ရှင်​မာ​ကု​ခ​ရစ်​ဝင် 16 MSB

ရှင်​ပြန်​ထ​မြောက်​တော်​မူ​ခြင်း

1 ဥ​ပုသ်​နေ့​လွန်​ပြီး​နောက် မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ၊ ယာ​ကုပ်​၏​မိ​ခင်​မာ​ရိ​နှင့် ဆ​လို​မေ​တို့​သည် အ​လောင်း​တော်​ကို သွား​၍​လိမ်း​ရန် အ​မွှေး​နံ့​သာ​ကို ဝယ်​ယူ​ကြ​၏။

2 ထို့​နောက် ရက်​သတ္တ​ပတ်​၏​ပ​ထ​မ​နေ့၊ နံ​နက်​စော​စော နေ​ထွက်​ချိန်​၌ သူ​တို့​သည် သင်္ချိုင်း​တော်​သို့​ရောက်​လာ​ကြ​၏။

3 သူ​တို့​က “ငါ​တို့​အ​တွက် သင်္ချိုင်း​ဂူ​ဝ​မှ​ကျောက်​တုံး​ကို မည်​သူ​လှိမ့်​ဖယ်​ပေး​မည်​နည်း”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

4 သို့​သော် သူ​တို့​မျှော်​ကြည့်​ကြ​သော​အ​ခါ ကျောက်​တုံး​အား လှိမ့်​ဖယ်​ထား​ပြီး​ဖြစ်​သည်​ကို​တွေ့​ကြ​၏။ ထို​ကျောက်​တုံး​ကား အ​လွန်​ကြီး​မား​လှ​၏။

5 ထို့​နောက် သူ​တို့​သည် သင်္ချိုင်း​ဂူ​ထဲ​သို့​ဝင်​ကြ​ရာ ဝတ်​လုံ​ဖြူ​ဝတ်​ဆင်​သော​လူ​ငယ်​တစ်​ဦး​သည် လက်​ယာ​ဘက်​၌​ထိုင်​နေ​သည်​ကို​တွေ့​မြင်​သ​ဖြင့် ထိတ်​လန့်​အံ့​ဩ​ကြ​၏။

6 သို့​သော် ထို​သူ​က “ထိတ်​လန့်​အံ့​ဩ​ခြင်း​မ​ရှိ​ကြ​နှင့်။ သင်​တို့​သည် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ခြင်း​ခံ​ရ​သော နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ကို​ရှာ​ကြ​၏။ ကိုယ်​တော်​သည်​ထ​မြောက်​တော်​မူ​ပြီ။ ဤ​နေ​ရာ​၌​မ​ရှိ။ အ​လောင်း​တော်​သွင်း​ထား​သည့်​နေ​ရာ​ကို​ကြည့်​ကြ​လော့။

7 သင်​တို့​မူ​ကား သွား​၍ တ​ပည့်​တော်​များ​နှင့် ပေ​တ​ရု​အား ‘ကိုယ်​တော်​သည် သင်​တို့​ကို​မိန့်​မှာ​ခဲ့​သည့်​အ​တိုင်း ဂါ​လိ​လဲ​နယ်​သို့ သင်​တို့​ထက်​အ​လျင်​ဦး​စွာ​ကြွ​နှင့်​တော်​မူ​ပြီ။ သင်​တို့​သည် ထို​အ​ရပ်​၌ ကိုယ်​တော်​ကို​တွေ့​မြင်​ရ​ကြ​လိမ့်​မည်’​ဟူ​၍ ပြော​ကြား​ကြ​လော့”​ဟု ဆို​လေ​၏။

8 ထို​အ​ခါ သူ​တို့​သည်​တုန်​လှုပ်​လျက် မိန်း​မော​တွေ​ဝေ​သ​ဖြင့် သင်္ချိုင်း​ဂူ​ထဲ​မှ​ထွက်​လာ​ပြီး​လျှင် ထွက်​ပြေး​ကြ​၏။ သူ​တို့​သည်​ကြောက်​ရွံ့​သော​ကြောင့် မည်​သူ့​ကို​မျှ မည်​သည့်​အ​ရာ​မျှ​မ​ပြော​ကြ​ချေ။

ထ​မြောက်​သော​ယေ​ရှု​၏​ထင်​ရှား​တော်​မူ​ခြင်း

9 [ယေ​ရှု​သည် ရက်​သတ္တ​ပတ်​၏​ပ​ထ​မ​နေ့ နံ​နက်​စော​စော​အ​ချိန်​တွင် ထ​မြောက်​တော်​မူ​ပြီး​နောက် မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ​အား ပ​ထ​မ​ဦး​စွာ ကိုယ်​ထင်​ရှား​ပြ​တော်​မူ​၏။ ထို​မာ​ရိ​ကား နတ်​ဆိုး​ခု​နစ်​ကောင်​ကို သူ့​ထံ​မှ ကိုယ်​တော်​နှင်​ထုတ်​ပေး​ခဲ့​သော​သူ​ဖြစ်​၏။

10 မာ​ရိ​သည်​လည်း ဝမ်း​နည်း​ကြေ​ကွဲ​လျက်​ငို​ကြွေး​နေ​ကြ​သော ကိုယ်​တော်​နှင့်​အ​တူ​ရှိ​ခဲ့​သူ​များ​ထံ​သို့​သွား​၍ ထို​အ​ကြောင်း​ကို​ပြော​ပြ​လေ​၏။

11 သို့​သော် ကိုယ်​တော်​အ​သက်​ရှင်​တော်​မူ​ကြောင်း​နှင့် ကိုယ်​တော်​ကို မာ​ရိ​တွေ့​မြင်​ခဲ့​ကြောင်း သူ​တို့​ကြား​ကြ​သော​အ​ခါ သူ​တို့​သည်​မ​ယုံ​ကြ​ချေ။

12 ထို့​နောက် သူ​တို့​ထဲ​မှ​နှစ်​ဦး​သည် တော​ရွာ​သို့​လမ်း​လျှောက်​၍ ခ​ရီး​သွား​ကြ​စဉ် ကိုယ်​တော်​သည် ခြား​နား​သော​အ​သွင်​သဏ္ဌာန်​ဖြင့် ကိုယ်​ထင်​ရှား​ပြ​တော်​မူ​၏။

13 ထို​သူ​နှစ်​ဦး​တို့​သည် ကျန်​သော​သူ​တို့​အား သွား​၍​ပြော​ပြ​ကြ​၏။ သို့​သော် ထို​သ​တင်း​ကို​လည်း သူ​တို့​မ​ယုံ​ကြ​ချေ။

ကြီး​မြတ်​သော​စေ​ခိုင်း​မှု

14 ထို့​နောက် ကိုယ်​တော်​သည် စား​ပွဲ​၌​ထိုင်​နေ​သော​တ​ပည့်​တော်​တစ်​ဆယ့်​တစ်​ပါး​တို့​အား ကိုယ်​ထင်​ရှား​ပြ​တော်​မူ​၍ ထ​မြောက်​တော်​မူ​သော​ကိုယ်​တော်​အား တွေ့​မြင်​သော​သူ​တို့​၏​စ​ကား​ကို သူ​တို့​မ​ယုံ​ကြ​သော​ကြောင့် သူ​တို့​၏​မ​ယုံ​ကြည်​မှု​နှင့် စိတ်​နှ​လုံး​မာ​ကျော​မှု​တို့​ကို ပြစ်​တင်​ဆုံး​မ​တော်​မူ​၏။

15 ထို့​နောက် ကိုယ်​တော်​က “ကမ္ဘာ​အ​နှံ့​အ​ပြား​သို့​သွား​၍ ဖန်​ဆင်း​ခံ​လော​က​တစ်​ခု​လုံး​အား ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​ကြ​လော့။

16 ယုံ​ကြည်​၍ ဗတ္တိ​ဇံ​ခံ​သော​သူ​သည် ကယ်​တင်​ခြင်း​ခံ​ရ​လိမ့်​မည်။ မ​ယုံ​ကြည်​သော​သူ​မူ​ကား ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

17 ယုံ​ကြည်​သော​သူ​တို့​နှင့်​အ​တူ ယှဉ်​တွဲ​လျက်​ရှိ​ကြ​မည့်​နိ​မိတ်​လက္ခ​ဏာ​များ​ဟူ​မူ​ကား သူ​တို့​သည် ငါ​၏​နာ​မ​ဖြင့် နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​ကြ​လိမ့်​မည်။ အ​သစ်​သော​ဘာ​သာ​စ​ကား​များ​ကို​ပြော​ကြ​လိမ့်​မည်။

18 သူ​တို့​လက်​ဖြင့် မြွေ​ကို​ဖမ်း​ကိုင်​ကြ​လိမ့်​မည်။ သေ​စေ​တတ်​သော​အ​ဆိပ်​တစ်​စုံ​တစ်​ခု​ကို​သောက်​မိ​သော်​လည်း သူ​တို့​ကို လုံး​ဝ​အန္တ​ရာယ်​ဖြစ်​စေ​မည်​မ​ဟုတ်။ မ​ကျန်း​မာ​သော​သူ​တို့​အ​ပေါ်​လက်​တင်​သော​အ​ခါ ထို​သူ​တို့​သည် ကျန်း​မာ​လာ​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

ကောင်း​ကင်​သို့​တက်​ကြွ​တော်​မူ​ခြင်း

19 သ​ခင်​ယေ​ရှု​သည် သူ​တို့​အား ထို​သို့​မိန့်​တော်​မူ​ပြီး​နောက် ကောင်း​ကင်​သို့​ဆောင်​ယူ​ခြင်း​ကို​ခံ​တော်​မူ​၍ ဘု​ရား​သ​ခင်​၏​လက်​ယာ​တော်​ဘက်​၌ ထိုင်​တော်​မူ​၏။

20 ထို​အ​ခါ တ​ပည့်​တော်​တို့​သည်​ထွက်​သွား​၍ နေ​ရာ​အ​နှံ့​တ​ရား​ဟော​ကြ​၏။ သ​ခင်​ဘု​ရား​သည်​လည်း သူ​တို့​နှင့်​အ​တူ​လုပ်​ဆောင်​တော်​မူ​၍ နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပူး​တွဲ​ပါ​ဝင်​စေ​ခြင်း​အား​ဖြင့် နှုတ်​က​ပတ်​တ​ရား​တော်​ကို တည်​မြဲ​စေ​တော်​မူ​၏။]

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16