ရှင်​လု​ကာ​ခ​ရစ်​ဝင် 2 MSB

ယေ​ရှု​ဖွား​မြင်​တော်​မူ​ခြင်း

1 ထို​နေ့​ရက်​များ​၌ ဩ​ဂုတ္တု​ဆီ​ဇာ​သည် လက်​အောက်​ခံ​နိုင်​ငံ​အား​လုံး​တွင် သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ​ရန် အ​မိန့်​ထုတ်​ပြန်​လေ​၏။

2 ဤ​သည်​ကား ကု​ရေ​နိ​မင်း​သည် ဆီး​ရီး​ယား​ပြည်​၏​ဘု​ရင်​ခံ​ဖြစ်​စဉ်​တွင် ပ​ထ​မ​အ​ကြိမ်​သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ​ခြင်း​ဖြစ်​၏။

3 ထို​အ​ခါ လူ​အ​ပေါင်း​တို့​သည် သန်း​ခေါင်​စာ​ရင်း​ဝင်​ရန် မိ​မိ​တို့​ဇာ​တိ​မြို့​သို့ အ​သီး​သီး​သွား​ကြ​၏။

4-5 ယော​သပ်​သည်​လည်း ဒါ​ဝိဒ်​အ​မျိုး၊ ဒါ​ဝိဒ်​၏​အ​ဆက်​အ​နွယ်​ဖြစ်​သော​ကြောင့် မိ​မိ​နှင့်​စေ့​စပ်​ထား​သူ​ဖြစ်​သည့် ကိုယ်​ဝန်​အ​ရင့်​အ​မာ​ရှိ​သော​မာ​ရိ​နှင့်​အ​တူ သန်း​ခေါင်​စာ​ရင်း​ဝင်​ရန် ဂါ​လိ​လဲ​နယ်၊ နာ​ဇ​ရက်​မြို့​မှ ဗက်​လင်​မြို့​ဟု​ခေါ်​သော ယု​ဒ​နယ်​ရှိ ဒါ​ဝိဒ်​မြို့​သို့​သွား​လေ​၏။

6 ထို​မြို့​၌​သူ​တို့​ရှိ​နေ​ကြ​စဉ် မာ​ရိ​သည် သား​ဖွား​ရန်​နေ့​လ​စေ့​သ​ဖြင့်

7 သား​ဦး​ကို​ဖွား​မြင်​လေ​၏။ ဧည့်​ရိပ်​သာ​တွင် သူ​တို့​အ​တွက်​နေ​ရာ​မ​ရှိ​သော​ကြောင့် သူ​ငယ်​ကို​အ​နှီး​နှင့်​ပတ်​ရစ်​ပြီး နွား​စား​ခွက်​၌​သိပ်​ထား​လေ​၏။

သိုး​ထိန်း​များ​နှင့်​ကောင်း​ကင်​တ​မန်​များ

8 ထို​အ​ရပ်​ဒေ​သ​တွင် သိုး​ထိန်း​များ​ရှိ​ကြ​၍ သူ​တို့​သည်​ကွင်း​ပြင်​၌​နေ​လျက် မိ​မိ​တို့​၏​သိုး​အုပ်​ကို ည​အ​ခါ​စောင့်​နေ​ကြ​၏။

9 ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် သူ​တို့​ရှေ့​၌​ပေါ်​လာ​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​သည် သူ​တို့​ပတ်​လည်​တွင်​ထွန်း​လင်း​သ​ဖြင့် သူ​တို့​သည် အ​လွန်​ကြောက်​ရွံ့​တုန်​လှုပ်​ကြ​၏။

10 သို့​သော် ကောင်း​ကင်​တ​မန်​က “ကြောက်​ရွံ့​ခြင်း​မ​ရှိ​ကြ​နှင့်။ အ​ကြောင်း​မူ​ကား လူ​အ​ပေါင်း​တို့​အ​တွက် အ​လွန်​ဝမ်း​မြောက်​စ​ရာ​ဖြစ်​မည့် ကောင်း​မြတ်​သော​သ​တင်း​ကို သင်​တို့​အား ငါ​ပြော​ကြား​မည်။

11 ယ​နေ့​တွင် ဒါ​ဝိဒ်​၏​မြို့​၌ သ​ခင်​ခ​ရစ်​တော်​တည်း​ဟူ​သော​ကယ်​တင်​ရှင်​သည် သင်​တို့​အ​တွက် ဖွား​မြင်​တော်​မူ​ပြီ။

12 သင်​တို့​သိ​နိုင်​သည့် အ​မှတ်​လက္ခ​ဏာ​ဟူ​မူ​ကား အ​နှီး​နှင့်​ပတ်​ရစ်​ပြီး နွား​စား​ခွက်​၌ သိပ်​ထား​သော​က​လေး​ငယ်​ကို သင်​တို့​တွေ့​ကြ​လိမ့်​မည်”​ဟု သူ​တို့​အား မြွက်​ဆို​လေ​၏။

13 ထို​ခ​ဏ​ချင်း​တွင် ထို​ကောင်း​ကင်​တ​မန်​နှင့်​အ​တူ များ​စွာ​သော​ကောင်း​ကင်​ဗိုလ်​ခြေ​သည်​ပေါ်​လာ​၍ ဘု​ရား​သ​ခင်​ကို​ချီး​မွမ်း​ကာ

14 “အ​မြင့်​ဆုံး​သော​အ​ရပ်​၌ ဘု​ရား​သ​ခင်​သည် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ မြေ​ကြီး​ပေါ်​၌​လည်း နှစ်​သက်​တော်​မူ​သော​သူ​တို့​အ​ပေါ် ငြိမ်​သက်​ခြင်း​ရှိ​စေ​သ​တည်း”​ဟု မြွက်​ဆို​ကြ​၏။

15 ကောင်း​ကင်​တ​မန်​တို့​သည် သူ​တို့​ထံ​မှ ကောင်း​ကင်​သို့​ပြန်​တက်​သွား​ကြ​သော​အ​ခါ သိုး​ထိန်း​တို့​က “ငါ​တို့​သည်​ဗက်​လင်​မြို့​သို့​သွား​၍ ငါ​တို့​အား ထာ​ဝ​ရ​ဘု​ရား​ဖော်​ပြ​တော်​မူ​သော​အ​ရာ​ကို ကြည့်​ရှု​ကြ​ကုန်​စို့”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

16 ထို့​နောက် သူ​တို့​သည် အ​လျင်​အ​မြန်​သွား​၍ မာ​ရိ​နှင့် ယော​သပ်​ကို​လည်း​ကောင်း၊ နွား​စား​ခွက်​၌​သိပ်​ထား​သော​က​လေး​ငယ်​ကို​လည်း​ကောင်း တွေ့​ကြ​၏။

17 သူ​တို့​ကို​တွေ့​မြင်​ကြ​ပြီး​နောက် သိုး​ထိန်း​တို့​သည် ထို​သူ​ငယ်​နှင့်​ပတ်​သက်​၍ မိ​မိ​တို့​အား​မြွက်​ဆို​တော်​မူ​သော​အ​ရာ​ကို အ​နှံ့​အ​ပြား​ပြော​ကြား​ကြ​၏။

18 ကြား​ရ​သော​သူ​အ​ပေါင်း​တို့​သည်​လည်း မိ​မိ​တို့​အား သိုး​ထိန်း​တို့​ပြော​ဆို​သော​အ​ကြောင်း​အ​ရာ​များ​ကြောင့် အံ့​ဩ​ကြ​၏။

19 မာ​ရိ​မူ​ကား ဤ​အ​ခြင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို မိ​မိ​စိတ်​နှ​လုံး​ထဲ​၌​မှတ်​ကျုံး​၍ စဉ်း​စား​ဆင်​ခြင်​လျက်​နေ​၏။

20 သိုး​ထိန်း​တို့​သည် မိ​မိ​တို့​အား​မြွက်​ဆို​ထား​သည့်​အ​တိုင်း မြင်​ရ​ကြား​ရ​သ​ဖြင့် ထို​အ​မှု​အ​ရာ​အား​လုံး​တို့​အ​တွက် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်၊ ဂုဏ်​တော်​ကို ချီး​မွမ်း​လျက် ပြန်​သွား​ကြ​၏။

ယေ​ရှု​ကို​အ​ရေ​ဖျား​လှီး​ခြင်း​နှင့်​ဆက်​ကပ်​ခြင်း

21 ရှစ်​ရက်​ပြည့်​၍ သူ​ငယ်​အား အ​ရေ​ဖျား​လှီး​ခြင်း​ပေး​သော​အ​ခါ ဝမ်း​၌​သန္ဓေ​မ​တည်​မီ ကောင်း​ကင်​တ​မန်​မှည့်​ခေါ်​ထား​သည့်​အ​တိုင်း သူ့​ကို ယေ​ရှု​အ​မည်​ဖြင့်​မှည့်​ခေါ်​ကြ​၏။

22 ထို့​နောက် မော​ရှေ​၏​ပ​ညတ်​တ​ရား​ကျမ်း​အ​တိုင်း မိ​မိ​တို့​အ​တွက် စင်​ကြယ်​ခြင်း​ဝတ်​ကို​ပြု​ရ​မည့်​နေ့​ရက်​များ​စေ့​သော​အ​ခါ မိ​ဘ​တို့​သည် သူ​ငယ်​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​ဆက်​ကပ်​ရန် ဂျေ​ရု​ဆ​လင်​မြို့​သို့​ခေါ်​ဆောင်​သွား​ကြ​၏။

23 ဤ​သည်​ကား ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တ​ရား​ကျမ်း​တွင် “သား​ဦး​ယောက်ျား​အ​ပေါင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အ​တွက် သန့်​ရှင်း​စေ​လျက် ဆက်​ကပ်​ထား​ရ​မည်”​ဟု ရေး​ထား​သည်​နှင့်​အ​ညီ​ဖြစ်​၏။

24 ထို့​ပြင် “ချိုး​ငှက်​တစ်​စုံ သို့​မ​ဟုတ် ခို​ငယ်​နှစ်​ကောင်​ကို ပူ​ဇော်​ရ​မည်”​ဟု ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တ​ရား​ကျမ်း​၌ ဖော်​ပြ​ထား​သည့်​အ​တိုင်း ယဇ်​ပူ​ဇော်​ကြ​ရန်​အ​တွက်​ဖြစ်​၏။

ရှိ​မောင်​၏​ပ​ရော​ဖက်​ပြု​ချီး​မွမ်း​ခြင်း

25 ထို​အ​ခါ​၌ ဂျေ​ရု​ဆ​လင်​မြို့​တွင် ရှိ​မောင်​အ​မည်​ရှိ​သော​လူ​တစ်​ဦး​ရှိ​၏။ သူ​သည် ဘု​ရား​တ​ရား​ကြည်​ညို​၍ ဖြောင့်​မတ်​သော​သူ​ဖြစ်​ပြီး အစ္စ​ရေး​လူ​မျိုး​ခံ​စား​ရ​မည့်​နှစ်​သိမ့်​မှု​ကို စောင့်​မျှော်​နေ​သူ​ဖြစ်​၏။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သူ့​အ​ပေါ်​၌​တည်​သည်​ဖြစ်​၍

26 ထာ​ဝ​ရ​ဘု​ရား​၏​ခ​ရစ်​တော်​ကို​မ​မြင်​ရ​မီ သေ​ခြင်း​နှင့်​မ​ကြုံ​ရ​ဟူ​သော​ဗျာ​ဒိတ်​တော်​ကို သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့်​ရ​ရှိ​ထား​၏။

27 သူ​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် ဗိ​မာန်​တော်​သို့​သွား​ရာ မိ​ဘ​တို့​သည် သူ​ငယ်​အ​တွက် ပ​ညတ်​တ​ရား​၏​ထုံး​တမ်း​စဉ်​လာ​အ​တိုင်း​ပြု​ရန် သူ​ငယ်​ယေ​ရှု​ကို​ခေါ်​ဆောင်​လာ​ကြ​၏။

28 ထို​အ​ခါ ရှိ​မောင်​သည် သူ​ငယ်​ကို​ပွေ့​ချီ​လျက် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကာ

29 “စိုး​ပိုင်​တော်​မူ​သော​အ​ရှင်၊ ကိုယ်​တော်​မိန့်​တော်​မူ​သည့်​အ​တိုင်း ကိုယ်​တော်​၏​အ​စေ​အ​ပါး​အား ငြိမ်း​ချမ်း​စွာ​သွား​ရ​သော​အ​ခွင့်​ကို ယ​ခု ကိုယ်​တော်​ပေး​တော်​မူ​ပြီ​ဖြစ်​၏။

30-32 အ​ကြောင်း​မူ​ကား လူ​မျိုး​ခြား​တို့​အ​တွက်​ပေါ်​ထွန်း​သော​အ​လင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​လူ​မျိုး​တော် အစ္စ​ရေး​လူ​မျိုး​အ​တွက်​ဘုန်း​အ​သ​ရေ​ဖြစ်​သော လူ​အ​ပေါင်း​တို့​ရှေ့​၌​ပြင်​ဆင်​ထား​သည့် ကိုယ်​တော်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို​လည်း​ကောင်း အ​ကျွန်ုပ်​၏​မျက်​စိ​ဖြင့် မြင်​ရ​ပါ​ပြီ”​ဟု ဆို​လေ​၏။

33 သူ​ငယ်​၏​မိ​ခင်​နှင့်​ဖ​ခင်​တို့​သည် သူ​ငယ်​နှင့်​ပတ်​သက်​၍ ပြော​ဆို​သော​အ​ရာ​များ​အ​တွက်​အံ့​သြ​ကြ​၏။

34 ထို့​နောက် ရှိ​မောင်​သည် သူ​တို့​ကို​ကောင်း​ချီး​ပေး​၍ မယ်​တော်​မာ​ရိ​အား “ဤ​သူ​ငယ်​သည် အစ္စ​ရေး​လူ​မျိုး​ထဲ​မှ လူ​များ​စွာ​တို့​ကို လဲ​စေ​သည့်​အ​ကြောင်း​နှင့် ထ​စေ​သည့်​အ​ကြောင်း​ဖြစ်​ပြီး ဆန့်​ကျင်​ပြော​ဆို​ခြင်း​ခံ​ရ​မည့်​အ​မှတ်​လက္ခ​ဏာ​ဖြစ်​ရန် ခန့်​အပ်​ထား​ခြင်း​ခံ​ရ​၏။

35 ဤ​သည်​ကား များ​စွာ​သော​သူ​တို့​၏​စိတ်​နှ​လုံး​တွေး​တော​ဆင်​ခြင်​မှု​များ​သည် ထင်​ရှား​လာ​မည့်​အ​ကြောင်း​တည်း။ သင်​၏​နှ​လုံး​ကို​လည်း သန်​လျက်​သည်​ထိုး​ဖောက်​လိမ့်​မည်”​ဟု ဆို​လေ​၏။

အန္န​၏​သက်​သေ​ခံ​ချက်

36 ထို​နေ​ရာ​၌ အာ​ရှာ​အ​နွယ်​မှ ဖ​နွေ​လ​၏​သ​မီး၊ အန္န​အ​မည်​ရှိ​သော အ​သက်​ကြီး​ရင့်​သည့် ပ​ရော​ဖက်​မ​တစ်​ဦး​ရှိ​၏။ သူ​သည် ပျို​ရွယ်​သော​အ​ချိန်​မှ​စ​၍ ခင်​ပွန်း​နှင့်​အ​တူ ခု​နစ်​နှစ်​နေ​ထိုင်​ပြီး​လျှင်

37 မု​ဆိုး​မ​ဖြစ်​လျက် အ​သက်​ရှစ်​ဆယ့်​လေး​နှစ်​ပင်​ရှိ​ပြီ​ဖြစ်​၏။ သူ​သည် ဗိ​မာန်​တော်​မှ​မ​ခွာ​ဘဲ ဆု​တောင်း​ခြင်း​နှင့် အ​စာ​ရှောင်​ခြင်း​တို့​ဖြင့် နေ့​ည​မ​ပြတ် ဘု​ရား​ဝတ်​ကို​ပြု​လျက်​နေ​၏။

38 သူ​သည်​လည်း ထို​တစ်​ချိန်​တည်း​မှာ​ပင်​ရောက်​လာ​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကာ ဂျေ​ရု​ဆ​လင်​မြို့​ရွေး​နုတ်​ကယ်​တင်​ခြင်း​ခံ​ရ​မည်​ကို စောင့်​မျှော်​နေ​သော​သူ​အ​ပေါင်း​တို့​အား ထို​သူ​ငယ်​၏​အ​ကြောင်း​ကို​ပြော​ကြား​လေ​၏။

နာ​ဇ​ရက်​မြို့​သို့​မိ​သား​စု​ပြန်​သွား​ခြင်း

39 မိ​ဘ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တ​ရား​နှင့်​အ​ညီ အ​ကုန်​အ​စင်​ပြု​ပြီး​သော​အ​ခါ မိ​မိ​တို့​နေ​ရပ်​မြို့​ဖြစ်​သော ဂါ​လိ​လဲ​နယ်​ရှိ နာ​ဇ​ရက်​မြို့​သို့​ပြန်​သွား​ကြ​၏။

40 သူ​ငယ်​သည်​လည်း​ကြီး​ထွား​၍ ကြံ့​ခိုင်​သန်​စွမ်း​လာ​ကာ ဉာဏ်​ပ​ညာ​နှင့်​ပြည့်​စုံ​၏။ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​သည်​လည်း သူ့​အ​ပေါ်​၌​တည်​လေ​၏။

ခ​မည်း​တော်​၏​အိမ်​တော်​၌

41 ယေ​ရှု​၏​မိ​ဘ​တို့​သည် ပ​သ​ခါ​ပွဲ​တော်​တွင် နှစ်​တိုင်း ဂျေ​ရု​ဆ​လင်​မြို့​သို့​သွား​လေ့​ရှိ​ကြ​၏။

42 ယေ​ရှု​အ​သက်​တစ်​ဆယ့်​နှစ်​နှစ်​ရှိ​သော​အ​ခါ​၌​လည်း သူ​တို့​သည်​ပွဲ​တော်​၏​ဓ​လေ့​ထုံး​စံ​အ​တိုင်း တက်​သွား​ကြ​၏။

43 ပွဲ​တော်​ရက်​များ​ပြီး​ဆုံး​၍ သူ​တို့​ပြန်​ကြ​သော​အ​ခါ သူ​ငယ်​ယေ​ရှု​သည် ဂျေ​ရု​ဆ​လင်​မြို့​၌​နေ​ရစ်​လေ​၏။ မိ​ဘ​တို့​သည် မ​သိ​ကြ​ဘဲ

44 ခ​ရီး​သွား​ဖော်​များ​ကြား​တွင် သူ​ရှိ​နေ​မည်​ဟု​ထင်​မှတ်​လျက် တစ်​နေ့​တာ​ခ​ရီး​ပြု​ကြ​၏။ ထို့​နောက် အ​ဆွေ​အ​မျိုး​အ​သိ​အ​ကျွမ်း​တို့​ကြား​တွင် လိုက်​ရှာ​သော်​လည်း

45 မ​တွေ့​သ​ဖြင့် သူ့​ကို​လိုက်​ရှာ​ရင်း ဂျေ​ရု​ဆ​လင်​မြို့​သို့​ပြန်​သွား​ကြ​၏။

46 သုံး​ရက်​ကြာ​သော​အ​ခါ ယေ​ရှု​သည် ဗိ​မာန်​တော်​၌ ဆ​ရာ​များ​ကြား​တွင်​ထိုင်​၍ သူ​တို့​ကို​နား​ထောင်​လျက် မေး​မြန်း​လျက်​နေ​သည်​ကို မိ​ဘ​တို့​တွေ့​ကြ​၏။

47 ယေ​ရှု​၏​စ​ကား​ကို​ကြား​ရ​သော​သူ​အ​ပေါင်း​တို့​သည် သူ​၏​ဉာဏ်​စွမ်း​နှင့် ဖြေ​ကြား​ချက်​များ​ကို အံ့​ဩ​ငေး​မော​နေ​ကြ​၏။

48 မိ​ဘ​တို့​သည် သူ့​ကို​တွေ့​သော​အ​ခါ အံ့​အား​သင့်​၍ မယ်​တော်​က “ငါ့​သား၊ အ​ဘယ်​ကြောင့် ငါ​တို့​အား ဤ​သို့​ပြု​ရ​သ​နည်း။ သင့်​ဖ​ခင်​နှင့်​ငါ​သည် သင့်​ကို​စိုး​ရိမ်​တ​ကြီး​ရှာ​ခဲ့​ရ​၏”​ဟု ဆို​လေ​၏။

49 ယေ​ရှု​က​လည်း “အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို​ရှာ​ကြ​သ​နည်း။ အ​ကျွန်ုပ်​သည် အ​ကျွန်ုပ်​ခ​မည်း​တော်​၏​အိမ်​၌​နေ​ရ​မည်​ကို မ​သိ​ကြ​သ​လော”​ဟု သူ​တို့​အား​ပြန်​ပြော​လေ​၏။

50 သို့​သော် မိ​ဘ​တို့​သည် မိ​မိ​တို့​အား ယေ​ရှု​ပြော​သော​စ​ကား​ကို နား​မ​လည်​ကြ​ချေ။

ဘု​ရား​သ​ခင်​ရှေ့၊ လူ​တို့​ရှေ့​၌​မျက်​နှာ​ရ​ခြင်း

51 ထို့​နောက် ယေ​ရှု​သည် မိ​ဘ​တို့​နှင့်​အ​တူ​ပြန်​သွား​၍ နာ​ဇ​ရက်​မြို့​သို့​ရောက်​သော​အ​ခါ သူ​တို့​ကို​နာ​ခံ​လျက်​နေ​တော်​မူ​၏။ မယ်​တော်​မူ​ကား ဤ​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို မိ​မိ​စိတ်​နှ​လုံး​ထဲ​၌​မှတ်​ကျုံး​ထား​လေ​၏။

52 ယေ​ရှု​သည် ကာ​ယ​ဉာ​ဏ​ကြီး​ထွား​တိုး​ပွား​လျက် ဘု​ရား​သ​ခင်​ရှေ့၊ လူ​တို့​ရှေ့​၌ မျက်​နှာ​ရ​တော်​မူ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24