ရှင်​လု​ကာ​ခ​ရစ်​ဝင် 22 MSB

ယေ​ရှု​ကို​သတ်​ရန်​ကြံ​စည်​ကြ​ခြင်း

1 ပ​သ​ခါ​ပွဲ​တော်​ဟု​ခေါ်​သော တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​နီး​ကပ်​လာ​၏။

2 ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​သည် ကိုယ်​တော်​ကို​သတ်​နိုင်​မည့်​နည်း​လမ်း​ကို ရှာ​ကြံ​ကြ​၏။ အ​ကြောင်း​မူ​ကား သူ​တို့​သည် လူ​တို့​ကို​ကြောက်​ရွံ့​ကြ​၏။

3 ထို​အ​ခါ စာ​တန်​သည် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​တွင် အ​ပါ​အ​ဝင်​ဖြစ်​သည့် ဣ​ရှ​ကာ​ရုတ်​ဟု​ခေါ်​သော ယု​ဒ​ထဲ​သို့​ဝင်​သ​ဖြင့်

4 သူ​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​တို့​ထံ​သို့​သွား​၍ ကိုယ်​တော်​ကို သူ​တို့​လက်​သို့ မည်​ကဲ့​သို့​အပ်​နှံ​ရ​မည်​နည်း​ဟု သူ​တို့​နှင့်​အ​တူ​တိုင်​ပင်​လေ​၏။

5 သူ​တို့​သည် ဝမ်း​မြောက်​၍ ယု​ဒ​ကို​ငွေ​ပေး​ရန် သ​ဘော​တူ​ဆုံး​ဖြတ်​ကြ​၏။

6 ယု​ဒ​သည်​လည်း သ​ဘော​တူ​၍ လူ​ထု​ပ​ရိ​သတ်​မ​ရှိ​သည့်​အ​ချိန်​၌ ကိုယ်​တော်​ကို သူ​တို့​လက်​သို့​အပ်​နှံ​ရန် အ​ခွင့်​ကောင်း​ကို​ရှာ​ကြံ​လျက်​နေ​၏။

ပ​သ​ခါ​ပွဲ​တော်​အ​တွက် ပြင်​ဆင်​ခြင်း

7 တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​နေ့​တည်း​ဟူ​သော ပ​သ​ခါ​ပွဲ​တော်​အ​တွက် သိုး​သ​ငယ်​ကို​ပူ​ဇော်​ရ​သော​နေ့​ရောက်​လာ​သ​ဖြင့်

8 ကိုယ်​တော်​သည် ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​အား “ပ​သ​ခါ​ပွဲ​တော်​ကို ငါ​တို့​စား​ရန် သွား​၍​ပြင်​ဆင်​ကြ​လော့”​ဟု မိန့်​တော်​မူ​လျက် သူ​တို့​ကို​စေ​လွှတ်​တော်​မူ​၏။

9 သူ​တို့​က​လည်း “ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​အား အ​ဘယ်​မှာ​ပြင်​ဆင်​စေ​လို​ပါ​သ​နည်း”​ဟု မေး​လျှောက်​ကြ​သော်

10 ကိုယ်​တော်​က “သင်​တို့​သည် မြို့​ထဲ​သို့​ဝင်​သော​အ​ခါ ရေ​အိုး​ထမ်း​သော​လူ​တစ်​ဦး​သည် သင်​တို့​ကို​ကြို​ဆို​လိမ့်​မည်။ ထို​သူ​ဝင်​သော​အိမ်​ထဲ​သို့ လိုက်​သွား​ပြီး​လျှင်

11 အိမ်​ရှင်​အား ‘ဆ​ရာ​က ငါ​၏​တ​ပည့်​များ​နှင့်​အ​တူ ပ​သ​ခါ​ပွဲ​တော်​ည​စာ​ကို သုံး​ဆောင်​ရ​မည့်​အ​ခန်း​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု သင့်​အား မေး​လိုက်​ပါ​သည်’​ဟူ​၍ ပြော​ကြ​လော့။

12 ထို​သူ​သည် ခင်း​ကျင်း​ထား​သော အ​ပေါ်​ထပ်​ခန်း​မ​ကို သင်​တို့​အား​ပြ​လိမ့်​မည်။ ထို​နေ​ရာ​၌ ပြင်​ဆင်​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

13 သူ​တို့​သည်​လည်း သွား​၍ မိ​မိ​တို့​အား ကိုယ်​တော်​မိန့်​တော်​မူ​သည့်​အ​တိုင်း​တွေ့​သ​ဖြင့် ပ​သ​ခါ​ပွဲ​တော်​ကို​ပြင်​ဆင်​ကြ​၏။

ပ​ထ​မ​ဆုံး​ပွဲ​တော်မင်္ဂ​လာ

14 အ​ချိန်​ရောက်​သော​အ​ခါ ကိုယ်​တော်​သည် တ​မန်​တော်​တို့​နှင့်​အ​တူ စား​ပွဲ​၌​ထိုင်​တော်​မူ​၏။

15 ကိုယ်​တော်​က “ငါ​သည် ဒုက္ခ​ဝေ​ဒ​နာ​မ​ခံ​စား​ရ​မီ ဤ​ပ​သ​ခါ​ပွဲ​တော်​ကို သင်​တို့​နှင့်​အ​တူ​စား​ရန် အ​လွန်​အ​လို​ရှိ​၏။

16 သင်​တို့​အား ငါ​ဆို​သည်​ကား ပ​သ​ခါ​ပွဲ​တော်​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တွင် ပြည့်​စုံ​ခြင်း​သို့​မ​ရောက်​မီ​တိုင်​အောင် ဤ​ပွဲ​တော်​ကို ငါ​လုံး​ဝ​စား​လိမ့်​မည်​မ​ဟုတ်”​ဟု သူ​တို့​အား မိန့်​တော်​မူ​၏။

17 ထို့​နောက် ခွက်​ကို​ယူ​၍ ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး​လျှင် “ဤ​ခွက်​ကို​ယူ​၍ အ​ချင်း​ချင်း​ဝေ​သောက်​ကြ​လော့။

18 သင်​တို့​အား ငါ​ဆို​သည်​ကား ယ​ခု​မှ​စ​၍ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​မ​ပေါ်​ထွန်း​မီ​တိုင်​အောင် စ​ပျစ်​သီး​မှ​ဖြစ်​သော​အ​ရည်​ကို ငါ​လုံး​ဝ​သောက်​လိမ့်​မည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​၏။

19 တစ်​ဖန် မုန့်​ကို​ယူ​၍ ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး​လျှင် မုန့်​ကို​ဖဲ့​၍ သူ​တို့​အား​ပေး​လျက် “ဤ​မုန့်​ကား သင်​တို့​အ​တွက်​စွန့်​သော ငါ​၏​ကိုယ်​ခန္ဓာ​ဖြစ်​၏။ ငါ့​ကို​အောက်​မေ့​ဖို့​ရန် ဤ​သို့​ပြု​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

20 ထို​နည်း​တူ ည​စာ​စား​ပြီး​နောက် ခွက်​ကို​လည်း​ယူ​၍ “ဤ​ခွက်​ကား သင်​တို့​အ​တွက်​သွန်း​လောင်း​သော ငါ​၏​သွေး​၌​တည်​သည့် ပ​ဋိ​ညာဉ်​သစ်​ဖြစ်​၏။

21 သို့​သော် ငါ့​ကို​အပ်​နှံ​မည့်​သူ​၏​လက်​သည် ငါ​နှင့်​အ​တူ​စား​ပွဲ​ပေါ်​၌​ရှိ​၏။

22 လူ့​သား​သည်​ချ​မှတ်​ထား​ခြင်း​ခံ​ရ​သည့်​အ​တိုင်း သွား​ရ​မည်​မှန်​၏။ သို့​သော် လူ့​သား​ကို​အပ်​နှံ​သော​သူ​သည် အမင်္ဂ​လာ​ရှိ​၏”​ဟု မိန့်​တော်​မူ​၏။

23 ထို​အ​ခါ တ​ပည့်​တော်​တို့​သည် မိ​မိ​တို့​တွင် မည်​သူ​သည် ထို​သို့​ပြု​ရန်​ကြံ​ရွယ်​နေ​သ​နည်း​ဟု အ​ချင်း​ချင်း​မေး​မြန်း​ကြ​၏။

မည်​သူ​သည် အ​ကြီး​မြတ်​ဆုံး​ဖြစ်​သ​နည်း

24 ထို့​နောက် သူ​တို့​တွင် မည်​သူ့​ကို အ​ကြီး​မြတ်​ဆုံး​ဖြစ်​သည်​ဟု မှတ်​ယူ​ရ​မည်​ကို​လည်း အ​ချင်း​ချင်း​အ​ငြင်း​ပွား​ကြ​၏။

25 သို့​သော် ကိုယ်​တော်​က “လူ​မျိုး​ခြား​တို့​၏​ဘု​ရင်​များ​သည် ပြည်​သူ​တို့​အ​ပေါ် အ​စိုး​တ​ရ​ပြု​တတ်​ကြ​၏။ လူ​တို့​အ​ပေါ်​အာ​ဏာ​ရှိ​သော​သူ​များ​သည်​လည်း အ​များ​အ​ကျိုး​ဆောင်​သူ​ဟု ခေါ်​ဝေါ်​ခြင်း​ကို​ခံ​ကြ​ရ​၏။

26 သင်​တို့​မူ​ကား ထို​သို့​မ​ဖြစ်​ရ။ သင်​တို့​တွင် အ​ကြီး​မြတ်​ဆုံး​ဖြစ်​သော​သူ​သည် အ​ငယ်​ဆုံး​သော​သူ​ကဲ့​သို့​ဖြစ်​ရ​မည်။ ဦး​ဆောင်​သော​သူ​သည် လုပ်​ကျွေး​ပြု​စု​သော​သူ​ကဲ့​သို့​ဖြစ်​ရ​မည်။

27 စား​ပွဲ​၌​ထိုင်​နေ​သော​သူ​နှင့် လုပ်​ကျွေး​ပြု​စု​သော​သူ​တို့​တွင် မည်​သူ​သည် ပို​၍​ကြီး​မြတ်​သ​နည်း။ စား​ပွဲ​၌​ထိုင်​နေ​သော​သူ​မ​ဟုတ်​လော။ သို့​သော် ငါ​သည် သင်​တို့​အ​လယ်​တွင် လုပ်​ကျွေး​ပြု​စု​သော​သူ​ကဲ့​သို့​ဖြစ်​၏။

28 စုံ​စမ်း​နှောင့်​ယှက်​ခြင်း​များ​ကို​ငါ​ခံ​ရ​စဉ် သင်​တို့​သည် ငါ​နှင့်​အ​တူ​ရပ်​တည်​ခဲ့​သော​သူ​များ​ဖြစ်​ကြ​၏။

29 ငါ​၏​ခ​မည်း​တော်​သည် နိုင်​ငံ​တော်​ကို ငါ့​အား​အပ်​နှင်း​တော်​မူ​သ​ကဲ့​သို့ ငါ​သည်​လည်း နိုင်​ငံ​တော်​ကို သင်​တို့​အား​အပ်​နှင်း​သ​ဖြင့်

30 သင်​တို့​သည် ငါ​၏​နိုင်​ငံ​တော်​၌ ငါ​၏​စား​ပွဲ​တွင်​ထိုင်​လျက် စား​သောက်​ကြ​ရ​လိမ့်​မည်။ ထို့​ပြင် ပလ္လင်​များ​ပေါ်​ထိုင်​လျက် အစ္စ​ရေး​မျိုး​နွယ်​စု​တစ်​ဆယ့်​နှစ်​စု​တို့​ကို တ​ရား​စီ​ရင်​ကြ​ရ​လိမ့်​မည်။

31 ရှိ​မုန်၊ ရှိ​မုန်၊ နား​ထောင်​လော့။ ဂျုံ​ကို​ဆန်​ခါ​ချ​သ​ကဲ့​သို့ စာ​တန်​သည် သင်​တို့​ကို ဆန်​ခါ​ချ​ရန် အ​ခွင့်​တောင်း​လေ​ပြီ။

32 သို့​သော် သင်​၏​ယုံ​ကြည်​ခြင်း​မ​ဆုံး​ရှုံး​မည့်​အ​ကြောင်း သင့်​အ​တွက် ငါ​ဆု​တောင်း​ပြီ။ သို့​ဖြစ်​၍ သင်​သည် သ​တိ​တ​ရား​ပြန်​ရ​သော​အ​ခါ သင်​၏​ညီ​အစ်​ကို​များ​ကို ခိုင်​ခံ့​မြဲ​မြံ​စေ​လော့”​ဟု မိန့်​တော်​မူ​၏။

ပေ​တ​ရု​ငြင်း​ပယ်​မည့်​အ​ကြောင်း​ကြို​တင်​မိန့်​တော်​မူ​ခြင်း

33 ထို​အ​ခါ ပေ​တ​ရု​က “သ​ခင်၊ အ​ကျွန်ုပ်​သည် ထောင်​ထဲ​သို့​ဖြစ်​စေ၊ သေ​ခြင်း​အ​ထိ​ဖြစ်​စေ ကိုယ်​တော်​နှင့်​အ​တူ​လိုက်​ရန် အ​သင့်​ရှိ​ပါ​သည်”​ဟု လျှောက်​လေ​၏။

34 ကိုယ်​တော်​က​လည်း “ပေ​တ​ရု၊ သင့်​အား ငါ​ဆို​မည်။ ယ​နေ့​ပင် ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို​မ​သိ​ဟု သုံး​ကြိမ်​တိုင်​တိုင်​ငြင်း​ပယ်​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

ငွေ​အိတ်၊ လွယ်​အိတ်​နှင့်​ဓား

35 ထို့​နောက် ကိုယ်​တော်​က “ငါ​သည် သင်​တို့​ကို ငွေ​အိတ်၊ လွယ်​အိတ်​နှင့် ဖိ​နပ်​မ​ပါ​ဘဲ စေ​လွှတ်​သော​အ​ခါ သင်​တို့​တွင် လို​အပ်​မှု​တစ်​စုံ​တစ်​ရာ​ရှိ​ခဲ့​သ​လော”​ဟု တ​ပည့်​တော်​တို့​အား​မေး​တော်​မူ​လျှင် သူ​တို့​က “မ​ရှိ​ခဲ့​ပါ”​ဟု လျှောက်​ကြ​၏။

36 ကိုယ်​တော်​က​လည်း “ယ​ခု​မူ​ကား ငွေ​အိတ်​ရှိ​သော​သူ​သည် ယူ​သွား​စေ။ ထို​နည်း​တူ လွယ်​အိတ်​ကို​လည်း ယူ​သွား​စေ။ ဓား​မ​ရှိ​သော​သူ​သည် မိ​မိ​အ​ဝတ်​ကို​ရောင်း​၍ ဓား​ကို​ဝယ်​စေ။

37 သင်​တို့​အား ငါ​ဆို​သည်​ကား ‘သူ​သည် တ​ရား​မဲ့​သော​သူ​တို့​၏​စာ​ရင်း​တွင် ထည့်​သွင်း​ခြင်း​ခံ​ရ​၏’​ဟု ရေး​ထား​သော​အ​ရာ​သည် ငါ​၌​ပြည့်​စုံ​ရ​မည်။ အ​မှန်​စင်​စစ် ငါ​နှင့်​ပတ်​သက်​သော​အ​ရာ​သည် ဆုံး​ခန်း​သို့​ရောက်​နေ​ပြီ”​ဟု မိန့်​တော်​မူ​၏။

38 ထို​အ​ခါ သူ​တို့​က “သ​ခင်၊ ဤ​မှာ​ဓား​နှစ်​လက်​ရှိ​ပါ​၏”​ဟု လျှောက်​ကြ​လျှင် ကိုယ်​တော်​က “လုံ​လောက်​ပြီ”​ဟု မိန့်​တော်​မူ​၏။

သံ​လွင်​တောင်​ပေါ်​၌​ဆု​တောင်း​တော်​မူ​ခြင်း

39 ထို့​နောက် ကိုယ်​တော်​သည်​ထွက်​ခွာ​၍ ပြု​လေ့​ရှိ​သည့်​အ​တိုင်း သံ​လွင်​တောင်​ပေါ်​သို့​ကြွ​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​လည်း နောက်​တော်​သို့​လိုက်​ကြ​၏။

40 ထို​အ​ရပ်​သို့​ရောက်​တော်​မူ​သော​အ​ခါ ကိုယ်​တော်​က “ဖြား​ယောင်း​သွေး​ဆောင်​ရာ​ထဲ​သို့ မ​ကျ​ရောက်​စေ​ရန် ဆု​တောင်း​ကြ​လော့”​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။

41 ထို့​နောက် ကိုယ်​တော်​သည် သူ​တို့​ထံ​မှ​ခဲ​တစ်​ပစ်​စာ​ခန့်​ခွာ​သွား​၍ ဒူး​ထောက်​လျက်

42 “အို အ​ဖ၊ အ​လို​တော်​ရှိ​လျှင် ဤ​ခွက်​ကို အ​ကျွန်ုပ်​ထံ​မှ ဖယ်​ရှား​ပေး​တော်​မူ​ပါ။ သို့​သော် အ​ကျွန်ုပ်​၏​အ​လို​အ​တိုင်း​မ​ဟုတ်​ဘဲ ကိုယ်​တော်​၏​အ​လို​တော်​အ​တိုင်း​ဖြစ်​စေ​တော်​မူ​ပါ”​ဟု ဆု​တောင်း​တော်​မူ​၏။

43 ထို​အ​ခါ ကောင်း​ကင်​မှ ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ကိုယ်​တော်​ထံ​သို့​ထင်​ရှား​၍ ကိုယ်​တော်​ကို​အား​ပေး​လေ​၏။

44 ကိုယ်​တော်​သည် ပြင်း​စွာ​သော​ဝေ​ဒ​နာ​ကို​ခံ​စား​လျက် ပို​၍​ပြင်း​ပြ​စွာ​ဆု​တောင်း​တော်​မူ​ရာ ကိုယ်​တော်​၏​ချွေး​သည် မြေ​ပေါ်​သို့​ကျ​သော​သွေး​စက်​သ​ဖွယ်​ဖြစ်​လေ​၏။

45 ကိုယ်​တော်​သည် ဆု​တောင်း​ရာ​မှ​ထ​၍ တ​ပည့်​တော်​တို့​ထံ​သို့ ပြန်​လာ​သော​အ​ခါ သူ​တို့​သည် ဝမ်း​နည်း​နွမ်း​လျ​သ​ဖြင့် အိပ်​ပျော်​နေ​ကြ​သည်​ကို တွေ့​လျှင်

46 “အ​ဘယ်​ကြောင့်​အိပ်​ပျော်​နေ​ကြ​သ​နည်း။ ဖြား​ယောင်း​သွေး​ဆောင်​ရာ​ထဲ​သို့ မ​ကျ​ရောက်​စေ​ရန် ထ​၍​ဆု​တောင်း​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

ယု​ဒ​၏​အ​နမ်း

47 ထို​သို့ ကိုယ်​တော်​မိန့်​တော်​မူ​စဉ် လူ​အ​စု​အ​ဝေး​တို့​သည်​ရောက်​လာ​ကြ​၏။ တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​ထဲ​မှ တစ်​ပါး​ဖြစ်​သော ယု​ဒ​ဆို​သူ​သည် သူ​တို့​ကို​ဦး​ဆောင်​လာ​၍ ယေ​ရှု​ကို​နမ်း​ရန် ချဉ်း​ကပ်​လေ​၏။

48 သို့​သော် ယေ​ရှု​က “ယု​ဒ၊ သင်​သည် လူ့​သား​ကို အ​နမ်း​ဖြင့်​အပ်​နှံ​မည်​လော”​ဟု မေး​တော်​မူ​၏။

49 ကိုယ်​တော်​၏​အ​နီး​၌​ရှိ​သော​သူ​တို့​သည် ဖြစ်​လာ​မည့်​အ​ရာ​ကို​သိ​မြင်​၍ “သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့ ဓား​နှင့်​ခုတ်​ရ​မည်​လော”​ဟု မေး​လျှောက်​ကြ​ပြီး​လျှင်

50 သူ​တို့​ထဲ​မှ​တစ်​ယောက်​သည် ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အ​စေ​အ​ပါး​တစ်​ဦး​ကို​ခုတ်​သ​ဖြင့် ထို​သူ​၏​ယာ​ဘက်​နား​ရွက်​ပြတ်​သွား​လေ​၏။

51 ထို​အ​ခါ ယေ​ရှု​က “ဤ​မျှ​နှင့်​ရပ်​လော့”​ဟု မိန့်​တော်​မူ​ပြီး​လျှင် ထို​သူ​၏​နား​ရွက်​ကို လက်​တော်​နှင့်​တို့​ထိ​လျက် အ​ကောင်း​ပ​က​တိ​ဖြစ်​စေ​တော်​မူ​၏။

52 ထို့​နောက် ယေ​ရှု​သည် မိ​မိ​ကို​ဖမ်း​ဆီး​ရန်​ရောက်​လာ​ကြ​သော ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​များ​နှင့် သက်​ကြီး​ဝါ​ကြီး​တို့​အား “သင်​တို့​သည် ဓား​ပြ​ကို​ဖမ်း​သ​ကဲ့​သို့ တုတ်၊ ဓား​များ​ကိုင်​ဆောင်​လျက် လာ​ကြ​သ​လော။

53 သင်​တို့​သည် နေ့​တိုင်း ငါ​နှင့်​အ​တူ​ဗိ​မာန်​တော်​၌​ရှိ​ကြ​စဉ် ငါ့​ကို​မ​ဖမ်း​ကြ။ သို့​သော် ဤ​သည်​ကား သင်​တို့​၏​အ​ချိန်​ဖြစ်​ပြီး မှောင်​မိုက်​ခြင်း​၏​အ​ခွင့်​အာ​ဏာ​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

ယေ​ရှု​ကို​ပေ​တ​ရု​ငြင်း​ပယ်​ခြင်း

54 ထို့​နောက် သူ​တို့​သည် ကိုယ်​တော်​ကို​ဖမ်း​ဆီး​၍ ဆွဲ​ခေါ်​သွား​ကာ ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အိမ်​သို့ ခေါ်​ဆောင်​လာ​ကြ​၏။ ပေ​တ​ရု​မူ​ကား မ​လှမ်း​မ​ကမ်း​မှ​လိုက်​သွား​လေ​၏။

55 သူ​တို့​သည် ခြံ​ဝင်း​အ​လယ်​တွင် မီး​ဖို​၍ စု​ဝေး​လျက်​ထိုင်​နေ​ကြ​သ​ဖြင့် ပေ​တ​ရု​သည်​လည်း သူ​တို့​အ​ကြား​၌​ထိုင်​လေ​၏။

56 ထို​အ​ခါ အ​စေ​ခံ​မိန်း​မ​တစ်​ဦး​သည် မီး​ဖို​၏​အ​လင်း​၌​ထိုင်​နေ​သော ပေ​တ​ရု​ကို​မြင်​၍ သူ့​ကို​စေ့​စေ့​ကြည့်​လျက် “ဤ​သူ​သည်​လည်း ထို​သူ​၏​အ​ပေါင်း​အ​ဖော်​ဖြစ်​သည်”​ဟု ဆို​လေ​၏။

57 သို့​သော် ပေ​တ​ရု​က “အ​ချင်း​မိန်း​မ၊ ထို​သူ​ကို​ငါ​မ​သိ”​ဟု ငြင်း​ဆို​လေ​၏။

58 ထို့​နောက် ခ​ဏ​ကြာ​သော် အ​ခြား​သော​သူ​တစ်​ဦး​သည် ပေ​တ​ရု​ကို​မြင်​၍ “သင်​သည်​လည်း သူ​တို့​ထဲ​က​တစ်​ယောက်​ဖြစ်​သည်”​ဟု ဆို​၏။ သို့​သော် ပေ​တ​ရု​က “အ​ချင်း​လူ၊ ငါ​သည် သူ​တို့​ထဲ​က​မ​ဟုတ်”​ဟု ဆို​လေ​၏။

59 တစ်​ဖန် တစ်​နာ​ရီ​ခန့်​ကြာ​သော် အ​ခြား​သော​သူ​တစ်​ဦး​က “အ​မှန်​စင်​စစ် ဤ​သူ​သည်​လည်း ထို​သူ​နှင့်​အ​တူ​ရှိ​ခဲ့​သည်။ အ​ကြောင်း​မူ​ကား သူ​သည်​လည်း ဂါ​လိ​လဲ​နယ်​သား​ဖြစ်​သည်”​ဟု အ​ခိုင်​အ​မာ​ပြော​ဆို​၏။

60 သို့​သော် ပေ​တ​ရု​က “အ​ချင်း​လူ၊ သင်​ပြော​နေ​သည့်​အ​ရာ​ကို ငါ​မ​သိ”​ဟု ဆို​၏။ ထို​သို့ သူ​ပြော​နေ​သည့်​အ​ချိန်​၌​ပင် ကြက်​တွန်​လေ​၏။

61 ထို​အ​ခါ သ​ခင်​ဘု​ရား​သည်​လှည့်​၍ ပေ​တ​ရု​ကို​စူး​စိုက်​ကြည့်​တော်​မူ​၏။ ပေ​တ​ရု​သည်​လည်း “ယ​နေ့​ပင် ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်​တိုင်​ငြင်း​ပယ်​လိမ့်​မည်”​ဟု မိန့်​တော်​မူ​ခဲ့​သော သ​ခင်​ဘု​ရား​၏​စ​ကား​တော်​ကို ပြန်​လည်​သ​တိ​ရ​သ​ဖြင့်

62 အ​ပြင်​သို့​ထွက်​သွား​၍ သည်း​ထန်​စွာ​ငို​ကြွေး​လေ​၏။

ပြောင်​လှောင်​ရိုက်​နှက်​ခြင်း​ခံ​ရ​သည့်​ယေ​ရှု

63 ယေ​ရှု​ကို​စောင့်​ကြပ်​နေ​သော​သူ​တို့​သည် ကိုယ်​တော်​ကို​ပြောင်​လှောင်​၍​ရိုက်​နှက်​ကြ​ကာ

64 မျက်​နှာ​တော်​ကို​ဖုံး​အုပ်​ပြီး​လျှင် “သင့်​အား​မည်​သူ​ရိုက်​သည်​ကို ဟော​ကြည့်​ပါ”​ဟု ဆို​ကြ​၏။

65 ထို့​ပြင် အ​ခြား​စ​ကား​အ​မျိုး​မျိုး​တို့​ဖြင့် ကိုယ်​တော်​ကို​စော်​ကား​ပြော​ဆို​ကြ​၏။

တ​ရား​လွှတ်​တော်​သို့​ရောက်​တော်​မူ​ခြင်း

66 မိုး​လင်း​သော​အ​ခါ လူ​ထု​ထဲ​မှ လူ​ကြီး​အ​ဖွဲ့​ဝင်​များ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​သည် စု​ဝေး​ကြ​၍ ကိုယ်​တော်​ကို မိ​မိ​တို့​၏​တ​ရား​လွှတ်​တော်​ထံ​သို့ ခေါ်​ဆောင်​သွား​ပြီး​လျှင်

67 “သင်​သည် ခ​ရစ်​တော်​ဟုတ်​မ​ဟုတ် ငါ​တို့​ကို​ပြော​လော့”​ဟု ဆို​ကြ​၏။ ကိုယ်​တော်​က​လည်း “သင်​တို့​ကို​ငါ​ပြော​လျှင် သင်​တို့​ယုံ​ကြ​မည်​မ​ဟုတ်။

68 သင်​တို့​ကို​ငါ​မေး​လျှင်​လည်း သင်​တို့​ဖြေ​ကြ​မည်​မ​ဟုတ်။

69 သို့​သော် ယ​ခု​မှ​စ​၍ လူ့​သား​သည် ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​လက်​ယာ​ဘက်​၌ ထိုင်​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

70 ထို​အ​ခါ ထို​သူ​အ​ပေါင်း​တို့​က “သို့​ဖြစ်​လျှင် သင်​သည် ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​သ​လော”​ဟု ဆို​ကြ​၏။ ကိုယ်​တော်​က​လည်း “သင်​တို့​ဆို​သည့်​အ​တိုင်း ငါ​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

71 သူ​တို့​က​လည်း “ငါ​တို့​ကိုယ်​တိုင် သူ​၏​နှုတ်​မှ ထို​စ​ကား​ကို​ကြား​ရ​ပြီ​ဖြစ်​၍ မည်​သည့်​သက်​သေ​လို​သေး​သ​နည်း”​ဟု ဆို​ကြ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24