1 တစ်နေ့သ၌ ကိုယ်တော်သည် ဗိမာန်တော်တွင် လူတို့အားသွန်သင်လျက် ကောင်းမြတ်သောသတင်းကိုဟောပြောတော်မူစဉ် ယဇ်ပုရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် သက်ကြီးဝါကြီးတို့သည် ရောက်လာ၍
2 “သင်သည် ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုသည်ကိုလည်းကောင်း၊ ထိုအခွင့်အာဏာကို မည်သူက သင့်အားပေးသည်ကိုလည်းကောင်း အကျွန်ုပ်တို့ကိုပြောပါ”ဟု ကိုယ်တော်အား ဆိုကြ၏။
3 ကိုယ်တော်ကလည်း “ငါသည်လည်း သင်တို့ကို မေးခွန်းတစ်ခုမေးဦးမည်။ ငါ့ကိုဖြေကြလော့။
4 ယောဟန်၏ဗတ္တိဇံသည် ကောင်းကင်မှဖြစ်သလော သို့မဟုတ် လူတို့ထံမှဖြစ်သလော”ဟု ပြန်၍မေးတော်မူ၏။
5 ထိုအခါ သူတို့သည် အချင်းချင်းဆွေးနွေးကြကာ “‘ကောင်းကင်မှဖြစ်သည်’ဟု ငါတို့ပြောလျှင် သူက ‘အဘယ်ကြောင့် ယောဟန်ကိုမယုံကြသနည်း’ဟု ပြောလိမ့်မည်။
6 ‘လူတို့ထံမှဖြစ်သည်’ဟု ငါတို့ပြောလျှင်လည်း လူအပေါင်းတို့သည် ယောဟန်ကို ပရောဖက်တစ်ပါးဖြစ်သည်ဟု ယုံကြည်ကြသောကြောင့် သူတို့သည် ငါတို့ကို ခဲနှင့်ပေါက်သတ်ကြလိမ့်မည်”ဟု ပြောဆိုကြ၏။
7 ထို့ကြောင့် သူတို့က “အဘယ်ကဖြစ်သည်ကို အကျွန်ုပ်တို့မသိပါ”ဟု ပြန်ဖြေကြ၏။
8 ထိုအခါ ယေရှုက “ငါသည်လည်း ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုကြောင်း သင်တို့ကိုမပြော”ဟု သူတို့အား မိန့်တော်မူ၏။
9 ထို့နောက် ကိုယ်တော်သည် လူတို့အား ဤပုံဥပမာကိုပေး၍မြွက်ဆိုတော်မူသည်မှာ “လူတစ်ဦးသည် စပျစ်ခြံကိုစိုက်ပျိုး၍ ခြံသမားတို့အားငှားရမ်းပြီးလျှင် ကာလအတန်ကြာခရီးထွက်လေ၏။
10 အသီးပေါ်ချိန်ရောက်သောအခါ စပျစ်ခြံထွက်အသီးအချို့ကိုမိမိအားပေးစေရန် အစေအပါးတစ်ဦးကို ခြံသမားတို့ထံသို့ စေလွှတ်လေ၏။ သို့သော် ခြံသမားတို့သည် ထိုအစေအပါးကိုရိုက်နှက်ကာ လက်ချည်းသက်သက်ပြန်လွှတ်ကြ၏။
11 တစ်ဖန် အခြားအစေအပါးတစ်ဦးကို ထပ်၍စေလွှတ်လေ၏။ သို့သော် သူ့ကိုလည်းရိုက်နှက်၍ အရှက်ခွဲပြီးလျှင် လက်ချည်းသက်သက်ပြန်လွှတ်ကြ၏။
12 နောက်တစ်ဖန် တတိယအစေအပါးကို ထပ်၍စေလွှတ်လေ၏။ သို့သော် ထိုအစေအပါးကိုလည်း အနာတရဖြစ်စေပြီးမှ နှင်ထုတ်ကြ၏။
13 ထိုအခါ စပျစ်ခြံပိုင်ရှင်က ‘ငါမည်သို့ပြုရမည်နည်း။ ငါ၏ချစ်သားကို ငါစေလွှတ်မည်။ သူတို့သည် သူ့ကိုရိုသေကောင်းရိုသေကြလိမ့်မည်’ဟု ဆို၏။
14 သို့သော် ခြံသမားတို့သည် သူ့သားကိုမြင်လျှင် ‘ဤသူသည်အမွေခံဖြစ်၏။ အမွေသည် ငါတို့ဥစ္စာဖြစ်လာရန် သူ့ကိုသတ်ကြစို့’ဟု အချင်းချင်းဆွေးနွေးပြောဆိုကြပြီးလျှင်
15 သူ့ကို စပျစ်ခြံအပြင်သို့နှင်ထုတ်ကာ သတ်ပစ်ကြ၏။ သို့ဖြစ်လျှင် စပျစ်ခြံပိုင်ရှင်သည် ထိုသူတို့ကို မည်သို့ပြုမည်နည်း။
16 သူသည်လာ၍ ထိုခြံသမားတို့ကို အဆုံးစီရင်ကာ စပျစ်ခြံကို အခြားသောသူတို့အား ပေးလိမ့်မည်”ဟု မိန့်တော်မူ၏။ ကြားရသောသူတို့ကလည်း “ထိုသို့မဖြစ်ပါစေနှင့်”ဟု ဆိုကြ၏။
17 ကိုယ်တော်သည် သူတို့ကိုစူးစိုက်ကြည့်လျက် “‘တိုက်ဆောက်သူများပယ်ထားသောကျောက်သည် ထိပ်ဆုံးထောင့်ချုပ်ကျောက်ဖြစ်လာ၏’ဟုရေးထားသောအရာသည် မည်သည့်အရာကိုဆိုလိုသနည်း။
18 ထိုကျောက်ပေါ်သို့ကျသောသူတိုင်းသည် အပိုင်းပိုင်းကျိုးလိမ့်မည်။ ထိုကျောက်သည် တစ်စုံတစ်ဦးအပေါ်သို့ကျလျှင် ထိုသူသည် ညက်ညက်ကြေလိမ့်မည်”ဟု မိန့်တော်မူ၏။
19 ကျမ်းပြုဆရာများနှင့် ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် မိမိတို့အားရည်ညွှန်း၍ ဤပုံဥပမာကိုမိန့်တော်မူကြောင်း သိကြသဖြင့် ထိုအချိန်မှာပင် ကိုယ်တော်ကိုဖမ်းဆီးရန် ရှာကြံကြ၏။ သို့သော်သူတို့သည် လူတို့ကိုကြောက်ကြ၏။
20 ထို့ကြောင့် သူတို့သည် ကိုယ်တော်ကိုစောင့်ကြည့်လျက် နှုတ်တော်ထွက်စကားတွင် အပြစ်ရှာ၍ ကိုယ်တော်ကို ဘုရင်ခံ၏အုပ်ချုပ်မှုအာဏာအောက်သို့ အပ်နှံနိုင်ရန် ဖြောင့်မတ်သူအဖြစ် ဟန်ဆောင်သောသူလျှိုများကို စေလွှတ်ကြ၏။
21 ထိုသူလျှိုတို့က “ဆရာ၊ ဆရာသည် မှန်ကန်စွာဟောပြောသွန်သင်၍ လူ့မျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏တရားလမ်းကို သမ္မာတရားနှင့်အညီသွန်သင်ကြောင်း အကျွန်ုပ်တို့သိကြပါ၏။
22 ဆီဇာဧကရာဇ်ကို အကျွန်ုပ်တို့အခွန်ဆက်သခြင်းသည် တရားတော်နှင့်ညီသလော သို့မဟုတ် မညီသလော”ဟု ကိုယ်တော်အားမေးလျှောက်ကြ၏။
23 သို့သော် ကိုယ်တော်သည် သူတို့၏ပရိယာယ်ကိုသိတော်မူ၍
24 “ငါ့ကို ဒေနာရိတစ်ပြားပြကြလော့။ ၎င်းတွင် မည်သူ၏ပုံ၊ မည်သူ၏ကမ္ပည်းစာပါသနည်း”ဟု မေးတော်မူလျှင် သူတို့က “ဆီဇာဧကရာဇ်၏ပုံနှင့် ကမ္ပည်းစာပါပါသည်”ဟု လျှောက်ကြ၏။
25 ကိုယ်တော်ကလည်း “ဆီဇာဧကရာဇ်နှင့်ဆိုင်သောအရာများကို ဆီဇာဧကရာဇ်အားဆက်သ၍ ဘုရားသခင်နှင့်ဆိုင်သောအရာများကို ဘုရားသခင်အားဆက်သကြလော့”ဟု မိန့်တော်မူ၏။
26 သူတို့သည် လူတို့ရှေ့တွင် ကိုယ်တော်၏စကားအမှားကို ကျော့ဖမ်း၍မရနိုင်သည့်အပြင် ကိုယ်တော်၏ဖြေကြားပုံကိုအံ့သြလျက် တိတ်ဆိတ်သွားကြ၏။
27 ထို့နောက် ရှင်ပြန်ထမြောက်ခြင်းမရှိဟုပြောကြသော ဇဒ္ဒုကဲအချို့တို့သည် ချဉ်းကပ်လာ၍
28 “ဆရာ၊ တစ်စုံတစ်ဦး၏အစ်ကိုသည် မယားရှိသော်လည်း သားသမီးမထွန်းကားဘဲ သေဆုံးသွားလျှင် ညီဖြစ်သူသည် မိမိအစ်ကို၏မျိုးဆက်ကိုပေါက်ပွားစေရန် ထိုမိန်းမကိုယူရမည်ဟု အကျွန်ုပ်တို့အား မောရှေစီရင်ရေးထားခဲ့ပါသည်။
29 တစ်ခါက ညီအစ်ကိုခုနစ်ဦးရှိခဲ့ရာ အစ်ကိုအကြီးဆုံးသည် မိန်းမယူပြီး သားသမီးမထွန်းကားဘဲသေဆုံးသွားပါသည်။
30 ထိုအခါ ဒုတိယညီ၊
31 ထို့နောက် တတိယညီသည် ထိုမိန်းမကိုယူပါသည်။ ဤသို့ဖြင့် ခုနစ်ဦးစလုံး သားသမီးမထွန်းကားဘဲသေဆုံးသွားကြသည်။
32 နောက်ဆုံးတွင် ထိုမိန်းမသည်လည်း သေဆုံးသွားပါသည်။
33 သို့ဖြစ်လျှင် ရှင်ပြန်ထမြောက်ရာကာလ၌ ထိုမိန်းမသည် သူတို့ထဲမှ မည်သူ၏မယားဖြစ်ပါမည်နည်း။ အကြောင်းမူကား ခုနစ်ဦးစလုံး ထိုမိန်းမကို မယားအဖြစ်ပေါင်းဖက်ခဲ့ကြပါသည်”ဟု မေးလျှောက်ကြ၏။
34 ယေရှုကလည်း “မျက်မှောက်ကာလ၏သားသမီးတို့သည် ထိမ်းမြားစုံဖက်၍ ပေးစားဆောင်နှင်းတတ်ကြ၏။
35 သို့သော် တမလွန်ကာလသို့ဝင်စားရန်နှင့် သေသောသူတို့ထဲမှရှင်ပြန်ထမြောက်ရန် ထိုက်တန်သည်ဟုမှတ်ယူခြင်းခံရသောသူတို့သည် ထိမ်းမြားစုံဖက်ခြင်းကိုမပြု၊ ပေးစားဆောင်နှင်းခြင်းလည်းမရှိ။
36 နောက်တစ်ဖန် သေသည်ဟူ၍လည်းမရှိနိုင်ကြ။ အကြောင်းမူကား သူတို့သည် ကောင်းကင်တမန်များနှင့်တူကြ၏။ သူတို့သည် ရှင်ပြန်ထမြောက်ခြင်း၏သားများဖြစ်ကြသောကြောင့် ဘုရားသခင်၏သားများလည်းဖြစ်ကြ၏။
37 မောရှေသည်လည်း ချုံပုတ်အကြောင်းရေးထားသောအခန်းတွင် ထာဝရဘုရားကို ‘အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရား’ဟုခေါ်၍ သေလွန်သောသူတို့၏ထမြောက်ခြင်းအကြောင်းကို ဖော်ပြခဲ့၏။
38 ဘုရားသခင်သည် သေလွန်သောသူတို့၏ဘုရားမဟုတ်ဘဲ အသက်ရှင်သောသူတို့၏ဘုရားဖြစ်၏။ အကြောင်းမူကား လူအပေါင်းတို့သည် ဘုရားသခင်၌ အသက်ရှင်လျက်ရှိကြ၏”ဟု မိန့်တော်မူ၏။
39 ထိုအခါ ကျမ်းပြုဆရာအချို့တို့က “ဆရာ၊ ဆရာသည် လျောက်ပတ်စွာဖြေကြားလေပြီ”ဟု လျှောက်ကြ၏။
40 ထိုအချိန်မှစ၍ သူတို့သည် ကိုယ်တော်အား မည်သည့်အရာကိုမျှ မမေးဝံ့တော့ချေ။
41 ထို့နောက် ကိုယ်တော်က “ခရစ်တော်သည် ဒါဝိဒ်၏သားဖြစ်သည်ဟု မည်သို့ပြောဆိုနိုင်ကြမည်နည်း။
42 အကြောင်းမူကား ဒါဝိဒ်ကိုယ်တိုင်သည် ဆာလံကျမ်းတွင် ‘ထာဝရဘုရားသည် ငါ၏သခင်အား
43 သင့်ရန်သူတို့ကို သင်၏ခြေတင်ခုံအဖြစ် ငါချထားသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်နေလော့ဟု မိန့်တော်မူ၏’ဟူ၍ ဆိုထား၏။
44 ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟု ခေါ်လျှင် ခရစ်တော်သည် မည်ကဲ့သို့ သူ၏သားဖြစ်နိုင်မည်နည်း”ဟု မိန့်တော်မူ၏။
45 လူအပေါင်းတို့သည် နားထောင်လျက်နေကြစဉ် ကိုယ်တော်သည် တပည့်တော်တို့အား
46 “ကျမ်းပြုဆရာတို့ကို သတိထားကြလော့။ သူတို့သည် ဝတ်လုံကိုဝတ်လျက် သွားလာရန် အလိုရှိကြ၍ ဈေးအရပ်၌ နှုတ်ဆက်ခံရခြင်းကိုလည်းကောင်း၊ ဝတ်ပြုစည်းဝေးကျောင်းများ၌ အထူးထိုင်ခုံများကိုလည်းကောင်း၊ စားသောက်ပွဲများ၌ အထူးနေရာများကိုလည်းကောင်း နှစ်သက်ကြ၏။
47 သူတို့သည် မုဆိုးမတို့၏အိမ်ကိုမတရားသိမ်းယူပြီး ဟန်ပြ၍ ရှည်လျားစွာဆုတောင်းတတ်ကြ၏။ သူတို့သည် ပို၍ကြီးလေးသောပြစ်ဒဏ်စီရင်ခြင်းကို ခံရကြလိမ့်မည်”ဟု မိန့်တော်မူ၏။