ရှင်​လု​ကာ​ခ​ရစ်​ဝင် 18 MSB

စိတ်​ပျက်​အား​လျော့​ခြင်း​မ​ရှိ​သော​မု​ဆိုး​မ​ပုံ​ဥ​ပ​မာ

1 ထို့​နောက် စိတ်​ပျက်​အား​လျော့​ခြင်း​မ​ရှိ​ဘဲ အ​စဉ်​ဆု​တောင်း​ရ​မည့်​အ​ကြောင်း ကိုယ်​တော်​သည် ပုံ​ဥ​ပ​မာ​အား​ဖြင့် လူ​တို့​အား မြွက်​ဆို​တော်​မူ​သည်​မှာ

2 “မြို့​တစ်​မြို့​၌ ဘု​ရား​သ​ခင်​ကို​မ​ကြောက်၊ လူ​ကို​လည်း​မ​လေး​စား​သော တ​ရား​သူ​ကြီး​တစ်​ဦး​ရှိ​၏။

3 ထို​မြို့​၌​ရှိ​သော မု​ဆိုး​မ​တစ်​ဦး​သည် သူ့​ထံ​သို့ အ​ကြိမ်​ကြိမ်​လာ​ပြီး ‘ကျွန်​မ​ဘက်​၌​နေ​၍ ကျွန်​မ​ကို​တ​ရား​စွဲ​ဆို​သူ​အား တ​ရား​သ​ဖြင့်​စီ​ရင်​ပေး​ပါ’​ဟု လျှောက်​လေ​၏။

4 သူ​သည် အ​တန်​ကြာ​မျှ စီ​ရင်​ပေး​လို​စိတ်​မ​ရှိ​ခဲ့​သော်​လည်း နောက်​ဆုံး​တွင် မိ​မိ​စိတ်​ထဲ​၌ ‘ငါ​သည် ဘု​ရား​သ​ခင်​ကို​မ​ကြောက်၊ လူ​ကို​လည်း​မ​လေး​စား​တတ်။

5 သို့​သော် ဤ​မု​ဆိုး​မ​သည် ငါ့​ကို​အ​နှောင့်​အ​ယှက်​ပေး​လှ​သည်​ဖြစ်​၍ သူ့​အ​တွက် တ​ရား​သ​ဖြင့်​စီ​ရင်​ပေး​မည်။ သို့​မ​ဟုတ်​လျှင် သူ​သည် အ​ဖန်​ဖန်​လာ​၍ နောက်​ဆုံး​၌ ငါ့​ကို ပင်​ပန်း​နွမ်း​နယ်​စေ​လိမ့်​မည်’​ဟု ဆို​လေ​၏”​ဟူ​၍ မိန့်​တော်​မူ​၏။

6 ထို့​နောက် သ​ခင်​ဘု​ရား​က “ထို​မ​တ​ရား​သော​တ​ရား​သူ​ကြီး​ပြော​ဆို​သည့်​အ​ရာ​ကို ကြား​ကြ​သ​လော။

7 ဘု​ရား​သ​ခင်​သည်​လည်း မိ​မိ​ထံ နေ့​ည​မ​ပြတ်​အော်​ဟစ်​တောင်း​လျှောက်​နေ​သည့် မိ​မိ​ရွေး​ကောက်​တော်​မူ​သော​သူ​တို့​အ​တွက် တ​ရား​သ​ဖြင့်​မ​စီ​ရင်​ဘဲ ကြာ​ရှည်​စွာ​ဆိုင်း​ထား​တော်​မူ​လိမ့်​မည်​လော။

8 သင်​တို့​အား ငါ​ဆို​သည်​ကား ဘု​ရား​သ​ခင်​သည် သူ​တို့​အ​တွက် တ​ရား​သ​ဖြင့် လျင်​မြန်​စွာ​စီ​ရင်​ပေး​တော်​မူ​လိမ့်​မည်။ သို့​သော် လူ့​သား​ကြွ​လာ​သော​အ​ခါ မြေ​ကြီး​ပေါ်​၌ ယုံ​ကြည်​ခြင်း​ကို တွေ့​ရ​ပါ​မည်​လော”​ဟု မိန့်​တော်​မူ​၏။

ဖာ​ရိ​ရှဲ​နှင့်​အ​ခွန်​ကောက်​ခံ​သူ​ပုံ​ဥ​ပ​မာ

9 မိ​မိ​ကိုယ်​ကို​ဖြောင့်​မတ်​သည်​ဟု​ယုံ​မှတ်​လျက် သူ​တစ်​ပါး​တို့​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်​သော​သူ​အ​ချို့​တို့​အား ကိုယ်​တော်​သည် ဤ​ပုံ​ဥ​ပ​မာ​ကို​ပေး​၍​မြွက်​ဆို​တော်​မူ​သည်​မှာ

10 “လူ​နှစ်​ဦး​တို့​သည် ဆု​တောင်း​ရန် ဗိ​မာန်​တော်​သို့​တက်​သွား​ကြ​၏။ တစ်​ဦး​သည် ဖာ​ရိ​ရှဲ​ဖြစ်​ပြီး အ​ခြား​တစ်​ဦး​သည် အ​ခွန်​ကောက်​ခံ​သူ​ဖြစ်​၏။

11 ဖာ​ရိ​ရှဲ​သည် တစ်​ဦး​တည်း​ရပ်​လျက် ‘အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​သည် အ​ခြား​သူ​များ​ကဲ့​သို့ လိမ်​လည်​လု​ယူ​သော​သူ၊ မ​ဖြောင့်​မတ်​သော​သူ၊ အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကျူး​လွန်​သော​သူ​မ​ဟုတ်​သည့်​အ​ပြင် ဤ​အ​ခွန်​ကောက်​ခံ​သူ​ကဲ့​သို့​လည်း မ​ဟုတ်​သော​ကြောင့် ကိုယ်​တော့်​ကို​ကျေး​ဇူး​တင်​ပါ​၏။

12 အ​ကျွန်ုပ်​သည် တစ်​ပတ်​လျှင် နှစ်​ကြိမ်​အ​စာ​ရှောင်​ပြီး ရ​ရှိ​သ​မျှ​အား​လုံး​၏​ဆယ်​ဖို့​တစ်​ဖို့​ကို​လှူ​ပါ​၏’​ဟု ဆု​တောင်း​လေ​၏။

13 အ​ခွန်​ကောက်​ခံ​သူ​မူ​ကား အ​ဝေး​၌​ရပ်​လျက် ကောင်း​ကင်​သို့​ပင်​မော်​မ​ကြည့်​ဝံ့​ဘဲ ရင်​ဘတ်​စည်​တီး​လျက် ‘အို ဘု​ရား​သ​ခင်၊ အ​ပြစ်​များ​သော​အ​ကျွန်ုပ်​ကို သ​နား​တော်​မူ​ပါ’​ဟု ဆု​တောင်း​၏။

14 သင်​တို့​အား ငါ​ဆို​သည်​ကား ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​လျက် မိ​မိ​အိမ်​သို့​ပြန်​သွား​သော​သူ​မှာ ဤ​အ​ခွန်​ကောက်​ခံ​သူ​ဖြစ်​၍ ထို​ဖာ​ရိ​ရှဲ​မ​ဟုတ်။ အ​ကြောင်း​မူ​ကား မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​သော​သူ​တိုင်း​သည် နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​၍ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​သော​သူ​သည် ချီး​မြှောက်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

က​လေး​သူ​ငယ်​များ​ကို​ကောင်း​ချီး​ပေး​ခြင်း

15 ထို​အ​ခါ ကိုယ်​တော်​တို့​ထိ​ပေး​တော်​မူ​ရန် လူ​တို့​သည် က​လေး​ငယ်​များ​ကို အ​ထံ​တော်​သို့​ခေါ်​ဆောင်​လာ​ကြ​၏။ သို့​သော် တ​ပည့်​တော်​တို့​မြင်​လျှင် သူ​တို့​ကို​ဆူ​ငေါက်​ကြ​၏။

16 သို့​ရာ​တွင် ယေ​ရှု​သည် ထို​က​လေး​သူ​ငယ်​များ​ကို​ခေါ်​၍ “က​လေး​သူ​ငယ်​တို့​ငါ့​ထံ​သို့​လာ​ကြ​ပါ​လေ​စေ။ သူ​တို့​ကို​မ​တား​ဆီး​ကြ​နှင့်။ အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် ထို​သို့​သော​သူ​တို့​၏​နိုင်​ငံ​ဖြစ်​၏။

17 သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို သူ​ငယ်​တစ်​ဦး​ကဲ့​သို့​လက်​မ​ခံ​သော​သူ​သည် ထို​နိုင်​ငံ​တော်​သို့ မည်​သည့်​အ​ခါ​မျှ ဝင်​ရ​လိမ့်​မည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​၏။

ချမ်း​သာ​သော​အ​ကြီး​အ​ကဲ

18 တစ်​ခါ​က အ​ကြီး​အ​ကဲ​တစ်​ဦး​သည် ကိုယ်​တော်​အား “ကောင်း​မြတ်​သော​ဆ​ရာ၊ ထာ​ဝ​ရ​အ​သက်​ကို​အ​မွေ​ဆက်​ခံ​ရန် မည်​သည့်​အ​ရာ​ကို ပြု​ရ​ပါ​မည်​နည်း”​ဟု မေး​လျှောက်​လေ​၏။

19 ယေ​ရှု​က “ငါ့​ကို​ကောင်း​မြတ်​သော​သူ​ဟု အ​ဘယ်​ကြောင့်​ခေါ်​သ​နည်း။ ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​မှ​လွဲ​၍ ကောင်း​မြတ်​သော​သူ​တစ်​စုံ​တစ်​ဦး​မျှ​မ​ရှိ။

20 ‘အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို မ​ကျူး​လွန်​ရ။ လူ​မ​သတ်​ရ။ မ​ခိုး​ယူ​ရ။ မ​မှန်​သော​သက်​သေ​ထွက်​ဆို​ခြင်း​မ​ပြု​ရ။ သင်​၏​မိ​ခင်​နှင့်​ဖ​ခင်​တို့​ကို ရို​သေ​လော့’​ဟူ​သော​ပ​ညတ်​တော်​တို့​ကို သင်​သိ​သည်​မ​ဟုတ်​လော”​ဟု မိန့်​တော်​မူ​၏။

21 ထို​သူ​က​လည်း “အ​ကျွန်ုပ်​သည် ဤ​အ​ရာ​အား​လုံး​ကို ငယ်​စဉ်​က​တည်း​က စောင့်​ထိန်း​ပါ​ပြီ”​ဟု လျှောက်​လေ​၏။

22 ယေ​ရှု​သည် ထို​စ​ကား​ကို​ကြား​လျှင် “သင်​၌​တစ်​ခု​လို​သေး​၏။ သင်​၌​ရှိ​သ​မျှ​သော​အ​ရာ​အား​လုံး​တို့​ကို ရောင်း​ပြီး​လျှင် ဆင်း​ရဲ​သား​တို့​အား ခွဲ​ဝေ​ပေး​လော့။ ထို​သို့​ပြု​လျှင် သင်​သည် ကောင်း​ကင်​ဘုံ​၌ ဥစ္စာ​ဘဏ္ဍာ​ကို​ရ​လိမ့်​မည်။ ထို့​နောက် လာ​၍ ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်​မူ​၏။

23 ထို​သူ​သည် အ​လွန်​ချမ်း​သာ​သော​သူ​ဖြစ်​သော​ကြောင့် ထို​စ​ကား​ကို​ကြား​သော​အ​ခါ အ​လွန်​ဝမ်း​နည်း​လေ​၏။

ချမ်း​သာ​သော​သူ​နှင့်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်

24 ယေ​ရှု​သည် ထို​သူ​အ​လွန်​ဝမ်း​နည်း​သည်​ကို​မြင်​လျှင် “ငွေ​ကြေး​ချမ်း​သာ​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဝင်​ရန် ခဲ​ယဉ်း​လှ​သည်​တ​ကား။

25 ချမ်း​သာ​သော​သူ​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဝင်​ရန်​ထက် ကု​လား​အုပ်​သည် အပ်​န​ဖား​ပေါက်​မှ​လျှို​ဝင်​ရန် ပို​၍​လွယ်​ကူ​၏”​ဟု မိန့်​တော်​မူ​၏။

26 ထို​စ​ကား​ကို​ကြား​သော​သူ​တို့​က “သို့​ဖြစ်​လျှင် မည်​သူ​သည် ကယ်​တင်​ခြင်း​ခံ​ရ​နိုင်​ပါ​မည်​နည်း”​ဟု ပြော​ဆို​ကြ​၏။

27 ကိုယ်​တော်​က​လည်း “လူ​တို့​အ​တွက်​မ​ဖြစ်​နိုင်​သော​အ​ရာ​များ​သည် ဘု​ရား​သ​ခင်​အ​တွက်​ဖြစ်​နိုင်​၏”​ဟု မိန့်​တော်​မူ​၏။

28 ထို​အ​ခါ ပေ​တ​ရု​က “အ​ကျွန်ုပ်​တို့​သည် အ​ကျွန်ုပ်​တို့​ပိုင်​ဆိုင်​သော​အ​ရာ​များ​ကို​စွန့်​၍ ကိုယ်​တော်​၏​နောက်​သို့​လိုက်​ခဲ့​ကြ​ပါ​ပြီ”​ဟု လျှောက်​လေ​၏။

29 ကိုယ်​တော်​က​လည်း “သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​တွက် အိမ်​ကို​ဖြစ်​စေ၊ ဇ​နီး​ကို​ဖြစ်​စေ၊ ညီ​အစ်​ကို​ကို​ဖြစ်​စေ၊ မိ​ဘ​ကို​ဖြစ်​စေ၊ သား​သ​မီး​များ​ကို​ဖြစ်​စေ စွန့်​သော​သူ​တို့​တွင်

30 ယ​ခု​ဘ​ဝ​၌ အ​ဆ​ပေါင်း​များ​စွာ​သော​အ​ကျိုး​ကို​လည်း​ကောင်း၊ နောင်​ဘ​ဝ​၌ ထာ​ဝ​ရ​အ​သက်​ကို​လည်း​ကောင်း မ​ရ​ဘဲ​နေ​မည့်​သူ​တစ်​စုံ​တစ်​ဦး​မျှ​မ​ရှိ”​ဟု မိန့်​တော်​မူ​၏။

မိ​မိ​အ​သေ​ခံ​မည့်​အ​ကြောင်း တ​တိ​ယ​အ​ကြိမ်​ကြို​တင်​မိန့်​တော်​မူ​ခြင်း

31 ထို့​နောက် ကိုယ်​တော်​သည် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​ကို​ခေါ်​၍ “နား​ထောင်​ကြ​လော့။ ငါ​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့​သွား​နေ​ကြ​၏။ လူ့​သား​နှင့်​ပတ်​သက်​၍ ပ​ရော​ဖက်​တို့​ရေး​ထား​သော​အ​ရာ​အား​လုံး​တို့​သည် ပြည့်​စုံ​ရ​လိမ့်​မည်။

32 အ​ကြောင်း​မူ​ကား သူ​သည် လူ​မျိုး​ခြား​တို့​ထံ အပ်​နှံ​ခြင်း​ကို​ခံ​ရ​လျက် ပြောင်​လှောင်​ခြင်း၊ နှိပ်​စက်​ခြင်း၊ တံ​တွေး​နှင့်​ထွေး​ခြင်း​တို့​ကို​ခံ​ရ​လိမ့်​မည်။

33 ထို့​နောက် သူ​တို့​သည် သူ့​ကို​ဒဏ်​ခတ်​ရိုက်​နှက်​၍ အ​သေ​သတ်​ကြ​လိမ့်​မည်။ သို့​သော် သူ​သည် သုံး​ရက်​မြောက်​သော​နေ့​၌ ထ​မြောက်​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

34 သို့​ရာ​တွင် တ​ပည့်​တော်​တို့​သည် ထို​အ​ကြောင်း​အ​ရာ​တစ်​စုံ​တစ်​ခု​ကို​မျှ သ​ဘော​မ​ပေါက်​ကြ။ ထို​အ​ရာ​သည် သူ​တို့​ထံ​မှ ကွယ်​ဝှက်​ထား​ခြင်း​ခံ​ရ​သည်​ဖြစ်​၍ မိန့်​တော်​မူ​သော​အ​ရာ​တို့​ကို သူ​တို့​နား​မ​လည်​နိုင်​ကြ​ချေ။

မျက်​မ​မြင်​ကို​မျက်​စိ​ပြန်​မြင်​စေ​ခြင်း

35 ကိုယ်​တော်​သည် ဂျေ​ရိ​ခေါ​မြို့​အ​နီး​သို့​ရောက်​လာ​စဉ်​တွင် မျက်​မ​မြင်​တစ်​ဦး​သည် လမ်း​ဘေး​၌​ထိုင်​လျက် တောင်း​စား​နေ​၏။

36 သူ​သည် လူ​ထု​ပ​ရိ​သတ်​ဖြတ်​သွား​သည်​ကို​ကြား​၍ မည်​သည့်​အ​ရာ​ဖြစ်​နေ​သည်​ကို မေး​မြန်း​လေ​၏။

37 လူ​တို့​က​နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ဖြတ်​သွား​တော်​မူ​ကြောင်း သူ့​အား ပြော​ပြ​ကြ​လျှင်

38 ထို​သူ​က “ဒါ​ဝိဒ်​၏​သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ​ပါ”​ဟု အော်​ဟစ်​လေ​၏။

39 ရှေ့​မှ​သွား​သော​သူ​တို့​သည် သူ့​ကို တိတ်​ဆိတ်​စွာ​နေ​ရန် ဆူ​ငေါက်​ကြ​၏။ သို့​သော် သူ​သည် “ဒါ​ဝိဒ်​၏​သား​တော်၊ အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ​ပါ”​ဟု ပို​၍​အော်​ဟစ်​လေ​၏။

40 ထို​အ​ခါ ယေ​ရှု​သည် ရပ်​တန့်​လျက် ထို​သူ​ကို မိ​မိ​ထံ​သို့​ခေါ်​ခဲ့​ရန် အ​မိန့်​ပေး​တော်​မူ​၏။ သူ​သည် အ​နီး​သို့​ရောက်​လာ​သော​အ​ခါ ကိုယ်​တော်​က

41 “သင့်​အ​တွက် မည်​သည့်​အ​မှု​ကို​ပြု​စေ​လို​သ​နည်း”​ဟု မေး​တော်​မူ​လျှင် ထို​သူ​က “မျက်​စိ​မြင်​အောင်​လုပ်​ပေး​စေ​လို​ပါ​သည် သ​ခင်​ဘု​ရား”​ဟု လျှောက်​လေ​၏။

42 ယေ​ရှု​က​လည်း “မျက်​စိ​မြင်​စေ။ သင်​၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို​ကယ်​တင်​ပြီ”​ဟု မိန့်​တော်​မူ​၏။

43 ထို​ခ​ဏ​ချင်း​တွင် သူ​သည် မျက်​စိ​မြင်​၍ ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​လျက် နောက်​တော်​သို့​လိုက်​သွား​လေ​၏။ တွေ့​မြင်​သော​သူ​အ​ပေါင်း​တို့​သည်​လည်း ဘု​ရား​သ​ခင်​ကို​ချီး​မွမ်း​ကြ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24