ရှင်​လု​ကာ​ခ​ရစ်​ဝင် 5 MSB

ပ​ထ​မ​ဦး​ဆုံး​တ​ပည့်​တော်​များ

1 တစ်​နေ့​သ​၌ ယေ​ရှု​သည် ဂင်​နေ​သ​ရက်​အိုင်​နား​တွင် ရပ်​လျက်​နေ​တော်​မူ​စဉ် လူ​ထု​ပ​ရိ​သတ်​တို့​သည် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​ကို​ကြား​နာ​ရန် ကိုယ်​တော်​ထံ​သို့​တိုး​ဝှေ့​လာ​ကြ​၏။

2 ကိုယ်​တော်​သည် ကမ်း​နား​တွင်​ဆိုက်​ထား​သော​လှေ​နှစ်​စင်း​ကို မြင်​တော်​မူ​၏။ တံ​ငါ​သည်​တို့​သည် ထို​လှေ​များ​ပေါ်​မှ​ဆင်း​၍ ပိုက်​ကွန်​များ​ကို​ဆေး​ကြော​နေ​ကြ​၏။

3 ကိုယ်​တော်​သည် ထို​လှေ​တို့​အ​နက် ရှိ​မုန်​၏​လှေ​ပေါ်​သို့​တက်​၍ လှေ​ကို ကမ်း​မှ​အ​နည်း​ငယ်​ခွာ​ရန် သူ့​အား မိန့်​တော်​မူ​၏။ ထို့​နောက် ထိုင်​၍ လူ​ထု​ပ​ရိ​သတ်​တို့​အား လှေ​ပေါ်​မှ သွန်​သင်​တော်​မူ​၏။

4 ဟော​ပြော​သွန်​သင်​ပြီး​သော​အ​ခါ ကိုယ်​တော်​သည် ရှိ​မုန်​အား “ရေ​နက်​ရာ​သို့​ရွှေ့​လော့။ သင်​တို့​၏​ပိုက်​ကွန်​များ​ကို​ချ​၍ ငါး​ဖမ်း​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

5 ရှိ​မုန်​က​လည်း “သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် တစ်​ည​လုံး​ကြိုး​စား​ဖမ်း​ကြ​သော်​လည်း တစ်​ကောင်​ကို​မျှ​မ​ရ​ကြ​ပါ။ သို့​သော် ကိုယ်​တော်​အ​မိန့်​ရှိ​တော်​မူ​သည်​ဖြစ်​၍ ပိုက်​ကွန်​များ​ကို​ချ​ပါ​မည်”​ဟု လျှောက်​ပြီး​နောက်

6 ထို​အ​တိုင်း​ပြု​လေ​ရာ ငါး​အ​မြောက်​အ​မြား​ကို​ဖမ်း​မိ​သ​ဖြင့် သူ​တို့​ပိုက်​ကွန်​များ​စုတ်​လု​မ​တတ်​ဖြစ်​လေ​၏။

7 ထို​အ​ခါ သူ​တို့​သည် အ​ခြား​သော​လှေ​ပေါ်​တွင်​ရှိ​သော​အ​ပေါင်း​အ​ဖော်​တို့​အား လာ​၍ မိ​မိ​တို့​ကို​ကူ​ညီ​ကြ​ရန် အ​ချက်​ပြ​သ​ဖြင့် ထို​သူ​တို့​သည်​လာ​၍ လှေ​နှစ်​စင်း​စ​လုံး​တွင် ငါး​ကို​အ​ပြည့်​ထည့်​လိုက်​ရာ လှေ​သည်​နစ်​လု​မ​တတ်​ဖြစ်​လေ​၏။

8 ရှိ​မုန်​ပေ​တ​ရု​သည် ထို​အ​ခြင်း​အ​ရာ​ကို​မြင်​လျှင် ယေ​ရှု​၏​ခြေ​တော်​ရင်း​၌ ပျပ်​ဝပ်​လျက် “သ​ခင်၊ အ​ကျွန်ုပ်​သည် အ​ပြစ်​များ​သော​သူ​ဖြစ်​၍ အ​ကျွန်ုပ်​ထံ​မှ ကြွ​သွား​တော်​မူ​ပါ”​ဟု လျှောက်​လေ​၏။

9 ဤ​သို့​လျှောက်​သည်​မှာ ဖမ်း​မိ​သော​ငါး​များ​ပြား​သ​ဖြင့် ရှိ​မုန်​နှင့် သူ​၏​အ​ပေါင်း​အ​ဖော်​အား​လုံး​သည် အံ့​အား​သင့်​ကြ​သော​ကြောင့်​ဖြစ်​၏။

10 ရှိ​မုန်​၏​အ​ပေါင်း​အ​ဖော်​များ​ဖြစ်​ကြ​သော ဇေ​ဗေ​ဒဲ​၏​သား ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​သည်​လည်း အံ့​အား​သင့်​ကြ​၏။ ယေ​ရှု​က​လည်း “မ​ကြောက်​နှင့်။ သင်​သည် ယ​ခု​မှ​စ​၍ လူ​ကို​ဖမ်း​လိမ့်​မည်”​ဟု ရှိ​မုန်​အား မိန့်​တော်​မူ​၏။

11 ထို​အ​ခါ သူ​တို့​သည် လှေ​ကို ကုန်း​ပေါ်​တင်​ပြီး​လျှင် ရှိ​သ​မျှ​ကို​စွန့်​၍ နောက်​တော်​သို့​လိုက်​ကြ​၏။

အ​နာ​ကြီး​ရော​ဂါ​သည်​ကို​စင်​ကြယ်​စေ​ခြင်း

12 ကိုယ်​တော်​သည် မြို့​တစ်​မြို့​၌​ရှိ​တော်​မူ​စဉ် တစ်​ကိုယ်​လုံး​အ​နာ​ကြီး​ရော​ဂါ​စွဲ​ကပ်​နေ​သူ​တစ်​ဦး​သည် ယေ​ရှု​ကို​မြင်​လျှင် ပျပ်​ဝပ်​လျက် “သ​ခင်​ဘု​ရား၊ ကိုယ်​တော်​အ​လို​ရှိ​လျှင် အ​ကျွန်ုပ်​ကို စင်​ကြယ်​စေ​နိုင်​ပါ​သည်”​ဟု တောင်း​ပန်​လေ​၏။

13 ကိုယ်​တော်​သည်​လက်​တော်​ကို​ဆန့်​၍ ထို​သူ​ကို​တို့​ထိ​ကာ “ငါ​အ​လို​ရှိ​၏။ စင်​ကြယ်​ခြင်း​သို့​ရောက်​စေ”​ဟု မိန့်​တော်​မူ​၏။ ထို​ခ​ဏ​ချင်း​တွင် သူ​၏​အ​နာ​ကြီး​ရော​ဂါ​သည် ပျောက်​ကင်း​သွား​လေ​၏။

14 ထို​အ​ခါ ကိုယ်​တော်​သည် မည်​သူ့​ကို​မျှ​မ​ပြော​ရန် သူ့​အား​မိန့်​မှာ​လျက် “ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သာ​သွား​၍ သင့်​ကိုယ်​သင်​ပြ​ပြီး​လျှင် လူ​တို့​ရှေ့​၌ သက်​သေ​ဖြစ်​စေ​ရန် မော​ရှေ​ပ​ညတ်​ထား​သည့်​အ​တိုင်း သင်​၏​စင်​ကြယ်​ခြင်း​ဝတ်​အ​တွက် ပူ​ဇော်​သက္ကာ​ကို ဆက်​သ​လော့”​ဟု မိန့်​တော်​မူ​၏။

15 သို့​ရာ​တွင် ကိုယ်​တော်​၏​သ​တင်း​သည် ပို​၍​ပျံ့​နှံ့​သွား​သ​ဖြင့် များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​တို့​သည် တ​ရား​တော်​ကို​ကြား​နာ​ရန်​နှင့် မိ​မိ​တို့​၏​အ​နာ​ရော​ဂါ​များ​ငြိမ်း​စေ​ခြင်း​ကို​ခံ​ယူ​ရန် စု​ဝေး​လာ​ကြ​၏။

16 သို့​သော် ကိုယ်​တော်​သည် လူ​သူ​ကင်း​ဝေး​ရာ​အ​ရပ်​သို့​သွား​၍ ဆု​တောင်း​လေ့​ရှိ​တော်​မူ​၏။

အ​ပြစ်​များ​ခွင့်​လွှတ်​ပိုင်​ခွင့်

17 တစ်​နေ့​သ​၌ ကိုယ်​တော်​သည် သွန်​သင်​လျက်​နေ​တော်​မူ​စဉ် ဂါ​လိ​လဲ​နယ်​နှင့် ယု​ဒ​နယ်​ရှိ ကျေး​ရွာ​အ​ပေါင်း​တို့​မှ​လည်း​ကောင်း၊ ဂျေ​ရု​ဆ​လင်​မြို့​မှ​လည်း​ကောင်း ရောက်​လာ​ကြ​သော ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့​သည် ထိုင်​နေ​ကြ​၏။ အ​နာ​ရော​ဂါ​ငြိမ်း​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည် ကိုယ်​တော်​၌​ရှိ​၏။

18 ထို​အ​ခါ လူ​တို့​သည် လေ​ဖြတ်​သော​သူ​တစ်​ဦး​ကို အိပ်​ရာ​နှင့်​တ​ကွ​သယ်​ဆောင်​လာ​ပြီး သူ့​ကို​အ​ထဲ​သို့​သွင်း​၍ ကိုယ်​တော်​ရှေ့​၌​ချ​ထား​ရန် ကြိုး​စား​ကြ​၏။

19 သို့​ရာ​တွင် လူ​အ​စု​အ​ဝေး​တို့​ကြောင့် သူ့​ကို​သယ်​သွား​ရ​မည့်​လမ်း​ကို မ​တွေ့​သ​ဖြင့် လေ​သာ​ဆောင်​အ​ပေါ်​သို့​တက်​ကာ အုတ်​ကြွပ်​ကို​ခွာ​၍ လူ​နာ​ကို ပ​ရိ​သတ်​အ​လယ် ယေ​ရှု​၏​ရှေ့​တော်​သို့ အိပ်​ရာ​နှင့်​တ​ကွ​လျှော​ချ​ကြ​၏။

20 ကိုယ်​တော်​သည် ထို​သူ​တို့​၏​ယုံ​ကြည်​ခြင်း​ကို​မြင်​လျှင် “အ​ချင်း​လူ၊ သင်​၏​အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ခံ​ရ​ပြီ”​ဟု မိန့်​တော်​မူ​၏။

21 ထို​အ​ခါ ကျမ်း​ပြု​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့​က “ဘု​ရား​သ​ခင်​ကို​စော်​ကား​ပြော​ဆို​သော​ဤ​သူ​ကား မည်​သူ​နည်း။ ဘု​ရား​သ​ခင်​မှ​တစ်​ပါး မည်​သူ​သည် အ​ပြစ်​များ​ကို​ခွင့်​လွှတ်​နိုင်​သ​နည်း”​ဟု တွေး​တော​ဆင်​ခြင်​ကြ​၏။

22 ယေ​ရှု​သည် သူ​တို့​၏​တွေး​တော​ဆင်​ခြင်​မှု​များ​ကို သိ​တော်​မူ​၍ “အ​ဘယ်​ကြောင့် သင်​တို့​၏​စိတ်​နှ​လုံး​ထဲ​၌ ထို​သို့​တွေး​တော​ဆင်​ခြင်​နေ​ကြ​သ​နည်း။

23 ‘သင်​၏​အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ခံ​ရ​ပြီ’​ဟု ဆို​ရန်​နှင့် ‘ထ​၍ လမ်း​လျှောက်​လော့’​ဟု ဆို​ရန် မည်​သည့်​အ​ရာ​က ပို​၍​လွယ်​ကူ​သ​နည်း။

24 သို့​သော် လူ့​သား​သည် မြေ​ကြီး​ပေါ်​တွင် အ​ပြစ်​များ​ခွင့်​လွှတ်​ပိုင်​ခွင့်​ရှိ​ကြောင်း သင်​တို့​သိ​စေ​ရန်”​ဟု သူ​တို့​အား မိန့်​တော်​မူ​ပြီး​လျှင် လေ​ဖြတ်​သော​သူ​အား “သင့်​ကို ငါ​ဆို​မည်။ ထ​လော့။ သင်​၏​အိပ်​ရာ​ကို​ဆောင်​ယူ​၍ အိမ်​သို့​ပြန်​လော့”​ဟု မိန့်​တော်​မူ​၏။

25 ထို​အ​ခါ လေ​ဖြတ်​သော​သူ​သည် လူ​တို့​ရှေ့​တွင် ချက်​ချင်း​ထ​၍ မိ​မိ​လဲ​လျောင်း​ခဲ့​သော​အိပ်​ရာ​ကို ဆောင်​ယူ​ပြီး​လျှင် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​လျက် မိ​မိ​အိမ်​သို့​ပြန်​သွား​လေ​၏။

26 လူ​အ​ပေါင်း​တို့​သည် မိန်း​မော​တွေ​ဝေ​၍ ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​ကာ “ယ​နေ့ ငါ​တို့​သည် အံ့​ဖွယ်​သော​အ​မှု​ကို မြင်​ရ​ကြ​ပြီ”​ဟု အ​လွန်​ထိတ်​လန့်​အံ့​ဩ​သော​စိတ်​ဖြင့်​ပြော​ဆို​ကြ​၏။

လေ​ဝိ​ကို​ခေါ်​ယူ​တော်​မူ​ခြင်း

27 ထို့​နောက် ကိုယ်​တော်​သည် ထွက်​ခွာ​သွား​၍ အ​ခွန်​ကောက်​ခံ​ရာ​စ​ခန်း​တွင်​ထိုင်​နေ​သည့် လေ​ဝိ​အ​မည်​ရှိ အ​ခွန်​ကောက်​ခံ​သူ​တစ်​ဦး​ကို​မြင်​သ​ဖြင့် “ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်​မူ​သော်

28 သူ​သည် ရှိ​သ​မျှ​တို့​ကို​စွန့်​ပြီး ထ​၍ နောက်​တော်​သို့​လိုက်​လေ​၏။

29 လေ​ဝိ​သည် မိ​မိ​၏​အိမ်​၌ ကိုယ်​တော်​အ​တွက် ဧည့်​ခံ​ပွဲ​ကြီး​ကို​ကျင်း​ပ​လေ​ရာ အ​ခွန်​ကောက်​ခံ​သူ​အ​စု​အ​ဝေး​နှင့်​အ​ခြား​သော​သူ​များ​စွာ​တို့​သည် သူ​တို့​နှင့်​အ​တူ​ထိုင်​၍ စား​သောက်​နေ​ကြ​၏။

30 ထို​အ​ခါ ဖာ​ရိ​ရှဲ​များ​နှင့် သူ​တို့​ထဲ​မှ​ကျမ်း​ပြု​ဆ​ရာ​တို့​က “သင်​တို့​သည် အ​ဘယ်​ကြောင့် အ​ခွန်​ကောက်​ခံ​သူ​များ၊ အ​ပြစ်​သား​များ​နှင့်​အ​တူ စား​သောက်​ကြ​သ​နည်း”​ဟု တ​ပည့်​တော်​တို့​အား မ​ကျေ​မ​နပ်​ပြော​ဆို​ကြ​၏။

31 ယေ​ရှု​က​လည်း “ကျန်း​မာ​သော​သူ​တို့​သည် ဆေး​ဆ​ရာ​ကို​မ​လို​အပ်​ကြ​ပေ။ နာ​မ​ကျန်း​ဖြစ်​သော​သူ​တို့​သာ​လျှင် လို​အပ်​ကြ​၏။

32 ဖြောင့်​မတ်​သော​သူ​တို့​ကို​ခေါ်​ရန် ငါ​လာ​သည်​မ​ဟုတ်။ အ​ပြစ်​သား​တို့​ကို နောင်​တ​သို့​ခေါ်​ရန်​ငါ​လာ​၏”​ဟု မိန့်​တော်​မူ​၏။

အ​စာ​ရှောင်​ခြင်း​နှင့်​ဆိုင်​သော​မေး​ခွန်း

33 လူ​အ​ချို့​တို့​က “ယော​ဟန်​၏​တ​ပည့်​များ​သည် မ​ကြာ​ခ​ဏ အ​စာ​ရှောင်​၍ ဆု​တောင်း​ခြင်း​အ​မှု​ကို​ပြု​ကြ​သည်။ ဖာ​ရိ​ရှဲ​တို့​၏​တ​ပည့်​များ​သည်​လည်း ထို​နည်း​တူ​ပြု​ကြ​သည်။ ကိုယ်​တော်​၏​တ​ပည့်​တော်​တို့​မူ​ကား စား​သောက်​လျက်​နေ​ကြ​ပါ​သည်​တ​ကား”​ဟု လျှောက်​ကြ​၏။

34 ယေ​ရှု​က​လည်း “သ​တို့​သား​၏​ဆွေ​မျိုး​မိတ်သင်္ဂ​ဟ​များ​သည် သ​တို့​သား​နှင့်​အ​တူ​ရှိ​နေ​စဉ် သူ​တို့​ကို အ​စာ​ရှောင်​စေ​နိုင်​မည်​လော။

35 သို့​သော် သ​တို့​သား​ကို သူ​တို့​ထံ​မှ​ခေါ်​ဆောင်​သွား​မည့်​နေ့​ရက်​များ​ရောက်​လာ​လိမ့်​မည်။ ထို​နေ့​ရက်​များ​ရောက်​လာ​သည့်​အ​ခါ​၌ သူ​တို့​သည် အ​စာ​ရှောင်​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

36 ထို့​နောက် သူ​တို့​အား ပုံ​ဥ​ပ​မာ​တစ်​ခု​မြွက်​ဆို​တော်​မူ​သည်​မှာ “မည်​သူ​မျှ အ​ဝတ်​အ​သစ်​မှ​ပိတ်​စ​ကို​ဆုတ်​ဖြဲ​၍ အ​ဝတ်​အ​ဟောင်း​ကို ဖာ​လေ့​မ​ရှိ။ ထို​သို့​ပြု​လျှင် အ​ဝတ်​အ​သစ်​ကို ဆုတ်​ဖြဲ​ရ​သည်​သာ​မ​က ဖာ​ထား​သော​ပိတ်​စ​အ​သစ်​သည်​လည်း အ​ဝတ်​အ​ဟောင်း​နှင့် လိုက်​ဖက်​မည်​မ​ဟုတ်။

37 စ​ပျစ်​ဝိုင်​အ​သစ်​ကို​လည်း မည်​သူ​မျှ သား​ရေ​ဘူး​အ​ဟောင်း​၌ ထည့်​လေ့​မ​ရှိ။ ထို​သို့​ပြု​လျှင် စ​ပျစ်​ဝိုင်​အ​သစ်​သည် သား​ရေ​ဘူး​ကို​ပေါက်​ပြဲ​စေ​သ​ဖြင့် စ​ပျစ်​ဝိုင်​ယို​ထွက်​ကာ သား​ရေ​ဘူး​လည်း ပျက်​စီး​သွား​လိမ့်​မည်။

38 စ​ပျစ်​ဝိုင်​အ​သစ်​ကို သား​ရေ​ဘူး​အ​သစ်​၌​သာ ထည့်​ရ​၏။

39 စ​ပျစ်​ဝိုင်​အ​ဟောင်း​ကို သောက်​ပြီး​သော​သူ​သည်​လည်း ‘စ​ပျစ်​ဝိုင်​အ​ဟောင်း​သည် ကောင်း​၏’​ဟု ဆို​လျက် စ​ပျစ်​ဝိုင်​အ​သစ်​ကို သောက်​လို​စိတ်​မ​ရှိ​တတ်”​ဟု မိန့်​တော်​မူ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24