ရှင်​လု​ကာ​ခ​ရစ်​ဝင် 17 MSB

ယေ​ရှု​၏​သ​တိ​ပေး​ချက်​များ

1 ထို့​နောက် ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​အား “မှား​ယွင်း​စေ​သော​အ​ရာ​များ​သည် ဧ​ကန်​မု​ချ​သက်​ရောက်​မည်​ဖြစ်​၏။ သို့​သော် ထို​အ​ရာ​များ​ကို သက်​ရောက်​စေ​သော​သူ​သည် အမင်္ဂ​လာ​ရှိ​၏။

2 ထို​သူ​သည် ဤ​ငယ်​သော​သူ​များ​ထဲ​မှ တစ်​စုံ​တစ်​ဦး​ကို မှား​ယွင်း​စေ​သည်​ထက် ကြိတ်​ဆုံ​ကျောက်​ကို မိ​မိ​လည်​ပင်း​၌​ဆွဲ​လျက် ပင်​လယ်​ထဲ​သို့​ပစ်​ချ​ခံ​ရ​လျှင် သူ့​အ​တွက် သာ​၍​ကောင်း​၏။

3 သင်​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​သ​တိ​ထား​ကြ​လော့။ သင်​၏​ညီ​အစ်​ကို​သည် သင့်​ကို​ပြစ်​မှား​လျှင် သူ့​ကို​ဆုံး​မ​လော့။ သူ​သည်​နောင်​တ​ရ​လျှင် သူ့​ကို​ခွင့်​လွှတ်​လော့။

4 တစ်​နေ့​အ​တွင်း သင့်​ကို​ခု​နစ်​ကြိမ်​ပြစ်​မှား​လျက် သင့်​ထံ​သို့ ခု​နစ်​ကြိမ်​တိုင်​တိုင်​လာ​၍ ‘အ​ကျွန်ုပ်​နောင်​တ​ရ​ပါ​၏’​ဟု ဆို​လျှင် သူ့​ကို​ခွင့်​လွှတ်​ရ​မည်”​ဟု မိန့်​တော်​မူ​၏။

ယုံ​ကြည်​ခြင်း​နှင့်​တာ​ဝန်​ဝတ္တ​ရား

5 ထို​အ​ခါ တ​မန်​တော်​တို့​က သ​ခင်​ဘု​ရား​အား “အ​ကျွန်ုပ်​တို့​၏​ယုံ​ကြည်​ခြင်း​ကို တိုး​ပွား​စေ​တော်​မူ​ပါ”​ဟု လျှောက်​ကြ​၏။

6 သ​ခင်​ဘု​ရား​က​လည်း “သင်​တို့​တွင် မုန်​ညင်း​နက်​စေ့​ခန့်​မျှ​ယုံ​ကြည်​ခြင်း​ရှိ​ပါ​က ဤ​ပိုး​စာ​ပင်​အား ‘အ​မြစ်​ပါ​ကျွတ်​၍ ပင်​လယ်​ထဲ​မှာ​စိုက်​လျက်​နေ​လော့’​ဟု ပြော​လျှင် ၎င်း​သည် သင်​တို့​ကို​နာ​ခံ​လိမ့်​မည်။

7 သင်​တို့​တွင် လယ်​လုပ်​သော​အ​စေ​အ​ပါး သို့​မ​ဟုတ် သိုး​ကို​ထိန်း​ကျောင်း​သော​အ​စေ​အ​ပါး​ရှိ​၍ ထို​အ​စေ​အ​ပါး​သည် လယ်​မှ​ပြန်​လာ​သော​အ​ခါ ‘အ​လျင်​အ​မြန်​လာ​ပြီး ထိုင်​၍​စား​လော့’​ဟု ဆို​မည့်​သူ​ရှိ​သ​လော။

8 ထို​သို့​မ​ဆို​ဘဲ ‘ငါ့​အ​တွက်​စား​စ​ရာ​တစ်​စုံ​တစ်​ခု​ပြင်​ဆင်​၍ ငါ​စား​သောက်​ပြီး​သည်​အ​ထိ ခါး​စည်း​လျက် ငါ​အ​လို​ရှိ​ရာ​ကို​ဆောင်​ရွက်​လော့။ ထို့​နောက်​မှ သင်​သည် စား​သောက်​လော့’​ဟု ဆို​မည်​မ​ဟုတ်​လော။

9 အ​စေ​အ​ပါး​သည် စေ​ခိုင်း​ထား​သည့်​အ​တိုင်း​ဆောင်​ရွက်​သော​ကြောင့် သ​ခင်​သည် သူ့​ကို​ကျေး​ဇူး​တင်​သ​လော။

10 ထို​နည်း​တူ သင်​တို့​သည်​လည်း သင်​တို့​အား​စေ​ခိုင်း​သည့်​အ​ရာ​အား​လုံး​ကို ဆောင်​ရွက်​ပြီး​သော​အ​ခါ ‘အ​ကျွန်ုပ်​တို့​သည် အ​ကျိုး​မ​ပြု​သော​အ​စေ​အ​ပါး​များ​ဖြစ်​ကြ​ပါ​၏။ ဆောင်​ရွက်​ရ​မည့်​အ​မှု​ကို ဆောင်​ရွက်​ခဲ့​ခြင်း​သာ​ဖြစ်​ပါ​၏’​ဟု ဆို​ကြ​လော့”​ဟူ​၍ မိန့်​တော်​မူ​၏။

အ​နာ​ကြီး​ရော​ဂါ​သည်​ဆယ်​ဦး

11 ကိုယ်​တော်​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့​ကြွ​တော်​မူ​စဉ် ရှ​မာ​ရိ​နယ်​နှင့် ဂါ​လိ​လဲ​နယ်​စပ်​ကြား​ကို ဖြတ်​သွား​တော်​မူ​၏။

12 ရွာ​တစ်​ရွာ​သို့​ဝင်​တော်​မူ​သော​အ​ခါ အ​နာ​ကြီး​ရော​ဂါ​သည်​ဆယ်​ဦး​တို့​သည် ကိုယ်​တော်​ကို​ဆီး​ကြို​ကြ​၏။ သူ​တို့​သည် အ​ဝေး​၌​ရပ်​လျက်

13 အ​သံ​ကို​ကျယ်​စွာ​ပြု​၍ “သ​ခင်​ယေ​ရှု၊ အ​ကျွန်ုပ်​တို့​ကို​သ​နား​တော်​မူ​ပါ”​ဟု လျှောက်​ကြ​၏။

14 ကိုယ်​တော်​သည် သူ​တို့​ကို​မြင်​လျှင် “ယဇ်​ပု​ရော​ဟိတ်​များ​ထံ​သို့​သွား​၍ မိ​မိ​တို့​ကိုယ်​ကို ပြ​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။ သူ​တို့​သည်​သွား​နေ​စဉ်​အ​တွင်း​မှာ​ပင် စင်​ကြယ်​ခြင်း​သို့​ရောက်​ကြ​၏။

15 သူ​တို့​ထဲ​မှ​တစ်​ဦး​သည် မိ​မိ​အ​နာ​ရော​ဂါ​ပျောက်​ကင်း​သွား​ကြောင်း​သိ​မြင်​သော​အ​ခါ ကျယ်​လောင်​သော​အ​သံ​ဖြင့် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​လျက် ပြန်​လာ​ကာ

16 ကိုယ်​တော်​၏​ခြေ​တော်​ရင်း​၌​ပျပ်​ဝပ်​၍ ကိုယ်​တော်​ကို​ကျေး​ဇူး​တင်​၏။ ထို​သူ​သည် ရှ​မာ​ရိ​နယ်​သား​ဖြစ်​၏။

17 ယေ​ရှု​က​လည်း “စင်​ကြယ်​ခြင်း​သို့​ရောက်​သော​သူ​မှာ လူ​ဆယ်​ဦး​မ​ဟုတ်​လော။ အ​ခြား​ကိုး​ဦး​ကား အ​ဘယ်​မှာ​နည်း။

18 ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​ရန်​ပြန်​လာ​သော​သူ​သည် ဤ​တစ်​ပါး​အ​မျိုး​သား​မှ​လွဲ​၍ တစ်​ဦး​မျှ​မ​ရှိ​သ​လော”​ဟု မိန့်​တော်​မူ​၏။

19 ထို့​နောက် ထို​သူ​အား “ထ​၍​သွား​လော့။ သင်​၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို​ကျန်း​မာ​စေ​ပြီ”​ဟု မိန့်​တော်​မူ​၏။

နိုင်​ငံ​တော်​ပေါ်​ထွန်း​ခြင်း

20 တစ်​ခါ​တွင် ဖာ​ရိ​ရှဲ​တို့​က ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် မည်​သည့်​အ​ချိန်​၌​ပေါ်​ထွန်း​မည်​နည်း​ဟု မေး​လျှောက်​ကြ​သ​ဖြင့် ကိုယ်​တော်​က “ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် မျက်​မြင်​တွေ့​နိုင်​သော​အ​ရာ​အ​ဖြစ် ပေါ်​ထွန်း​မည်​မ​ဟုတ်။

21 ‘ကြည့်​လော့။ ဤ​အ​ရပ်​၌​ရှိ​သည်’ သို့​မ​ဟုတ် ‘ထို​အ​ရပ်​၌​ရှိ​သည်’​ဟူ​၍​လည်း မ​ပြော​နိုင်။ အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် သင်​တို့​၏​အ​ထဲ​၌​ရှိ​၏”​ဟု မိန့်​တော်​မူ​၏။

22 ထို့​နောက် တ​ပည့်​တော်​တို့​အား “သင်​တို့​သည် လူ့​သား​၏​နေ့​ရက်​များ​ထဲ​မှ တစ်​ရက်​ကို​ပင် အ​လွန်​တွေ့​မြင်​လို​သော်​လည်း မ​တွေ့​မြင်​ရ​သည့်​နေ့​ရက်​များ ရောက်​လာ​လိမ့်​မည်။

23 ထို​အ​ခါ လူ​တို့​က သင်​တို့​အား ‘ကြည့်​လော့။ ထို​အ​ရပ်​၌​ရှိ​၏’ သို့​မ​ဟုတ် ‘ကြည့်​လော့။ ဤ​အ​ရပ်​၌​ရှိ​၏’​ဟု ဆို​ကြ​လျှင်​လည်း လိုက်​မ​သွား​ကြ​နှင့်။

24 အ​ကြောင်း​မူ​ကား လျှပ်​စီး​သည် မိုး​ကောင်း​ကင်​တစ်​ဖက်​မှ မိုး​ကောင်း​ကင်​အ​ခြား​တစ်​ဖက်​သို့ လက်​၍ ထွန်း​လင်း​သ​ကဲ့​သို့ လူ့​သား​သည် မိ​မိ​နေ့​ရက်​၌ ထို​နည်း​တူ​ဖြစ်​လိမ့်​မည်။

25 သို့​သော် သူ​သည် ပ​ထ​မ​ဦး​စွာ ဒုက္ခ​ဝေ​ဒ​နာ​များ​စွာ​ခံ​စား​ရ​၍ ဤ​မျိုး​ဆက်​၏​ငြင်း​ပယ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

26 နော​ဧ​၏​နေ့​ရက်​များ​၌​ဖြစ်​သ​ကဲ့​သို့ လူ့​သား​၏​နေ့​ရက်​များ​၌​လည်း​ဖြစ်​လိမ့်​မည်။

27 နော​ဧ​သည် သင်္ဘော​ထဲ​သို့​ဝင်​သည့်​နေ့​တိုင်​အောင် လူ​တို့​သည် စား​သောက်​လျက်၊ ထိမ်း​မြား​စုံ​ဖက်​လျက်၊ ပေး​စား​ဆောင်​နှင်း​လျက်​နေ​၍ ရေ​လွှမ်း​မိုး​ခြင်း​ရောက်​လာ​ကာ သူ​တို့​အား​လုံး​ကို​ဖျက်​ဆီး​လေ​၏။

28 ထို​နည်း​တူ လော​တ​၏​နေ့​ရက်​များ​၌​လည်း လူ​တို့​သည် စား​သောက်​လျက်၊ ရောင်း​ဝယ်​လျက်၊ စိုက်​ပျိုး​တည်​ဆောက်​လျက်​နေ​ခဲ့​ကြ​၏။

29 သို့​သော် လော​တ​သည် သော​ဒုံ​မြို့​မှ ထွက်​ခွာ​သွား​သော​နေ့​၌​ပင် မိုး​ကောင်း​ကင်​မှ ကန့်​နှင့်​မီး​ရွာ​သွန်း​၍ သူ​တို့​အား​လုံး​ကို​ဖျက်​ဆီး​လေ​၏။

30 လူ့​သား​ပေါ်​ထွန်း​သော​နေ့​ရက်​၌​လည်း ထို​နည်း​တူ​ဖြစ်​လိမ့်​မည်။

31 ထို​နေ့​ရက်​၌ လေ​သာ​ဆောင်​ပေါ်​တွင်​ရှိ​သော​သူ​သည် အိမ်​ထဲ​၌ မိ​မိ​ဥစ္စာ​ပစ္စည်း​များ​ရှိ​လျှင် ၎င်း​တို့​ကို​ယူ​ရန် အောက်​သို့​မ​ဆင်း​စေ​နှင့်။ ထို​နည်း​တူ လယ်​၌​ရှိ​သော​သူ​သည်​လည်း နောက်​သို့​ပြန်​မ​လှည့်​စေ​နှင့်။

32 လော​တ​၏​ဇ​နီး​ကို​သ​တိ​ရ​ကြ​လော့။

33 မိ​မိ​အ​သက်​ကို​ထိန်း​သိမ်း​စောင့်​ရှောက်​ရန် ကြိုး​စား​သော​သူ​သည် အ​သက်​ကို​ဆုံး​ရှုံး​ရ​လိမ့်​မည်။ မိ​မိ​အ​သက်​ကို ဆုံး​ရှုံး​ရ​သော​သူ​မူ​ကား အ​သက်​ကို​ထိန်း​သိမ်း​စောင့်​ရှောက်​လိမ့်​မည်။

34 သင်​တို့​အား ငါ​ဆို​မည်။ ထို​ည​တွင် ခု​တင်​တစ်​ခု​ပေါ်​၌​ရှိ​သော လူ​နှစ်​ဦး​တို့​တွင် တစ်​ဦး​သည် ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​၍ အ​ခြား​တစ်​ဦး​သည် ကျန်​ရစ်​ရ​လိမ့်​မည်။

35 ကြိတ်​ဆုံ​အ​တူ​ကြိတ်​နေ​သော အ​မျိုး​သ​မီး​နှစ်​ဦး​တို့​တွင် တစ်​ဦး​သည် ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​၍ အ​ခြား​တစ်​ဦး​သည် ကျန်​ရစ်​ရ​လိမ့်​မည်။

36 [လယ်​၌​ရှိ​သော လူ​နှစ်​ဦး​တို့​တွင် တစ်​ဦး​သည် ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​၍ အ​ခြား​တစ်​ဦး​သည် ကျန်​ရစ်​ရ​လိမ့်​မည်]”​ဟု မိန့်​တော်​မူ​၏။

37 တ​ပည့်​တော်​တို့​က​လည်း “သ​ခင်၊ မည်​သည့်​အ​ရပ်​၌ ထို​သို့​ဖြစ်​မည်​နည်း”​ဟု မေး​လျှောက်​ကြ​သော် ကိုယ်​တော်​က “အ​သေ​ကောင်​ရှိ​ရာ​အ​ရပ်​၌ လင်း​တ​တို့​သည်​လည်း စု​ဝေး​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24