ရှင်​လု​ကာ​ခ​ရစ်​ဝင် 1 MSB

သော်​ဖိ​လု​အား​ရည်​စူး​သော​စ​ကား

1-2 မြတ်​သော​သော်​ဖိ​လု၊ ငါ​တို့​၌ ထင်​ရှား​ပြည့်​စုံ​ခဲ့​သော​အ​ကြောင်း​အ​ရာ​များ​ကို မူ​လ​မျက်​မြင်​သက်​သေ​များ​နှင့် နှုတ်​က​ပတ်​တ​ရား​တော်​၏​အ​မှု​ကို​ဆောင်​ရွက်​သော​သူ​တို့​က ငါ​တို့​အား​ဟော​ပြော​ခဲ့​သည့်​အ​တိုင်း စီ​ကုံး​ရေး​သား​ရန် လူ​အ​များ​တို့​သည် ကြိုး​စား​ကြ​သည်​ဖြစ်​၍

3-4 အ​လုံး​စုံ​တို့​ကို အ​စ​မှ​စ​၍ သေ​ချာ​စွာ​စိ​စစ်​လေ့​လာ​ခဲ့​သော​ငါ​သည်​လည်း အ​သင် သင်​ယူ​ခဲ့​ပြီး​သော​အ​ကြောင်း​အ​ရာ​များ ဧ​ကန်​အ​မှန်​ဖြစ်​ကြောင်း​သိ​ရှိ​စေ​ရန် ၎င်း​တို့​ကို အ​သင့်​ထံ အ​စဉ်​လိုက်​ရေး​သား​သင့်​သည်​ဟု​ထင်​မှတ်​ပါ​၏။

ယော​ဟန်​မွေး​ဖွား​မည့်​အ​ကြောင်း ဂါ​ဗြေ​လ​ကြို​တင်​မြွက်​ဆို​ခြင်း

5 ယု​ဒ​နယ်​ကို​အုပ်​ချုပ်​သော ဟေ​ရုဒ်​မင်း​ကြီး​လက်​ထက်​တွင် ဇာ​ခ​ရိ​အ​မည်​ရှိ​သော အ​ဘိ​ယ​အ​ဖွဲ့​ဝင်​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​ရှိ​၏။ သူ​၏​ဇ​နီး​သည် အာ​ရုန်​၏​အ​မျိုး​မှ​ဆင်း​သက်​သူ​ဖြစ်​ပြီး သူ​၏​အ​မည်​မှာ အဲ​လစ်​ဇ​ဘက်​ဖြစ်​၏။

6 သူ​တို့​နှစ်​ဦး​စ​လုံး​သည် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​နှင့်​ပြဋ္ဌာန်း​ချက်​ရှိ​သ​မျှ​တို့​ကို တစ်​သ​ဝေ​မ​တိမ်း​လိုက်​လျှောက်​လျက် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ဖြောင့်​မတ်​သော​သူ​များ​ဖြစ်​ကြ​၏။

7 သို့​သော် အဲ​လစ်​ဇ​ဘက်​သည် အ​မြုံ​ဖြစ်​၍ သူ​တို့​၌​သား​သ​မီး​မ​ရှိ။ သူ​တို့​နှစ်​ဦး​စ​လုံး​သည်​လည်း အ​သက်​ကြီး​ရင့်​နေ​ကြ​ပြီ​ဖြစ်​၏။

8 တစ်​ခါ​က ဇာ​ခ​ရိ​သည် မိ​မိ​၏​အ​ဖွဲ့ အ​လှည့်​ကျ​သ​ဖြင့် ဘု​ရား​သ​ခင်​ရှေ့​တော်​၌​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​ဆောင်​ရွက်​နေ​စဉ်

9 ယဇ်​ပု​ရော​ဟိတ်​အ​ဖွဲ့​၏​ဓ​လေ့​ထုံး​စံ​အ​တိုင်း​မဲ​ချ​ကြ​ရာ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​အ​တွင်း​သို့​ဝင်​၍ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​ရန် သူ​၌​တာ​ဝန်​ကျ​လေ​၏။

10 နံ့​သာ​ပေါင်း​မီး​ရှို့​ပူ​ဇော်​သည့်​အ​ချိန်​တွင် လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် အ​ပြင်​၌​ဆု​တောင်း​နေ​ကြ​၏။

11 ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ဇာ​ခ​ရိ​ရှေ့​၌​ပေါ်​လာ​၍ နံ့​သာ​ပေါင်း​မီး​ရှို့​ပူ​ဇော်​ရာ​ယဇ်​ပလ္လင်​၏​လက်​ယာ​ဘက်​တွင် ရပ်​လေ​၏။

12 ဇာ​ခ​ရိ​သည်​မြင်​လျှင် တုန်​လှုပ်​ချောက်​ချား​၍ ကြောက်​ရွံ့​လေ​၏။

13 ကောင်း​ကင်​တ​မန်​က “ဇာ​ခ​ရိ၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်။ သင်​၏​ဆု​တောင်း​သံ​ကို ဘု​ရား​သ​ခင်​နား​ညောင်း​တော်​မူ​ပြီ။ သင်​၏​ဇ​နီး​အဲ​လစ်​ဇ​ဘက်​သည် သား​ယောက်ျား​ကို​ဖွား​မြင်​လိမ့်​မည်။ ထို​သား​၏​အ​မည်​ကို ယော​ဟန်​ဟု​မှည့်​ခေါ်​ရ​မည်။

14 သူ​သည် သင့်​အ​တွက် ဝမ်း​မြောက်​ခြင်း​နှင့်​ရွှင်​မြူး​ခြင်း​ဖြစ်​မည်။ လူ​များ​စွာ​တို့​သည်​လည်း သူ​၏​ဖွား​မြင်​ခြင်း​အ​တွက် ဝမ်း​မြောက်​ကြ​လိမ့်​မည်။

15 အ​ကြောင်း​မူ​ကား သူ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ ကြီး​မြတ်​သော​သူ​ဖြစ်​လာ​မည်။ စ​ပျစ်​ဝိုင်​နှင့်​သေ​ရည်​သေ​ရက်​တို့​ကို​လည်း မ​သောက်​ဘဲ​နေ​၍ အ​မိ​ဝမ်း​တွင်း​၌​ရှိ​စဉ်​က​ပင် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​လိမ့်​မည်။

16 သူ​သည် များ​စွာ​သော​အစ္စ​ရေး​အ​မျိုး​သား​တို့​ကို မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ ပြန်​လည်​ပို့​ဆောင်​၍

17 အ​ဖ​တို့​၏​စိတ်​နှ​လုံး​တို့​ကို သား​သ​မီး​တို့​ထံ​သို့​လည်း​ကောင်း၊ နာ​ခံ​ခြင်း​မ​ရှိ​သော​သူ​တို့​ကို ဖြောင့်​မတ်​သော​သူ​တို့​၏​အ​သိ​ပ​ညာ​ထဲ​သို့​လည်း​ကောင်း ပြန်​လှည့်​လာ​စေ​ရန်​နှင့် ပြင်​ဆင်​ထား​သော​လူ​မျိုး​တော်​ကို ထာ​ဝ​ရ​ဘု​ရား​အ​တွက်​အ​သင့်​ဖြစ်​စေ​ရန် ဧ​လိ​ယ​၏​ဝိ​ညာဉ်​နှင့်​တန်​ခိုး​တို့​ဖြင့် ကိုယ်​တော်​၏​ရှေ့​တော်​မှ ဦး​စွာ​သွား​နှင့်​မည်”​ဟု မြွက်​ဆို​လေ​၏။

18 ဇာ​ခ​ရိ​က​လည်း “အ​ကျွန်ုပ်​သည် အို​မင်း​သူ​ဖြစ်​ပြီး အ​ကျွန်ုပ်​၏​ဇ​နီး​သည်​လည်း အ​သက်​ကြီး​ရင့်​နေ​ပါ​သ​ဖြင့် ဤ​သို့​ဖြစ်​မည်​ကို မည်​သို့​သိ​နိုင်​ပါ​မည်​နည်း”​ဟု ကောင်း​ကင်​တ​မန်​အား ပြန်​ပြော​လေ​၏။

19 ကောင်း​ကင်​တ​မန်​က​လည်း “ငါ​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​၌​ခ​စား​ရ​သော ဂါ​ဗြေ​လ​ဖြစ်​၏။ သင့်​ကို​နှုတ်​ဆက်​၍ ဤ​ဝမ်း​မြောက်​ဖွယ်​သ​တင်း​ကို​ပြော​ကြား​ရန် ငါ​သည် သင့်​ထံ​သို့​စေ​လွှတ်​ခြင်း​ခံ​ရ​၏။

20 သင်​သည် မိ​မိ​အ​ချိန်​ရောက်​လျှင် ပြည့်​စုံ​မည့် ငါ​၏​စ​ကား​ကို​မ​ယုံ​သော​ကြောင့် ဤ​အ​ရာ​များ​ပြည့်​စုံ​သည့်​နေ့​တိုင်​အောင် စ​ကား​မ​ပြော​နိုင်​ဘဲ ဆွံ့​အ​လျက်​နေ​လိမ့်​မည်”​ဟု ပြန်​၍​မြွက်​ဆို​လေ​၏။

21 လူ​တို့​သည် ဇာ​ခ​ရိ​ကို​စောင့်​မျှော်​နေ​၍ သူ​သည်​ဗိ​မာန်​တော်​ထဲ​၌​ကြန့်​ကြာ​နေ​သည်​ကို အံ့​သြ​ကြ​၏။

22 သို့​သော် ဇာ​ခ​ရိ​ပြန်​ထွက်​လာ​သော​အ​ခါ သူ​တို့​အား​စ​ကား​မ​ပြော​နိုင်​သော​ကြောင့် သူ​သည် ဗိ​မာန်​တော်​ထဲ​၌ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​မြင်​ရ​ပြီ​ဟု သိ​ရှိ​သွား​ကြ​၏။ ဇာ​ခ​ရိ​သည် သူ​တို့​အား ကိုယ်​လက်​အ​မူ​အ​ရာ​ကို​သာ​ပြ​၍ ဆွံ့​အ​လျက်​နေ​၏။

23 ထို့​နောက် သူ​သည် တာ​ဝန်​ထမ်း​ဆောင်​ရ​သည့်​နေ့​ရက်​များ​ပြီး​ဆုံး​သွား​သ​ဖြင့် မိ​မိ​အိမ်​သို့​ပြန်​သွား​လေ​၏။

24 ထို​နေ့​ရက်​များ​နောက်​တွင် သူ​၏​ဇ​နီး​အဲ​လစ်​ဇ​ဘက်​သည် သန္ဓေ​တည်​၍ ငါး​လ​ပတ်​လုံး အိမ်​တွင်း​၌​အောင်း​လျက်​နေ​၏။

25 အဲ​လစ်​ဇ​ဘက်​က “ထာ​ဝ​ရ​ဘု​ရား​သည် လူ​တို့​အ​လယ်​၌ ငါ​ခံ​ရ​သော​ကဲ့​ရဲ့​ရှုတ်​ချ​ခြင်း​ကို​ဖယ်​ရှား​ရန် ငါ့​ကို​ဂ​ရု​ပြု​တော်​မူ​သည့်​နေ့​ရက်​များ​၌ ဤ​သို့​ပြု​တော်​မူ​ပြီ”​ဟု ဆို​လေ​၏။

ယေ​ရှု​ဖွား​မြင်​တော်​မူ​ခြင်း​အ​ကြောင်း ဂါ​ဗြေ​လ​ကြို​တင်​မြွက်​ဆို​ခြင်း

26 ဆဋ္ဌ​မ​လ​တွင် ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​တ​မန်​ဂါ​ဗြေ​လ​အား ဂါ​လိ​လဲ​နယ်၊ နာ​ဇ​ရက်​ဟု​ခေါ်​သော​မြို့​၌​ရှိ​သည့် အ​ပျို​က​ညာ​တစ်​ဦး​ထံ​သို့​စေ​လွှတ်​တော်​မူ​၏။

27 ထို​အ​ပျို​က​ညာ​သည် ဒါ​ဝိဒ်​အ​မျိုး၊ ယော​သပ်​အ​မည်​ရှိ​သော​သူ​နှင့် စေ့​စပ်​ထား​သူ​ဖြစ်​ပြီး သူ​၏​နာ​မည်​မှာ မာ​ရိ​ဖြစ်​၏။

28 ကောင်း​ကင်​တ​မန်​သည် မာ​ရိ​ထံ​သို့​ဝင်​လာ​၍ “ကျေး​ဇူး​တော်​ခံ​စား​ရ​သော​အ​မျိုး​သ​မီး၊ သင်​သည်​မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​၏”​ဟု မြွက်​ဆို​လေ​၏။

29 မာ​ရိ​သည် ထို​စ​ကား​ကြောင့် စိတ်​မ​ငြိမ်​မ​သက်​ဖြစ်​ပြီး ဤ​နှုတ်​ဆက်​ခြင်း​သည် မည်​သည့်​အ​ရာ​ကို​ဆို​လို​သ​နည်း​ဟု တွေး​တော​ဆင်​ခြင်​လျက်​နေ​၏။

30 ကောင်း​ကင်​တ​မန်​က​လည်း “မာ​ရိ၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်။ အ​ကြောင်း​မူ​ကား သင်​သည် ဘု​ရား​သ​ခင်​ထံ​မှ ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​လေ​ပြီ။

31 သင်​သည် သန္ဓေ​တည်​၍ သား​ယောက်ျား​ကို​ဖွား​မြင်​လိမ့်​မည်။ သူ​၏​အ​မည်​ကို ယေ​ရှု​ဟူ​၍​မှည့်​ခေါ်​ရ​မည်။

32 သူ​သည် ကြီး​မြတ်​သော​သူ​ဖြစ်​မည်။ အ​မြင့်​ဆုံး​သော​ဘု​ရား​၏​သား​တော်​ဟူ​၍​လည်း ခေါ်​ဝေါ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် သူ့​အား သူ့​အ​ဖ​ဒါ​ဝိဒ်​၏​ရာ​ဇ​ပလ္လင်​ကို​ပေး​တော်​မူ​၍

33 သူ​သည် ယာ​ကုပ်​အ​မျိုး​ကို ကာ​လ​အ​စဉ်​အ​ဆက်​အုပ်​ချုပ်​လိမ့်​မည်။ သူ​၏​နိုင်​ငံ​တော်​သည်​လည်း​အ​ဆုံး​မ​ရှိ အ​စဉ်​တည်​လိမ့်​မည်”​ဟု မြွက်​ဆို​လေ​၏။

34 မာ​ရိ​က​လည်း “ကျွန်​မ​သည် ယောက်ျား​နှင့်​ဆက်​ဆံ​ခြင်း​မ​ရှိ​သည်​ဖြစ်​၍ ဤ​အ​မှု​အ​ရာ​သည် မည်​သို့​ဖြစ်​လိမ့်​မည်​နည်း”​ဟု ကောင်း​ကင်​တ​မန်​အား မေး​လေ​၏။

35 ကောင်း​ကင်​တ​မန်​က​လည်း “သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင့်​အ​ပေါ်​သက်​ရောက်​တော်​မူ​၍ အ​မြင့်​ဆုံး​သော​ဘု​ရား​၏​တန်​ခိုး​တော်​သည် သင့်​ကို​လွှမ်း​မိုး​လိမ့်​မည်။ ထို့​ကြောင့် ဖွား​မြင်​လာ​မည့်​သန့်​ရှင်း​သော​သူ​ငယ်​သည် ဘု​ရား​သ​ခင်​၏​သား​တော်​ဟု ခေါ်​ဝေါ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

36 ကြည့်​လော့။ သင်​၏​အ​ဆွေ​အ​မျိုး အဲ​လစ်​ဇ​ဘက်​သည်​လည်း အို​မင်း​သော​အ​ရွယ်​၌ သား​ယောက်ျား​ကို​သန္ဓေ​တည်​၍ အ​မြုံ​မ​ဟု​အ​ခေါ်​ခံ​ရ​သော​သူ​သည် ယ​ခု ကိုယ်​ဝန်​ခြောက်​လ​ရှိ​နေ​ပြီ။

37 ဘု​ရား​သ​ခင်​အ​တွက် မ​ဖြစ်​နိုင်​သော​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ”​ဟု ပြန်​၍​မြွက်​ဆို​လေ​၏။

38 ထို​အ​ခါ မာ​ရိ​က “ကျွန်​မ​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​အ​ပါး​ဖြစ်​ပါ​၏။ အ​ရှင်​၏​စ​ကား​အ​တိုင်း ကျွန်​မ​၌​ဖြစ်​ပါ​စေ”​ဟု ဝန်​ခံ​၏။ ထို့​နောက် ကောင်း​ကင်​တ​မန်​သည် မာ​ရိ​ထံ​မှ ထွက်​ခွာ​သွား​လေ​၏။

အဲ​လစ်​ဇ​ဘက်​ထံ မာ​ရိ​သွား​ရောက်​လည်​ပတ်​ခြင်း

39 ထို​နေ့​ရက်​များ​တွင် မာ​ရိ​သည်​ထ​၍ တောင်​ပေါ်​ဒေ​သ​၌​ရှိ​သော ယု​ဒ​ပြည်​၏​မြို့​တစ်​မြို့​သို့ အ​လျင်​အ​မြန်​သွား​၍

40 ဇာ​ခ​ရိ​အိမ်​သို့​ဝင်​ကာ အဲ​လစ်​ဇ​ဘက်​ကို​နှုတ်​ဆက်​လေ​၏။

41 မာ​ရိ​၏​နှုတ်​ဆက်​စ​ကား​ကို အဲ​လစ်​ဇ​ဘက်​ကြား​ရ​သော​အ​ခါ သူ​၏​က​လေး​ငယ်​သည် ဝမ်း​ထဲ​၌​ခုန်​လေ​၏။ အဲ​လစ်​ဇ​ဘက်​သည်​လည်း သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​လျက်

42 “သင်​သည် မိန်း​မ​တို့​တွင် မင်္ဂ​လာ​ရှိ​၏။ သင်​၏​ဝမ်း​တွင်း​မှ​က​လေး​သည်​လည်း မင်္ဂ​လာ​ရှိ​၏။

43 ကျွန်​မ​သ​ခင်​၏​မယ်​တော်​သည် ကျွန်​မ​ထံ​သို့​ရောက်​လာ​သော​ကျေး​ဇူး​ကို အ​ဘယ်​ကြောင့် ကျွန်​မ​ခံ​ရ​ပါ​သ​နည်း။

44 အ​မှန်​စင်​စစ် သင်​၏​နှုတ်​ဆက်​စ​ကား​ကို ကျွန်​မ​ကြား​ရ​သော​အ​ခါ ကျွန်​မ​၏​က​လေး​ငယ်​သည် ရွှင်​မြူး​ခြင်း​ဖြင့် ဝမ်း​ထဲ​၌​ခုန်​ပါ​၏။

45 မိ​မိ​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​အ​ရာ​များ​ပြည့်​စုံ​မည်​ဟု ယုံ​ကြည်​သော​မိန်း​မ​သည် မင်္ဂ​လာ​ရှိ​၏”​ဟု ကျယ်​လောင်​သော​အ​သံ​ဖြင့် အော်​ဟစ်​ပြော​ဆို​လေ​၏။

မာ​ရိ​၏​ချီး​မွမ်း​ခြင်း

46 မာ​ရိ​က​လည်း “ငါ​၏​စိတ်​နှ​လုံး​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ချီး​မွမ်း​၍

47 ငါ့​ဝိ​ညာဉ်​သည် ငါ​၏​ကယ်​တင်​ရှင်​ဘု​ရား​သ​ခင်​၌ ရွှင်​မြူး​၏။

48 အ​ကြောင်း​မူ​ကား ကိုယ်​တော်​သည် မိ​မိ​အ​စေ​အ​ပါး​၏​သိမ်​ငယ်​သော​အ​ဖြစ်​ကို ဂ​ရု​စိုက်​တော်​မူ​ပြီ။ ယ​ခု​မှ​စ​၍ နောင်​လာ​နောက်​သား​အ​ပေါင်း​တို့​သည် ငါ့​ကို​မင်္ဂ​လာ​ရှိ​သော​သူ​ဟု ခေါ်​ကြ​လိမ့်​မည်။

49 အ​ဘယ်​ကြောင့်​ဆို​သော် တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​သော​အ​ရှင်​သည် ကြီး​မား​သော​အ​မှု​တို့​ကို ငါ့​အ​တွက်​ပြု​တော်​မူ​ပြီ။ ကိုယ်​တော်​၏​နာ​မ​တော်​သည် သန့်​ရှင်း​တော်​မူ​၏။

50 က​ရု​ဏာ​တော်​သည်​လည်း ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​သော​သူ​တို့​အ​ပေါ်​၌ သား​စဉ်​မြေး​ဆက်​တည်​၏။

51 ကိုယ်​တော်​သည် လက်​ရုံး​တော်​အား​ဖြင့် တန်​ခိုး​အ​ရှိန်​အ​ဝါ​နှင့်​ပြည့်​စုံ​သော​အ​မှု​ကို​ပြု​တော်​မူ​၍ အ​တွင်း​စိတ်​သ​ဘော​၌ မာ​န​ထောင်​လွှား​သော​သူ​တို့​ကို ကွဲ​လွင့်​စေ​တော်​မူ​၏။

52 ရှင်​ဘု​ရင်​တို့​ကို နန်း​ချ​၍ နှိမ့်​ချ​သော​သူ​တို့​ကို ချီး​မြှောက်​တော်​မူ​၏။

53 ဆာ​လောင်​သော​သူ​တို့​ကို ကောင်း​သော​အ​ရာ​များ​ဖြင့်​ပြည့်​ဝ​စေ​၍ ကြွယ်​ဝ​သော​သူ​တို့​ကို လက်​ချည်း​သက်​သက်​ပြန်​လွှတ်​တော်​မူ​၏။

54-55 ကိုယ်​တော်​သည် ငါ​တို့​ဘိုး​ဘေး​များ​အား​မိန့်​တော်​မူ​သည့်​အ​တိုင်း အာ​ဗြ​ဟံ​မှ​စ​၍ သူ​၏​အ​မျိုး​အ​နွယ်​အ​ပေါ် ကာ​လ​အ​စဉ်​အ​ဆက်​ထား​ရှိ​သော​က​ရု​ဏာ​တော်​ကို​အောက်​မေ့​၍ မိ​မိ​၏​အ​စေ​ခံ​အစ္စ​ရေး​လူ​မျိုး​ကို ကူ​ညီ​မ​စ​တော်​မူ​ပြီ”​ဟု ဆို​၏။

56 မာ​ရိ​သည် အဲ​လစ်​ဇ​ဘက်​နှင့်​အ​တူ သုံး​လ​ခန့်​နေ​ပြီး​နောက် မိ​မိ​အိမ်​သို့​ပြန်​လေ​၏။

ယော​ဟန်​၏​မွေး​ဖွား​ခြင်း​နှင့် ကင်​ပွန်း​တပ်​ခြင်း

57 ထို့​နောက် အဲ​လစ်​ဇ​ဘက်​သည် ဖွား​ချိန်​စေ့​၍ သား​ယောက်ျား​ကို​ဖွား​မြင်​၏။

58 ထာ​ဝ​ရ​ဘု​ရား​သည် ထူး​မြတ်​သော​က​ရု​ဏာ​တော်​ကို အဲ​လစ်​ဇ​ဘက်​အ​ပေါ်​ပြ​သ​တော်​မူ​ကြောင်း အိမ်​နီး​ချင်း​နှင့် ဆွေ​မျိုး​သား​ချင်း​တို့​သည် ကြား​ကြ​သော​အ​ခါ သူ​နှင့်​အ​တူ​ဝမ်း​မြောက်​ကြ​၏။

59 ရှစ်​ရက်​မြောက်​သော​နေ့​၌ သူ​တို့​သည် သူ​ငယ်​အား​အ​ရေ​ဖျား​လှီး​ခြင်း​ပေး​ရန် လာ​ကြ​၍ သူ့​ဖ​ခင်​၏​နာ​မည်​အ​တိုင်း သူ့​ကို ဇာ​ခ​ရိ​ဟု​မှည့်​ခေါ်​မည်​ပြု​ကြ​၏။

60 သို့​ရာ​တွင် သူ​ငယ်​၏​မိ​ခင်​က “ထို​သို့​မ​မှည့်​ရ။ ယော​ဟန်​ဟု​မှည့်​ခေါ်​ရ​မည်”​ဟု ဆို​လေ​၏။

61 သူ​တို့​က​လည်း “သင်​၏​ဆွေ​မျိုး​သား​ချင်း​တို့​တွင် ဤ​နာ​မည်​ဖြင့်​မှည့်​ခေါ်​သော​သူ တစ်​ယောက်​မျှ​မ​ရှိ”​ဟု ဆို​ကြ​ပြီး​လျှင်

62 သူ့​ကို​မည်​သို့​မှည့်​ခေါ်​စေ​လို​ကြောင်း သူ​၏​ဖ​ခင်​အား လက်​ရိပ်​ပြ​၍​မေး​မြန်း​ကြ​၏။

63 ဖ​ခင်​သည်​လည်း သင်​ပုန်း​ကို​တောင်း​၍ “သူ​၏​အ​မည်​မှာ ယော​ဟန်​ဖြစ်​သည်”​ဟု ရေး​လိုက်​သော် ထို​သူ​အ​ပေါင်း​တို့​သည်​အံ့​ဩ​ကြ​၏။

64 ထို​ခ​ဏ​ချင်း​တွင် ဇာ​ခ​ရိ​၏​နှုတ်​သည်​ပွင့်​၍ သူ​၏​လျှာ​သည်​လည်း​ပြေ​လျော့​သ​ဖြင့် သူ​သည်​စ​ကား​ပြော​လျက် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​လေ​၏။

65 သူ​တို့​ပတ်​ဝန်း​ကျင်​၌​နေ​ထိုင်​သူ​ရှိ​သ​မျှ​တို့​သည် ကြောက်​ရွံ့​ကြ​၍ ဤ​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​တို့​သည် ယု​ဒ​နယ်​တောင်​ပေါ်​ဒေ​သ​တစ်​လျှောက်​တွင် ကျော်​စော​လေ​၏။

66 ကြား​ရ​သော​သူ​အ​ပေါင်း​တို့​သည်​လည်း ထို​အ​ကြောင်း​အ​ရာ​တို့​ကို နှ​လုံး​သွင်း​၍ “ဤ​သူ​ငယ်​သည် မည်​သို့​သော​သူ​ဖြစ်​လိမ့်​မည်​နည်း”​ဟု ဆို​ကြ​၏။ အ​ကြောင်း​မူ​ကား ထာ​ဝ​ရ​ဘု​ရား​၏​လက်​တော်​သည် သူ​ငယ်​နှင့်​အ​တူ​ရှိ​တော်​မူ​၏။

ဇာ​ခ​ရိ​၏​ပ​ရော​ဖက်​ပြု​ဟော​ပြော​ချက်

67 သူ​ငယ်​၏​ဖ​ခင်​ဇာ​ခ​ရိ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​လျက် ပ​ရော​ဖက်​ပြု​ဟော​ပြော​ကာ

68 “အစ္စ​ရေး​လူ​မျိုး​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ အ​ကြောင်း​မူ​ကား ကိုယ်​တော်​သည် မိ​မိ​လူ​မျိုး​တော်​ကို အ​ကြည့်​အ​ရှု​ကြွ​လာ​တော်​မူ​၍ ရွေး​နုတ်​ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို​ပြု​တော်​မူ​ပြီး

69-70 မိ​မိ​၏​ရှေး​သန့်​ရှင်း​သော​ပ​ရော​ဖက်​များ​၏​နှုတ်​အား​ဖြင့် မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း ငါ​တို့​အ​တွက် ကယ်​တင်​ခြင်း​ဦး​ချို​ကို ကိုယ်​တော်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အ​မျိုး​အ​နွယ်​တွင် ပေါ်​ထွန်း​စေ​တော်​မူ​ပြီ။

71 ဤ​ကယ်​တင်​ခြင်း​သည် ငါ​တို့​၏​ရန်​သူ​များ​နှင့် ငါ​တို့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​လက်​မှ ကယ်​တင်​တော်​မူ​ခြင်း​ဖြစ်​၏။

72-75 ဤ​သည်​ကား ငါ​တို့​၏​ဘိုး​ဘေး​များ​အ​ပေါ် က​ရု​ဏာ​တော်​ကို​ပြ​သ​တော်​မူ​ရန်​နှင့် ငါ​တို့​ကို ရန်​သူ​တို့​လက်​မှ​ကယ်​နုတ်​၍ အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ကြောက်​ရွံ့​ခြင်း​မ​ရှိ​ဘဲ ရှေ့​တော်​၌ သန့်​ရှင်း​ခြင်း​နှင့်​ဖြောင့်​မတ်​ခြင်း​တို့​ဖြင့် ကိုယ်​တော်​ကို ဝတ်​ပြု​ရ​သော​အ​ခွင့်​ပေး​မည်​ဟု ငါ​တို့​အ​ဖ​အာ​ဗြ​ဟံ​အား တိုင်​တည်​၍​မိန့်​တော်​မူ​သည့် က​တိ​သစ္စာ​တည်း​ဟူ​သော ကိုယ်​တော်​၏​သန့်​ရှင်း​သော​ပ​ဋိ​ညာဉ်​ကို အောက်​မေ့​တော်​မူ​ရန်​ဖြစ်​၏။

76-77 အ​ချင်း​သူ​ငယ်၊ သင်​သည်​လည်း အ​မြင့်​ဆုံး​သော​ဘု​ရား​၏​ပ​ရော​ဖက်​ဟု​ခေါ်​ဝေါ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား သင်​သည် ထာ​ဝ​ရ​ဘု​ရား​၏​လမ်း​တော်​ကို​ပြင်​ဆင်​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​အား အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ကျေး​ဇူး​အား​ဖြင့်​သက်​ရောက်​သော ကယ်​တင်​ခြင်း​နှင့်​ဆိုင်​သည့်​အ​သိ​ပ​ညာ​ကို​ပေး​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​၏​ရှေ့​တော်​၌ သွား​လိမ့်​မည်။

78 ဤ​အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ကျေး​ဇူး​သည် ငါ​တို့​ဘု​ရား​သ​ခင်​၏​အ​ကြင်​နာ​က​ရု​ဏာ​တော်​ကြောင့် သက်​ရောက်​လာ​သည်​ဖြစ်​၍ ထို​က​ရု​ဏာ​တော်​အား​ဖြင့် အ​ထက်​ကောင်း​ကင်​မှ​နေ​အ​ရုဏ်​သည် ငါ​တို့​အ​ပေါ်​သက်​ရောက်​ပြီး

79 မှောင်​မိုက်​နှင့် သေ​ခြင်း​၏​အ​ရိပ်​ထဲ​တွင်​နေ​ထိုင်​သော​သူ​တို့​အ​ပေါ် ထွန်း​လင်း​ကာ ငါ​တို့​၏​ခြေ​ကို ငြိမ်​သက်​ခြင်း​လမ်း​ထဲ​သို့​ပို့​ဆောင်​တော်​မူ​၏”​ဟု ဆို​လေ​၏။

80 သူ​ငယ်​သည်​လည်း​ကြီး​ထွား​၍ စိတ်​ဝိ​ညာဉ်​ကြံ့​ခိုင်​လာ​ကာ အစ္စ​ရေး​လူ​မျိုး​ရှေ့​၌ ထင်​ရှား​သည့်​နေ့​ရက်​တိုင်​အောင် တော​ကန္တာ​ရ​၌​နေ​လေ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24