ရှင်​လု​ကာ​ခ​ရစ်​ဝင် 3 MSB

ခ​ရစ်​တော်​၏​ရှေ့​တော်​ပြေး

1 တိ​ဗေ​ရိ​ဆီ​ဇာ​နန်း​စံ​တစ်​ဆယ့်​ငါး​နှစ်​မြောက်​တွင် ပုန္တိ​ပိ​လတ်​သည် ယု​ဒ​နယ်​၏​ဘု​ရင်​ခံ၊ ဟေ​ရုဒ်​သည် ဂါ​လိ​လဲ​နယ်​၏​နယ်​စား၊ ဟေ​ရုဒ်​၏​အစ်​ကို​ဖိ​လိပ္ပု​သည် ဣ​တု​ရဲ​နယ်​နှင့်​တ​ရာ​ခေါ​နိတ်​နယ်​တို့​၏​နယ်​စား၊ လု​သာ​နိ​သည် အ​ဘိ​လင်​နယ်​၏​နယ်​စား၊

2 အန္နတ်​နှင့်​က​ယာ​ဖ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​စဉ် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည် တော​ကန္တာ​ရ​၌ ဇာ​ခ​ရိ​၏​သား​ယော​ဟန်​ထံ​သို့​ရောက်​လာ​၏။

3 ထို​အ​ခါ ယော​ဟန်​သည် ဂျော်​ဒန်​မြစ်​ပတ်​ဝန်း​ကျင်​တစ်​လျှောက်​လုံး​သို့​သွား​၍ အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ကျေး​ဇူး​အ​တွက် နောင်​တ​နှင့်​ဆိုင်​သော​ဗတ္တိ​ဇံ​တ​ရား​ကို​ဟော​ပြော​လေ​၏။

4 ဤ​သည်​ကား “တော​ကန္တာ​ရ​၌​ဟစ်​ကြော်​သော​အ​သံ​မှာ ထာ​ဝ​ရ​ဘု​ရား​၏​လမ်း​တော်​ကို ပြင်​ဆင်​ကြ​လော့။ ကိုယ်​တော်​၏​လမ်း​ကြောင်း​များ​ကို ဖြောင့်​တန်း​စေ​ကြ​လော့။

5 ချိုင့်​ဝှမ်း​လျှို​မြောင်​ရှိ​သ​မျှ​တို့​ကို​ဖို့​၍ တောင်​ကြီး​တောင်​ငယ်​ရှိ​သ​မျှ​တို့​ကို ဖြို​ရ​မည်။ ကောက်​သော​လမ်း​များ​ကို ဖြောင့်​တန်း​စေ​၍ ကြမ်း​တမ်း​သော​လမ်း​များ​ကို ချော​မွေ့​စေ​ရ​မည်။

6 ထို​အ​ခါ လူ​သား​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​၏​ကယ်​တင်​ခြင်း​ကို တွေ့​မြင်​ရ​ကြ​လိမ့်​မည်”​ဟု ပ​ရော​ဖက်​ဟေ​ရှာ​ယ​ဟော​ပြော​ထား​သော​ကျမ်း​တွင်​ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

7 ယော​ဟန်​သည် သူ့​ထံ​၌ ဗတ္တိ​ဇံ​ခံ​ရန်​ရောက်​လာ​ကြ​သော လူ​ထု​ပ​ရိ​သတ်​တို့​အား “မြွေ​ဆိုး​အ​မျိုး​တို့၊ ရောက်​လာ​မည့်​အ​မျက်​တော်​မှ ထွက်​ပြေး​ရန် သင်​တို့​ကို​မည်​သူ​သ​တိ​ပေး​ခဲ့​သ​နည်း။

8 သို့​ဖြစ်​၍ နောင်​တ​နှင့်​ထိုက်​တန်​သော​အ​သီး​ကို သီး​ကြ​လော့။ ငါ​တို့​တွင် အ​ဖ​အာ​ဗြ​ဟံ​ရှိ​သည်​ဟူ​၍ သင်​တို့​စိတ်​ထဲ​၌​မ​ပြော​ဆို​ကြ​နှင့်။ သင်​တို့​အား ငါ​ဆို​သည်​ကား ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ​အ​တွက် သား​သ​မီး​များ​ကို ဤ​ကျောက်​ခဲ​တို့​ထဲ​မှ​ပေါ်​ထွန်း​စေ​နိုင်​သည်။

9 ပု​ဆိန်​ကို​လည်း သစ်​ပင်​တို့​၏​အ​မြစ်​နား​တွင် ချ​ထား​ပြီ​ဖြစ်​၍ ကောင်း​သော​အ​သီး​ကို​မ​သီး​သော​အ​ပင်​တိုင်း​သည် ခုတ်​လှဲ​ခြင်း​ခံ​ရ​၍ မီး​ထဲ​သို့​ပစ်​ချ​ခြင်း​ခံ​ရ​လိမ့်​မည်”​ဟု ဆို​လေ​၏။

10 လူ​ထု​ပ​ရိ​သတ်​တို့​က​လည်း “သို့​ဖြစ်​လျှင် အ​ကျွန်ုပ်​တို့​သည် မည်​သို့​ပြု​ရ​မည်​နည်း”​ဟု မေး​ကြ​လျှင်

11 ယော​ဟန်​က “အင်္ကျီ​နှစ်​ထည်​ရှိ​သော​သူ​သည် မ​ရှိ​သော​သူ​အား​ဝေ​မျှ​ပေး​စေ။ စား​စ​ရာ​ရှိ​သော​သူ​သည်​လည်း ထို​နည်း​တူ​ပြု​စေ”​ဟု ပြန်​ဖြေ​လေ​၏။

12 အ​ခွန်​ကောက်​ခံ​သူ​တို့​သည်​လည်း ဗတ္တိ​ဇံ​ခံ​ရန်​လာ​၍ “ဆ​ရာ၊ အ​ကျွန်ုပ်​တို့​သည် မည်​သို့​ပြု​ရ​မည်​နည်း”​ဟု မေး​ကြ​လျှင်

13 ယော​ဟန်​က “သင်​တို့​ကို​ညွှန်​ကြား​ထား​သည်​ထက် ပို​၍​မ​ကောက်​ခံ​ကြ​နှင့်”​ဟု ပြန်​ပြော​လေ​၏။

14 စစ်​မှု​ထမ်း​များ​သည်​လည်း “အ​ကျွန်ုပ်​တို့​သည် မည်​သို့​ပြု​ရ​မည်​နည်း”​ဟု မေး​ကြ​လျှင် ယော​ဟန်​က “သူ​တစ်​ပါး​ထံ​မှ ငွေ​ညှစ်​ယူ​ခြင်း၊ မ​တ​ရား​တောင်း​ခံ​ခြင်း မ​ပြု​ကြ​နှင့်။ မိ​မိ​တို့​ရ​သော​လ​ခ​နှင့် ရောင့်​ရဲ​ကြ​လော့”​ဟု ပြန်​ပြော​လေ​၏။

15 လူ​တို့​သည် စောင့်​မျှော်​လျက်​နေ​ကြ​သ​ဖြင့် လူ​တိုင်း ယော​ဟန်​နှင့်​ပတ်​သက်​၍ “သူ​သည် ခ​ရစ်​တော်​ဖြစ်​လေ​မည်​လော”​ဟု မိ​မိ​တို့​စိတ်​ထဲ​၌​တွေး​တော​ဆင်​ခြင်​နေ​ကြ​၏။

16 ယော​ဟန်​က​လည်း “ငါ​သည် သင်​တို့​အား ရေ​၌​ဗတ္တိ​ဇံ​ကို​ပေး​၏။ သို့​သော် ငါ့​ထက်​ကြီး​မြတ်​သော​အ​ရှင်​သည် ကြွ​လာ​မည်။ ထို​အ​ရှင်​၏​ခြေ​နင်း​တော်​ကြိုး​ကို ဖြေ​ပေး​ရန်​ပင် ငါ​သည်​မ​ထိုက်​တန်။ ထို​အ​ရှင်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​မီး​၌ သင်​တို့​ကို​ဗတ္တိ​ဇံ​ပေး​တော်​မူ​လိမ့်​မည်။

17 မိ​မိ​၏​ကောက်​နယ်​တ​လင်း​ကို​လည်း အ​ကုန်​အ​စင်​ရှင်း​လင်း​ပြီး ဂျုံ​ဆန်​ကို မိ​မိ​၏​ကျီ​၌​စု​သိမ်း​ရန် လက်​တော်​၌ ဆန်​ကော​ကို​ကိုင်​ထား​တော်​မူ​၏။ အ​ဖျင်း​ကို​ကား မ​ငြိမ်း​နိုင်​သော​မီး​ဖြင့် ရှို့​တော်​မူ​လိမ့်​မည်”​ဟု လူ​အ​ပေါင်း​တို့​အား​ပြန်​ပြော​လေ​၏။

18 ထို​သို့ ယော​ဟန်​သည် အ​ခြား​သော​အ​ကြောင်း​အ​ရာ​အ​မျိုး​မျိုး​တို့​ဖြင့် တိုက်​တွန်း​နှိုး​ဆော်​ကာ လူ​တို့​အား ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​လေ​၏။

19 သို့​ရာ​တွင် နယ်​စား​ဟေ​ရုဒ်​သည် မိ​မိ​အစ်​ကို​၏​ဇ​နီး ဟေ​ရော​ဒိ​နှင့်​ပတ်​သက်​၍​လည်း​ကောင်း၊ မိ​မိ​ကျူး​လွန်​ခဲ့​သော မ​ကောင်း​မှု​အ​လုံး​စုံ​တို့​နှင့်​ပတ်​သက်​၍​လည်း​ကောင်း ယော​ဟန်​၏​ဆို​ဆုံး​မ​ခြင်း​ကို​ခံ​ရ​သော​အ​ခါ

20 ယော​ဟန်​ကို ထောင်​ထဲ​၌​ပိတ်​လှောင်​ထား​ခြင်း​အား​ဖြင့် သူ​၏​မ​ကောင်း​မှု​အ​လုံး​စုံ​တို့​အ​ပေါ် ဤ​မ​ကောင်း​မှု​ကို​လည်း ထပ်​ဆင့်​၍​ပြု​လေ​၏။

ယေ​ရှု​ဗတ္တိ​ဇံ​ခံ​တော်​မူ​ခြင်း

21 လူ​အ​ပေါင်း​တို့​သည် ဗတ္တိ​ဇံ​ခံ​ကြ​သော​အ​ခါ ယေ​ရှု​သည်​လည်း ဗတ္တိ​ဇံ​ခံ​တော်​မူ​ပြီး ဆု​တောင်း​လျက်​နေ​စဉ် ကောင်း​ကင်​သည်​ပွင့်​၍

22 သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ချိုး​ငှက်​ကဲ့​သို့​သော​အ​ဆင်း​သဏ္ဌာန်​ဖြင့် ကိုယ်​တော်​အ​ပေါ်​သို့ ဆင်း​သက်​တော်​မူ​၏။ ကောင်း​ကင်​မှ​လည်း “သင်​သည် ငါ​၏​ချစ်​သား​ပေ​တည်း။ သင့်​ကို ငါ​နှစ်​သက်​၏”​ဟု အ​သံ​တော်​ထွက်​ပေါ်​လာ​၏။

ယေ​ရှု​၏​ဘိုး​စဉ်​ဘောင်​ဆက်

23 ယေ​ရှု​သည် အ​မှု​တော်​စ​တင်​ဆောင်​ရွက်​သော​အ​ခါ သက်​တော်​သုံး​ဆယ်​ခန့်​ရှိ​တော်​မူ​၏။ လူ​တို့​၏​ထင်​မြင်​ချက်​အ​ရ ကိုယ်​တော်​သည် ယော​သပ်​၏​သား​ဖြစ်​၏။ ယော​သပ်​သည် ဧ​လိ​၏​သား၊

24 ဧ​လိ​သည် မသ္သတ်​၏​သား၊ မသ္သတ်​သည် လေ​ဝိ​၏​သား၊ လေ​ဝိ​သည် မေ​လ​ခိ​၏​သား၊ မေ​လ​ခိ​သည် ယန္န​၏​သား၊ ယန္န​သည် ယော​သပ်​၏​သား၊

25 ယော​သပ်​သည် မတ္တ​သိ​၏​သား၊ မတ္တ​သိ​သည် အာ​မုတ်​၏​သား၊ အာ​မုတ်​သည် နာ​ဟုံ​၏​သား၊ နာ​ဟုံ​သည် ဧ​သ​လိ​၏​သား၊ ဧ​သ​လိ​သည် နဂ္ဂဲ​၏​သား၊

26 နဂ္ဂဲ​သည် မာ​အတ်​၏​သား၊ မာ​အတ်​သည် မတ္တ​သိ​၏​သား၊ မတ္တ​သိ​သည် ရှေ​မိ​၏​သား၊ ရှေ​မိ​သည် ယော​သပ်​၏​သား၊ ယော​သပ်​သည် ယု​ဒ​၏​သား၊

27 ယု​ဒ​သည် ယော​ဟန္န​၏​သား၊ ယော​ဟန္န​သည် ရေ​သ​၏​သား၊ ရေ​သ​သည် ဇေ​ရု​ဗ​ဗေ​လ​၏​သား၊ ဇေ​ရု​ဗ​ဗေ​လ​သည် ရှာ​လ​သေ​လ​၏​သား၊ ရှာ​လ​သေ​လ​သည် နေ​ရိ​၏​သား၊

28 နေ​ရိ​သည် မေ​လ​ခိ​၏​သား၊ မေ​လ​ခိ​သည် အဒ္ဒိ​၏​သား၊ အဒ္ဒိ​သည် ကော​သံ​၏​သား၊ ကော​သံ​သည် ဧ​လ​မော​ဒံ​၏​သား၊ ဧ​လ​မော​ဒံ​သည် ဧ​ရ​၏​သား၊

29 ဧ​ရ​သည် ယော​သေ​၏​သား၊ ယော​သေ​သည် ဧ​လျေ​ဇာ​၏​သား၊ ဧ​လျေ​ဇာ​သည် ယော​ရိမ်​၏​သား၊ ယော​ရိမ်​သည် မသ္သတ်​၏​သား၊ မသ္သတ်​သည် လေ​ဝိ​၏​သား၊

30 လေ​ဝိ​သည် ရှိ​မောင်​၏​သား၊ ရှိ​မောင်​သည် ယု​ဒ​၏​သား၊ ယု​ဒ​သည် ယော​သပ်​၏​သား၊ ယော​သပ်​သည် ယော​နန်​၏​သား၊ ယော​နန်​သည် ဧ​လျာ​ကိမ်​၏​သား၊

31 ဧ​လျာ​ကိမ်​သည် မေ​လေ​၏​သား၊ မေ​လေ​သည် မဲ​နန်​၏​သား၊ မဲ​နန်​သည် မတ္တ​သ​၏​သား၊ မတ္တ​သ​သည် နာ​သန်​၏​သား၊ နာ​သန်​သည် ဒါ​ဝိဒ်​၏​သား၊

32 ဒါ​ဝိဒ်​သည် ယေ​ရှဲ​၏​သား၊ ယေ​ရှဲ​သည် ဩ​ဗက်​၏​သား၊ ဩ​ဗက်​သည် ဗော​ဇ​၏​သား၊ ဗော​ဇ​သည် စာ​လ​မုန်​၏​သား၊ စာ​လ​မုန်​သည် နာ​ရှုန်​၏​သား၊

33 နာ​ရှုန်​သည် အ​မိ​န​ဒပ်​၏​သား၊ အ​မိ​န​ဒပ်​သည် အဒ်​မိန်​၏​သား၊ အဒ်​မိန်​သည် အာ​ရံ​၏​သား၊ အာ​ရံ​သည် ဟေ​ဇ​ရုံ​၏​သား၊ ဟေ​ဇ​ရုံ​သည် ဖာ​ရက်​၏​သား၊ ဖာ​ရက်​သည် ယု​ဒ​၏​သား၊

34 ယု​ဒ​သည် ယာ​ကုပ်​၏​သား၊ ယာ​ကုပ်​သည် ဣ​ဇက်​၏​သား၊ ဣ​ဇက်​သည် အာ​ဗြ​ဟံ​၏​သား၊ အာ​ဗြ​ဟံ​သည် တေ​ရ​၏​သား၊ တေ​ရ​သည် နာ​ခေါ်​၏​သား၊

35 နာ​ခေါ်​သည် စေ​ရောက်​၏​သား၊ စေ​ရောက်​သည် ရာ​ဂေါ​၏​သား၊ ရာ​ဂေါ​သည် ဖာ​လက်​၏​သား၊ ဖာ​လက်​သည် ဟေ​ဗာ​၏​သား၊ ဟေ​ဗာ​သည် ရှာ​လ​၏​သား၊

36 ရှာ​လ​သည် ကာ​ဣ​နန်​၏​သား၊ ကာ​ဣ​နန်​သည် အာ​ဖာ​ဇဒ်​၏​သား၊ အာ​ဖာ​ဇဒ်​သည် ရှေ​မ​၏​သား၊ ရှေ​မ​သည် နော​ဧ​၏​သား၊ နော​ဧ​သည် လာ​မက်​၏​သား၊

37 လာ​မက်​သည် မ​သု​ရှ​လ​၏​သား၊ မ​သု​ရှ​လ​သည် ဧ​နောက်​၏​သား၊ ဧ​နောက်​သည် ယာ​ရက်​၏​သား၊ ယာ​ရက်​သည် မ​ဟာ​လေ​လေ​လ​၏​သား၊ မ​ဟာ​လေ​လေ​လ​သည် ကာ​ဣ​နန်​၏​သား၊

38 ကာ​ဣ​နန်​သည် ဧ​နုတ်​၏​သား၊ ဧ​နုတ်​သည် ရှေ​သ​၏​သား၊ ရှေ​သ​သည် အာ​ဒံ​၏​သား၊ အာ​ဒံ​သည် ဘု​ရား​သ​ခင်​၏​သား​ပေ​တည်း။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24