိန်း​မ​ယူ​ပြီး မျိုး​ဆက်​မ​ထား​ခဲ့​ဘဲ သေ​ဆုံး​သွား​ပါ​သည်။

21 ထို​အ​ခါ ဒု​တိ​ယ​ညီ​သည် ထို​မိန်း​မ​ကို​ယူ​၍ မျိုး​ဆက်​မ​ထား​ခဲ့​ဘဲ သေ​ဆုံး​သွား​ပြန်​သည်။ တ​တိ​ယ​ညီ​သည်​လည်း ထို​နည်း​တူ​ဖြစ်​ပြီး

22 ခု​နစ်​ဦး​စ​လုံး​သည်​မျိုး​ဆက်​မ​ထား​ခဲ့​ဘဲ သေ​ဆုံး​ကြ​သည်။ နောက်​ဆုံး​တွင် ထို​မိန်း​မ​သည်​လည်း သေ​ဆုံး​သွား​ပါ​သည်။

23 ရှင်​ပြန်​ထ​မြောက်​ရာ​ကာ​လ​၌ သူ​တို့​ထ​မြောက်​ကြ​သော​အ​ခါ ထို​မိန်း​မ​သည် မည်​သူ​၏​မ​ယား​ဖြစ်​ပါ​မည်​နည်း။ အ​ကြောင်း​မူ​ကား ခု​နစ်​ဦး​စ​လုံး ထို​မိန်း​မ​ကို မ​ယား​အ​ဖြစ် ပေါင်း​ဖက်​ခဲ့​ကြ​ပါ​သည်”​ဟု မေး​လျှောက်​ကြ​၏။

24 ယေ​ရှု​က​လည်း “သင်​တို့​သည် ကျမ်း​စာ​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​ကို​လည်း​ကောင်း မ​သိ​သော​ကြောင့် ဤ​သို့​အ​ယူ​လွဲ​နေ​ကြ​သည်​မ​ဟုတ်​လော။

25 အ​ကြောင်း​မူ​ကား လူ​တို့​သည် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​ကြ​သော​အ​ခါ ထိမ်း​မြား​စုံ​ဖက်​ခြင်း​ကို​မ​ပြု၊ ပေး​စား​ဆောင်​နှင်း​ခြင်း​လည်း​မ​ရှိ​ဘဲ ကောင်း​ကင်​ဘုံ​၌​ရှိ​သော ကောင်း​ကင်​တ​မန်​များ​ကဲ့​သို့​ဖြစ်​ကြ​၏။

26 သေ​သော​သူ​တို့​၏​ထ​မြောက်​ခြင်း​နှင့်​ပတ်​သက်​၍ မော​ရှေ​၏​ကျမ်း​၌ ချုံ​ပုတ်​အ​ကြောင်း​ရေး​ထား​သော​အ​ခန်း​တွင် ဘု​ရား​သ​ခင်​က ‘ငါ​သည် အာ​ဗြ​ဟံ​၏​ဘု​ရား၊ ဣ​ဇက်​၏​ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား​ဖြစ်​၏’​ဟု မော​ရှေ​အား မိန့်​တော်​မူ​ခဲ့​သည်​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ​သ​လော။

27 ဘု​ရား​သ​ခင်​သည် သေ​သော​သူ​တို့​၏​ဘု​ရား​မ​ဟုတ်​ဘဲ အ​သက်​ရှင်​သော​သူ​တို့​၏​ဘု​ရား​ဖြစ်​၏။ သင်​တို့​သည် လွန်​စွာ​အ​ယူ​လွဲ​ကြ​ပြီ”​ဟု မိန့်​တော်​မူ​၏။

ကြီး​မြတ်​သည့်​ပ​ညတ်​ချက်​နှစ်​ပါး

28 ထို​အ​ခါ ကျမ်း​ပြု​ဆ​ရာ​တစ်​ဦး​သည် ချဉ်း​ကပ်​လာ​၍ သူ​တို့​ငြင်း​ခုံ​ပြော​ဆို​နေ​ကြ​သည်​ကို​ကြား​ပြီး ကိုယ်​တော်​သည် သူ​တို့​အား လျောက်​ပတ်​စွာ​ဖြေ​ကြား​တော်​မူ​သည်​ကို​မြင်​လျှင် “ပ​ညတ်​ချက်​အား​လုံး​တွင် မည်​သည့်​ပ​ညတ်​ချက်​သည် ပ​ထ​မ​ဖြစ်​သ​နည်း”​ဟု မေး​လျှောက်​လေ​၏။

29 ယေ​ရှု​က “ပ​ထ​မ​ပ​ညတ်​ချက်​မှာ ‘အို အစ္စ​ရေး​အ​မျိုး၊ နား​ထောင်​လော့။ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ဆူ​တည်း​သော​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။

30 သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို သင်​၏​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့၊ သင်​၏​စိတ်​ဝိ​ညာဉ်​တစ်​ခု​လုံး၊ သင်​၏​အ​သိ​ဉာဏ်​ရှိ​သ​မျှ​နှင့် သင်​၏​အ​စွမ်း​သတ္တိ​ရှိ​သ​မျှ​တို့​ဖြင့် ချစ်​ရ​မည်’​ဟူ​၍ ဖြစ်​၏။

31 ဒု​တိ​ယ​ပ​ညတ်​ချက်​မှာ ‘ကိုယ့်​ဝန်း​ကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်’​ဟူ​၍ ဖြစ်​၏။ ဤ​ပ​ညတ်​ချက်​နှစ်​ပါး​ထက်​ကြီး​မြတ်​သော အ​ခြား​ပ​ညတ်​မ​ရှိ”​ဟု ဖြေ​ကြား​တော်​မူ​၏။

32 ထို​ကျမ်း​ပြု​ဆ​ရာ​က​လည်း “မှန်​ပါ​၏​ဆ​ရာ။ ဘု​ရား​သ​ခင်​သည် တစ်​ဆူ​တည်း​ရှိ​၍ ထို​ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ခြား​ဘု​ရား​မ​ရှိ​ဟု ဆ​ရာ​ပြော​သည်​မှာ ဟုတ်​မှန်​ပါ​၏။

33 ဘု​ရား​သ​ခင်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့၊ ဉာဏ်​စွမ်း​ရှိ​သ​မျှ၊ အ​စွမ်း​သတ္တိ​ရှိ​သ​မျှ​တို့​ဖြင့်​ချစ်​၍​ဝန်း​ကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​ခြင်း​သည်​လည်း မီး​ရှို့​ရာ​ယဇ်​နှင့် ယဇ်​ပူ​ဇော်​ခြင်း​အ​ပေါင်း​တို့​ထက် သာ​၍​မြတ်​ပါ​၏”​ဟု လျှောက်​လေ​၏။

34 ထို​သူ​သည် ပ​ညာ​ရှိ​စွာ​ဖြေ​ကြား​သည်​ကို ယေ​ရှု​မြင်​တော်​မူ​လျှင် “သင်​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​နှင့်​မ​ဝေး”​ဟု သူ့​အား မိန့်​တော်​မူ​၏။ ထို​အ​ချိန်​မှ​စ​၍ မည်​သူ​မျှ ကိုယ်​တော်​အား မေး​ခွန်း​များ​မ​မေး​ဝံ့​တော့​ချေ။

ခ​ရစ်​တော်​နှင့်​ပတ်​သက်​သည့်​မေး​ခွန်း

35 တစ်​ဖန် ယေ​ရှု​သည် ဗိ​မာန်​တော်​၌ သွန်​သင်​တော်​မူ​စဉ် “ခ​ရစ်​တော်​သည် ဒါ​ဝိဒ်​၏​သား​ဖြစ်​သည်​ဟု ကျမ်း​ပြု​ဆ​ရာ​တို့​က မည်​သို့​ပြော​ဆို​နိုင်​ကြ​သ​နည်း။

36 ဒါ​ဝိဒ်​ကိုယ်​တိုင် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့် ‘ထာ​ဝ​ရ​ဘု​ရား​သည် ငါ​၏​သ​ခင်​အား သင်​၏​ရန်​သူ​တို့​ကို သင်​၏​ခြေ​ဖ​ဝါး​အောက်​၌ ငါ​ချ​ထား​သည့်​တိုင်​အောင် ငါ​၏​လက်​ယာ​ဘက်​၌ ထိုင်​နေ​လော့​ဟု မိန့်​တော်​မူ​၏’​ဟူ​၍ ဆို​ထား​၏။

37 ဒါ​ဝိဒ်​ကိုယ်​တိုင် ခ​ရစ်​တော်​ကို ‘သ​ခင်’​ဟု ခေါ်​လျှင် ခ​ရစ်​တော်​သည် မည်​ကဲ့​သို့ သူ​၏​သား​ဖြစ်​နိုင်​မည်​နည်း”​ဟု မိန့်​တော်​မူ​၏။ များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​သည် ကိုယ်​တော်​၏​စ​ကား​တော်​ကို ဝမ်း​မြောက်​စွာ​နား​ထောင်​နေ​ကြ​၏။

ကျမ်း​ပြု​ဆ​ရာ​များ​ကို​သ​တိ​ထား​ရန် မိန့်​တော်​မူ​ခြင်း

38 ကိုယ်​တော်​သည် ဆက်​၍​ဟော​ပြော​သွန်​သင်​တော်​မူ​ရာ​၌ “ကျမ်း​ပြု​ဆ​ရာ​တို့​ကို သ​တိ​ထား​ကြ​လော့။ သူ​တို့​သည် ဝတ်​လုံ​ကို​ဝတ်​၍ သွား​လာ​ခြင်း​ကို​လည်း​ကောင်း၊ ဈေး​အ​ရပ်​၌ နှုတ်​ဆက်​ခံ​ရ​ခြင်း​ကို​လည်း​ကောင်း၊

39 ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​၌ အ​ထူး​ထိုင်​ခုံ​များ​ကို​လည်း​ကောင်း၊ စား​သောက်​ပွဲ​များ​၌ အ​ထူး​နေ​ရာ​များ​ကို​လည်း​ကောင်း နှစ်​သက်​ကြ​၏။

40 သူ​တို့​သည် မု​ဆိုး​မ​တို့​၏​အိမ်​ကို​မ​တ​ရား​သိမ်း​ယူ​ပြီး ဟန်​ပြ​၍ ရှည်​လျား​စွာ​ဆု​တောင်း​တတ်​ကြ​၏။ သူ​တို့​သည် ပို​၍​ကြီး​လေး​သော​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

မု​ဆိုး​မ​၏​အ​လှူ

41 ထို့​နောက် ကိုယ်​တော်​သည် အ​လှူ​ခံ​သေတ္တာ​ဘက်​သို့​မျက်​နှာ​မူ​လျက် ထိုင်​တော်​မူ​၍ လူ​တို့​သည် ကြေး​ဒင်္ဂါး​ကို အ​လှူ​ခံ​သေတ္တာ​ထဲ​သို့ ထည့်​နေ​ကြ​ပုံ​ကို ကြည့်​ရှု​တော်​မူ​၏။ ချမ်း​သာ​သော​သူ​များ​စွာ​တို့​သည် အ​မြောက်​အ​မြား​ထည့်​ကြ​၏။

42 ထို​စဉ် ဆင်း​ရဲ​သော​မု​ဆိုး​မ​တစ်​ဦး​သည် လာ​၍ ကွတ်​ရန်​တေး​တစ်​ပြား​နှင့်​ညီ​သော လတ္တာ​နှစ်​ပြား​ကို​ထည့်​လေ​၏။

43 ထို​အ​ခါ ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​ကို​ခေါ်​၍ “သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား ဤ​ဆင်း​ရဲ​သော​မု​ဆိုး​မ​သည် အ​လှူ​ခံ​သေတ္တာ​ထဲ​သို့ ထည့်​သော​သူ​အား​လုံး​ထက် ပို​၍​ထည့်​လေ​ပြီ။

44 အ​ကြောင်း​မူ​ကား သူ​တို့​အား​လုံး​သည် မိ​မိ​တို့​၏​ကြွယ်​ဝ​ပြည့်​စုံ​မှု​ထဲ​မှ ထည့်​ကြ​၏။ ဤ​မု​ဆိုး​မ​မူ​ကား မိ​မိ​၏​ဆင်း​ရဲ​ချို့​တဲ့​မှု​ထဲ​မှ သူ​၌​ရှိ​သ​မျှ​သော​အ​ရာ​အား​လုံး၊ သူ​၏​အ​သက်​မွေး​စ​ရာ​အား​လုံး​ကို ထည့်​လေ​ပြီ”​ဟု မိန့်​တော်​မူ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16