ရှင်​လု​ကာ​ခ​ရစ်​ဝင် 4 MSB

ဖြား​ယောင်း​သွေး​ဆောင်​ခြင်း​ကို​ခံ​တော်​မူ​ခြင်း

1 ယေ​ရှု​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​လျက် ဂျော်​ဒန်​မြစ်​မှ ပြန်​ကြွ​လာ​တော်​မူ​၏။ ထို့​နောက် ဝိ​ညာဉ်​တော်​၏​ပင့်​ဆောင်​ခြင်း​ကို​ခံ​တော်​မူ​၍

2 တော​ကန္တာ​ရ​၌ ရက်​ပေါင်း​လေး​ဆယ်​နေ​လျက် မာရ်​နတ်​၏​ဖြား​ယောင်း​သွေး​ဆောင်​ခြင်း​ကို​ခံ​တော်​မူ​၏။ ထို​ကာ​လ​အ​တွင်း​၌ မည်​သည့်​အ​စာ​ကို​မျှ မ​သုံး​ဆောင်​ဘဲ​နေ​တော်​မူ​သ​ဖြင့် ထို​နေ့​ရက်​များ​ကုန်​လွန်​သော​အ​ခါ ဆာ​လောင်​တော်​မူ​၏။

3 ထို​အ​ခါ မာရ်​နတ်​က “သင်​သည် ဘု​ရား​သ​ခင်​၏​သား​တော်​မှန်​လျှင် ဤ​ကျောက်​ခဲ​ကို မုန့်​ဖြစ်​စေ​ရန် အ​မိန့်​ရှိ​ပါ”​ဟု လျှောက်​လေ​၏။

4 ယေ​ရှု​က​လည်း “‘လူ​သည် မုန့်​အား​ဖြင့်​သာ အ​သက်​ရှင်​သည်​မ​ဟုတ်’​ဟူ​၍​ကျမ်း​စာ​၌​ရေး​ထား​သည်”​ဟု မိန့်​တော်​မူ​၏။

5 ထို့​နောက် မာရ်​နတ်​သည် ကိုယ်​တော်​ကို​ပင့်​ဆောင်​သွား​၍ တစ်​ခ​ဏ​ချင်း​တွင် ကမ္ဘာ့​နိုင်​ငံ​အား​လုံး​တို့​ကို ကိုယ်​တော်​အား​ညွှန်​ပြ​ကာ

6 “ဤ​အ​ခွင့်​အာ​ဏာ​ရှိ​သ​မျှ​နှင့် ၎င်း​တို့​၏​ဘုန်း​စည်း​စိမ်​တို့​ကို သင့်​အား ငါ​ပေး​မည်။ အ​ကြောင်း​မူ​ကား ဤ​အ​ရာ​ကို ငါ့​ထံ အပ်​နှင်း​ထား​ပြီး​ဖြစ်​၍ ၎င်း​ကို ငါ​ပေး​လို​သော​သူ​အား ငါ​ပေး​၏။

7 သို့​ဖြစ်​၍ သင်​သည် ငါ့​ကို​ရှိ​ခိုး​လျှင် ဤ​အ​ရာ​အား​လုံး​သည် သင့်​ဥစ္စာ​ဖြစ်​လိမ့်​မည်”​ဟု လျှောက်​လေ​၏။

8 ယေ​ရှု​က​လည်း “‘သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ရှိ​ခိုး​၍ ထို​အ​ရှင်​တစ်​ပါး​တည်း​ကို​သာ ဝတ်​ပြု​ရ​မည်’​ဟူ​၍​ကျမ်း​စာ​၌​ရေး​ထား​သည်”​ဟု မိန့်​တော်​မူ​၏။

9 ထို့​နောက် မာရ်​နတ်​သည် ကိုယ်​တော်​ကို ဂျေ​ရု​ဆ​လင်​မြို့​သို့​ခေါ်​ဆောင်​သွား​၍ ဗိ​မာန်​တော်​ထိပ်​ဖျား​၌​ရပ်​စေ​ပြီး​လျှင် “သင်​သည် ဘု​ရား​သ​ခင်​၏​သား​တော်​မှန်​လျှင် ဤ​နေ​ရာ​မှ အောက်​သို့​ခုန်​ချ​ပါ။

10 အ​ကြောင်း​မှာ ‘ဘု​ရား​သ​ခင်​သည် သင့်​ကို​စောင့်​ရှောက်​ရန် မိ​မိ​၏​ကောင်း​ကင်​တ​မန်​တို့​ကို သင့်​အ​ဖို့​မိန့်​မှာ​တော်​မူ​မည်​ဖြစ်​၍

11 သင်​၏​ခြေ​ကို ကျောက်​နှင့်​မ​ထိ​မ​ခိုက်​စေ​ရန် သူ​တို့​သည် သင့်​ကို လက်​ဖြင့် ချီ​ပင့်​ကြ​လိမ့်​မည်’​ဟူ​၍​ကျမ်း​စာ​၌​ရေး​ထား​သည်”​ဟု လျှောက်​လေ​၏။

12 ယေ​ရှု​က​လည်း “‘သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို အ​ကဲ​မ​စမ်း​ရ’​ဟူ​၍ မိန့်​တော်​မူ​ထား​သည်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

13 မာရ်​နတ်​သည် ဖြား​ယောင်း​သွေး​ဆောင်​ခြင်း​အား​လုံး​တို့​ကို​ပြု​ပြီး​နောက် အ​ခါ​အ​ခွင့်​ရောက်​သည်​အ​ထိ ကိုယ်​တော်​ထံ​မှ ဆုတ်​ခွာ​သွား​လေ​၏။

ဂါ​လိ​လဲ​နယ်​၌​အ​မှု​တော်​ဆောင်​ခြင်း

14 ယေ​ရှု​သည် ဝိ​ညာဉ်​တော်​တန်​ခိုး​နှင့်​ပြည့်​ဝ​လျက် ဂါ​လိ​လဲ​နယ်​သို့​ပြန်​လာ​သော​အ​ခါ ကိုယ်​တော်​နှင့်​ပတ်​သက်​သော​သ​တင်း​သည် ထို​ဒေ​သ​ဝန်း​ကျင်​တစ်​ခု​လုံး​သို့ ပျံ့​နှံ့​သွား​လေ​၏။

15 ကိုယ်​တော်​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​တွင် သွန်​သင်​တော်​မူ​ရာ လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​ကြ​၏။

နာ​ဇ​ရက်​မြို့​၌​ငြင်း​ပယ်​ခံ​ရ​ခြင်း

16 ထို့​နောက် ကိုယ်​တော်​သည် မိ​မိ​ကြီး​ပြင်း​ရာ​နာ​ဇ​ရက်​မြို့​သို့​ကြွ​တော်​မူ​၏။ ဥ​ပုသ်​နေ့​တွင် မိ​မိ​ပြု​လေ့​ရှိ​သည့်​အ​တိုင်း ဝတ်​ပြု​စည်း​ဝေး​ကျောင်း​သို့​ဝင်​၍ ကျမ်း​စာ​ကို​ဖတ်​ကြား​ရန် ထ​တော်​မူ​လျှင်

17 ပ​ရော​ဖက်​ဟေ​ရှာ​ယ​၏​ကျမ်း​ကို ကိုယ်​တော်​အား​ပေး​ကြ​၏။ ထို​ကျမ်း​စာ​လိပ်​ကို​ဖွင့်​၍ တွေ့​တော်​မူ​သော​ကျမ်း​ပိုဒ်​၌ ရေး​ထား​သည့်​အ​ချက်​မှာ

18 “ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်​တည်​တော်​မူ​၏။ အ​ကြောင်း​မူ​ကား ဆင်း​ရဲ​သား​တို့​အား ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​စေ​ရန် ကိုယ်​တော်​သည် ငါ့​ကို​ဘိ​သိက်​ပေး​တော်​မူ​၍ ဖမ်း​ဆီး​ချုပ်​နှောင်​ခြင်း​ခံ​ရ​သော​သူ​တို့​အား လွတ်​မြောက်​ခြင်း​အ​ကြောင်း​နှင့် မျက်​မ​မြင်​တို့​အား မျက်​စိ​ပြန်​မြင်​ခြင်း​အ​ကြောင်း​ကို ဟော​ပြော​စေ​ရန်​လည်း​ကောင်း၊ ညှဉ်း​ဆဲ​ခံ​ရ​သော​သူ​တို့​ကို လွတ်​မြောက်​ရာ​သို့​ပို့​ဆောင်​ရန်​လည်း​ကောင်း၊

19 ထာ​ဝ​ရ​ဘု​ရား​၏​မင်္ဂ​လာ​နှစ်​ကို ဟော​ပြော​စေ​ရန်​လည်း​ကောင်း ကိုယ်​တော်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​ပြီ”​ဟူ​၍ ဖြစ်​၏။

20 ထို့​နောက် ကိုယ်​တော်​သည် ထို​ကျမ်း​စာ​လိပ်​ကို လိပ်​၍ အ​စောင့်​တာ​ဝန်​ခံ​အား​ပြန်​ပေး​ပြီး​လျှင် ထိုင်​တော်​မူ​ရာ ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တွင်​ရှိ​သော​သူ​အား​လုံး​တို့​သည် ကိုယ်​တော်​ကို​စေ့​စေ့​ကြည့်​ကြ​၏။

21 ထို​အ​ခါ ကိုယ်​တော်​က “ဤ​ကျမ်း​ချက်​သည် ယ​နေ့​၌​ပင် သင်​တို့​ကြား​ရ​သည့်​အ​တိုင်း ပြည့်​စုံ​လေ​ပြီ”​ဟု မိန့်​တော်​မူ​၏။

22 လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​ချီး​ကျူး​ကြ​ပြီး ကိုယ်​တော်​၏​တင့်​တယ်​သော နှုတ်​ထွက်​စ​ကား​တို့​ကို အံ့​သြ​လျက် “ဤ​သူ​သည် ယော​သပ်​၏​သား​မ​ဟုတ်​လော”​ဟု ဆို​ကြ​၏။

23 ကိုယ်​တော်​က​လည်း “အ​သင်​ဆေး​ဆ​ရာ၊ သင့်​ရော​ဂါ​ကို သင်​ပျောက်​ကင်း​စေ​လော့​ဟူ​သော​ဆို​ရိုး​စ​ကား​အ​တိုင်း ‘က​ပေ​ရ​နောင်​မြို့​တွင် သင်​ပြု​ခဲ့​သည်​ဟု ငါ​တို့​ကြား​ရ​သည့်​အ​မှု​များ​ကို သင်​၏​နေ​ရင်း​မြို့​ဖြစ်​သော ဤ​အ​ရပ်​၌​လည်း​ပြု​ပါ’​ဟု သင်​တို့​သည် ငါ့​အား မု​ချ​ပြော​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​ပြီး​နောက်

24 “သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား မည်​သည့်​ပ​ရော​ဖက်​မျှ မိ​မိ​၏​နေ​ရင်း​မြို့​၌ မျက်​နှာ​မ​ရ​တတ်။

25 ငါ​သည် သင်​တို့​အား ဟုတ်​မှန်​ရာ​ကို​ပြော​မည်။ ပ​ရော​ဖက်​ဧ​လိ​ယ​၏​လက်​ထက်​၌ သုံး​နှစ်​နှင့်​ခြောက်​လ​ပတ်​လုံး​မိုး​ခေါင်​၍ တစ်​ပြည်​လုံး​တွင် ကြီး​စွာ​သော​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ကျ​ရောက်​စဉ်​က အစ္စ​ရေး​လူ​မျိုး​ထဲ​တွင် မု​ဆိုး​မ​များ​စွာ​ရှိ​ခဲ့​ကြ​၏။

26 သို့​သော် ထို​သူ​တို့​ထဲ​က မည်​သူ့​ထံ​သို့​မျှ ဧ​လိ​ယ​ကို​စေ​လွှတ်​တော်​မ​မူ​ဘဲ ဆီ​ဒုန်​ပြည်၊ ဇ​ရတ္တ​မြို့​ရှိ မု​ဆိုး​မ​တစ်​ဦး​ထံ​သို့​သာ စေ​လွှတ်​တော်​မူ​၏။

27 ပ​ရော​ဖက်​ဧ​လိ​ရှဲ​လက်​ထက်​၌​လည်း အစ္စ​ရေး​လူ​မျိုး​ထဲ​တွင် အ​နာ​ကြီး​ရော​ဂါ​သည် များ​စွာ​ရှိ​ခဲ့​ကြ​၏။ သို့​သော် ထို​သူ​တို့​ထဲ​က မည်​သူ​မျှ စင်​ကြယ်​ခြင်း​သို့​မ​ရောက်​ဘဲ ဆီး​ရီး​ယား​ပြည်​သား နေ​မန်​တစ်​ဦး​တည်း​သာ စင်​ကြယ်​ခြင်း​သို့​ရောက်​၏”​ဟု မိန့်​တော်​မူ​၏။

28 ဝတ်​ပြု​စည်း​ဝေး​ကျောင်း​ထဲ​၌​ရှိ​သော​သူ​အား​လုံး​တို့​သည် ထို​စ​ကား​ကို​ကြား​သော​အ​ခါ ပြင်း​စွာ​ဒေါ​သ​ထွက်​သ​ဖြင့်

29 ထ​၍ ကိုယ်​တော်​ကို မြို့​ပြင်​သို့​နှင်​ထုတ်​ပြီး​လျှင် ကိုယ်​တော်​ကို တောင်​ကမ်း​ပါး​မှ​တွန်း​ချ​ရန် ထို​မြို့​တည်​ရာ​တောင်​၏​ထိပ်​စွန်း​အ​ထိ ခေါ်​ဆောင်​သွား​ကြ​၏။

30 သို့​ရာ​တွင် ကိုယ်​တော်​သည် သူ​တို့​အ​လယ်​မှ​ဖြတ်​လျှောက်​၍ ကြွ​သွား​တော်​မူ​၏။

ညစ်​ညူး​သော​နတ်​ကို​နှင်​ထုတ်​တော်​မူ​ခြင်း

31 ထို့​နောက် ကိုယ်​တော်​သည် ဂါ​လိ​လဲ​နယ်၊ က​ပေ​ရ​နောင်​မြို့​သို့​ဆင်း​သွား​၍ ဥ​ပုသ်​နေ့​၌ လူ​တို့​ကို​သွန်​သင်​တော်​မူ​၏။

32 ကိုယ်​တော်​၏​စ​ကား​တော်​သည် အ​ခွင့်​အာ​ဏာ​ရှိ​သော​ကြောင့် လူ​တို့​သည် ကိုယ်​တော်​၏​သွန်​သင်​ချက်​ကို အံ့​ဩ​ချီး​မွမ်း​ကြ​၏။

33 ထို​ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တွင် နတ်​ဆိုး​တည်း​ဟူ​သော​ညစ်​ညူး​သော​နတ်​ပူး​နေ​သူ​တစ်​ဦး​ရှိ​၏။ ထို​သူ​သည် ကျယ်​လောင်​သော​အ​သံ​ဖြင့်

34 “အို နာ​ဇ​ရက်​မြို့​သား​ယေ​ရှု၊ ကိုယ်​တော်​နှင့်​အ​ကျွန်ုပ်​တို့ မည်​သို့​ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​တို့​ကို​ဖျက်​ဆီး​ရန်​ကြွ​လာ​တော်​မူ​သ​လော။ ကိုယ်​တော်​သည် မည်​သူ​ဖြစ်​သည်​ကို အ​ကျွန်ုပ်​သိ​ပါ​သည်။ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​သူ​ဖြစ်​ပါ​သည်”​ဟု အော်​ဟစ်​လေ​၏။

35 ယေ​ရှု​က​လည်း ထို​နတ်​ကို​ဆုံး​မ​လျက် “တိတ်​ဆိတ်​၍ သူ့​ထံ​မှ ထွက်​သွား​လော့”​ဟု မိန့်​တော်​မူ​၏။ ထို​အ​ခါ နတ်​ဆိုး​သည် ထို​သူ​ကို လူ​များ​အ​လယ်​တွင်​လှဲ​ချ​၍ အ​နာ​တ​ရ​မ​ဖြစ်​စေ​ဘဲ သူ့​ထံ​မှ ထွက်​သွား​လေ​၏။

36 လူ​အ​ပေါင်း​တို့​သည် အံ့​အား​သင့်​လျက် “ဤ​စ​ကား​သည် မည်​သို့​သော​စ​ကား​နည်း။ ညစ်​ညူး​သော​နတ်​များ​ကို အ​ခွင့်​အာ​ဏာ​နှင့် တန်​ခိုး​တို့​ဖြင့် အ​မိန့်​ပေး​လေ​ရာ ၎င်း​တို့​သည် ထွက်​သွား​ကြ​ပါ​သည်​တ​ကား”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

37 ထို​အ​ခါ ကိုယ်​တော်​၏​သ​တင်း​သည် ပတ်​ဝန်း​ကျင်​ရှိ ဒေ​သ​တစ်​ခု​လုံး​သို့ ပျံ့​နှံ့​သွား​လေ​၏။

လူ​နာ​များ​စွာ​တို့​ကို​ကျန်း​မာ​စေ​တော်​မူ​ခြင်း

38 ကိုယ်​တော်​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​မှ​ထွက်​ခွာ​ပြီး​လျှင် ရှိ​မုန်​၏​အိမ်​သို့​ကြွ​တော်​မူ​၏။ ရှိ​မုန်​၏​ယောက္ခ​မ​သည် ပြင်း​ထန်​စွာ​ဖျား​နာ​လျက် ဝေ​ဒ​နာ​ခံ​စား​နေ​ရ​သ​ဖြင့် လူ​တို့​သည် သူ့​အ​တွက် ကိုယ်​တော်​ကို​တောင်း​လျှောက်​ကြ​၏။

39 ကိုယ်​တော်​သည်​လည်း ထို​အ​မျိုး​သ​မီး​၏​အ​နီး​၌​ရပ်​လျက် အ​ဖျား​အ​နာ​ကို​ဆုံး​မ​တော်​မူ​လျှင် သူ​သည် အ​ဖျား​ပျောက်​သ​ဖြင့် ချက်​ချင်း​ထ​၍ သူ​တို့​ကို​ဧည့်​ဝတ်​ပြု​လေ​၏။

40 နေ​ဝင်​ချိန်​ရောက်​သော​အ​ခါ လူ​တို့​သည် ရော​ဂါ​အ​မျိုး​မျိုး​စွဲ​ကပ်​၍ နာ​မ​ကျန်း​ဖြစ်​သူ​ရှိ​သ​မျှ​တို့​ကို အ​ထံ​တော်​သို့​ခေါ်​ဆောင်​လာ​ကြ​၏။ ကိုယ်​တော်​သည် ထို​လူ​နာ​အ​သီး​သီး​တို့​အ​ပေါ်​သို့ လက်​တော်​ကို​တင်​၍ သူ​တို့​ကို​ကျန်း​မာ​စေ​တော်​မူ​၏။

41 နတ်​ဆိုး​တို့​က​လည်း “ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​တော်​မူ​၏”​ဟု အော်​ဟစ်​လျက် လူ​များ​စွာ​တို့​ထံ​မှ ထွက်​သွား​ကြ​၏။ ကိုယ်​တော်​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း ထို​နတ်​ဆိုး​တို့​သိ​ထား​ကြ​သည်​ဖြစ်​၍ ကိုယ်​တော်​သည် သူ​တို့​ကို​ဆုံး​မ​၍ သူ​တို့​အား စ​ကား​ပြော​ခွင့်​ပေး​တော်​မ​မူ​ချေ။

ဂါ​လိ​လဲ​နယ်​၌​ဟော​ပြော​သွန်​သင်​တော်​မူ​ခြင်း

42 မိုး​လင်း​သော​အ​ခါ ကိုယ်​တော်​သည် လူ​သူ​ကင်း​ဝေး​ရာ​အ​ရပ်​သို့ ထွက်​ခွာ​သွား​တော်​မူ​၏။ သို့​ရာ​တွင် လူ​ထု​ပ​ရိ​သတ်​တို့​သည် ကိုယ်​တော်​ကို​ကြိုး​စား​ရှာ​ဖွေ​ကြ​ပြီး​လျှင် အ​ထံ​တော်​သို့​လာ​၍ မိ​မိ​တို့​ထံ​မှ ထွက်​ခွာ​မ​သွား​ရန် ကိုယ်​တော်​ကို​တား​ဆီး​ကြ​၏။

43 သို့​သော် ကိုယ်​တော်​က “ငါ​သည် အ​ခြား​သော​မြို့​ရွာ​တို့​၌​လည်း ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​နှင့်​ဆိုင်​သည့် ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​ရ​မည်။ အ​ကြောင်း​မူ​ကား ငါ​သည် ဤ​အ​တွက်​စေ​လွှတ်​ခြင်း​ခံ​ရ​၏”​ဟု မိန့်​တော်​မူ​ပြီး​လျှင်

44 ယု​ဒ​နယ်​ရှိ ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​၌ ဟော​ပြော​လျက်​နေ​တော်​မူ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24