1 ထို့နောက် မကြာမီ ကိုယ်တော်သည် တစ်မြို့ပြီးတစ်မြို့၊ တစ်ရွာပြီးတစ်ရွာလှည့်လည်ကာ ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောတော်မူ၏။ တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့သည်လည်း ကိုယ်တော်နှင့်အတူလိုက်ကြ၏။
2 သူတို့အပြင်အနာရောဂါများနှင့် နတ်ဆိုးတို့ဘေးမှ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့သော အမျိုးသမီးအချို့ဖြစ်ကြသည့် နတ်ဆိုးခုနစ်ကောင်ထွက်သွားခဲ့သော မာဂဒလမြို့သူဟုခေါ်သည့်မာရိ၊
3 နယ်စားဟေရုဒ်၏အိမ်မှုကိစ္စစီမံကွပ်ကဲသူ ခုဇ၏ဇနီး ယောဟန္နမှစ၍ ရှုရှန္နအပါအဝင် အခြားအမျိုးသမီးအမြောက်အမြားရှိကြ၏။ ဤအမျိုးသမီးတို့သည် မိမိတို့၏ဥစ္စာပစ္စည်းများဖြင့် ကိုယ်တော်နှင့်တပည့်တော်တို့ကို လုပ်ကျွေးပြုစုကြ၏။
4 များစွာသောလူထုပရိသတ်တို့သည် စုရုံးလာကြ၍ မြို့ရွာအရပ်ရပ်မှလူတို့သည်လည်း အထံတော်သို့ရောက်လာကြသဖြင့် ကိုယ်တော်သည် ပုံဥပမာကိုဆောင်လျက် မြွက်ဆိုတော်မူသည်မှာ
5 “မျိုးကြဲသောသူသည် မိမိမျိုးစေ့များကိုကြဲရန် ထွက်သွားလေ၏။ ထိုသူမျိုးကြဲစဉ်တွင် အချို့သောမျိုးစေ့သည် လမ်းဘေးတွင်ကျသဖြင့် နင်းခြေခြင်းခံရ၍ မိုးကောင်းကင်ငှက်တို့သည် ၎င်းကို ကောက်စားကြ၏။
6 အချို့မူကား ကျောက်ပေါ်၌ကျသဖြင့် အပင်ပေါက်လာသော်လည်း အစိုဓာတ်မရသောကြောင့် ညှိုးနွမ်းခြောက်သွေ့သွားလေ၏။
7 အချို့မူကား ဆူးပင်တို့အလယ်တွင်ကျသဖြင့် အတူပေါက်လာသည့်ဆူးပင်တို့သည် ၎င်းကို ကာဆီးပိတ်ဆို့ကြ၏။
8 အချို့မူကား ကောင်းသောမြေ၌ကျသဖြင့် အပင်ပေါက်၍ အဆတစ်ရာ အသီးဖြစ်ထွန်းလေ၏”ဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူပြီးနောက် “ကြားစရာနားရှိသောသူသည် ကြားပါစေ”ဟု ကြွေးကြော်တော်မူ၏။
9 တပည့်တော်တို့က ဤပုံဥပမာသည် မည်သည့်အရာကိုဆိုလိုကြောင်း ကိုယ်တော်အားမေးလျှောက်ကြ၏။
10 ကိုယ်တော်ကလည်း “သင်တို့အား ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအရာများကို သိခွင့်ပေးထား၏။ အခြားသောသူတို့မူကား မြင်လျက်ပင် မမြင်စေရန်နှင့် ကြားလျက်ပင် နားမလည်စေရန် သူတို့အား ပုံဥပမာများဖြင့်ဟောပြောရ၏။
11 ပုံဥပမာ၏အဓိပ္ပာယ်ကား ဤသို့ဖြစ်၏။ မျိုးစေ့သည် ဘုရားသခင်၏တရားစကားဖြစ်၏။
12 လမ်းဘေးတွင်ကျသည်ဆိုသည်မှာ ဤသို့သောသူတို့ကိုဆိုလို၏။ တရားစကားကိုသူတို့ကြားသော်လည်း ယုံကြည်၍ကယ်တင်ခြင်းမခံရစေရန် မာရ်နတ်သည်လာ၍ တရားစကားကို သူတို့စိတ်နှလုံးထဲမှနုတ်ယူလေ၏။
13 ကျောက်ပေါ်၌ကျသည်ဆိုသည်မှာ တရားစကားကိုကြား၍ ဝမ်းမြောက်စွာဖြင့်လက်ခံသောသူတို့ကိုဆိုလို၏။ သို့သော် သူတို့၌အမြစ်မစွဲသဖြင့် ခေတ္တခဏသာယုံကြည်၍ စုံစမ်းနှောင့်ယှက်ခြင်းအချိန်၌ ဖောက်ပြန်သွားကြ၏။
14 ဆူးပင်တို့တွင်ကျသည်ဆိုသည်မှာ တရားစကားကိုကြားသော်လည်း သွားလာနေထိုင်စဉ် ဘဝအသက်တာနှင့်ဆိုင်သောစိုးရိမ်ပူပန်ခြင်း၊ စည်းစိမ်ကြွယ်ဝခြင်းနှင့် ကာမဂုဏ်ခံစားခြင်းတို့ဖြင့် ကာဆီးပိတ်ဆို့ခံရသဖြင့် အသီးမအောင်သောသူတို့ကိုဆိုလို၏။
15 ကောင်းသောမြေ၌ကျသည်ဆိုသည်မှာ ကြည်လင်ကောင်းမြတ်သောစိတ်နှလုံးဖြင့် တရားစကားကိုကြား၍ ၎င်းကိုစွဲကိုင်ထားကာ သည်းခံသောအားဖြင့် အသီးသီးသောသူတို့ကိုဆိုလို၏။
16 ဆီမီးကိုထွန်း၍ အိုးဖြင့်ဖုံးအုပ်သောသူ သို့မဟုတ် ခုတင်အောက်တွင်ထားသောသူ မရှိ။ ဝင်လာသောသူတို့သည် အလင်းကိုမြင်စေရန် ဆီမီးခုံပေါ်၌သာ ထားတတ်ကြ၏။
17 အကြောင်းမူကား ကွယ်ဝှက်ထားသောအရာများတွင် မထင်ရှားလာမည့်အရာဟူ၍မရှိ။ ဖုံးကွယ်ထားသောအရာများတွင်လည်း ဖော်ပြခံရခြင်း သို့မဟုတ် သိသာထင်ရှားလာခြင်းမရှိဘဲနေမည့်အရာဟူ၍မရှိ။
18 သို့ဖြစ်၍ သင်တို့မည်ကဲ့သို့ကြားရသည်ကို သတိပြုကြလော့။ အကြောင်းမှာ ရှိသောသူအား ထပ်၍ပေးဦးမည်။ မရှိသောသူမူကား သူ၌ရှိသည်ဟု ထင်ရသောအရာပင် သူ့ထံမှ သိမ်းယူခြင်းခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
19 ထိုအခါ ကိုယ်တော်၏မယ်တော်နှင့်ညီတော်တို့သည် အထံတော်သို့လာကြ၏။ သို့သော် လူအစုအဝေးတို့ကြောင့် ကိုယ်တော်အနားသို့မရောက်နိုင်ကြသဖြင့်
20 လူတို့က “ကိုယ်တော်၏မယ်တော်နှင့်ညီတော်တို့သည် ကိုယ်တော်ကိုတွေ့လို၍ အပြင်၌ရပ်နေကြပါသည်”ဟု လျှောက်ကြ၏။
21 သို့သော် ကိုယ်တော်က “ဘုရားသခင်၏နှုတ်ကပတ်တရားကိုကြား၍ ကျင့်သုံးသောသူတို့သည် ငါ့အမိနှင့် ငါ့ညီများဖြစ်ကြ၏”ဟု မိန့်တော်မူ၏။
22 တစ်နေ့သ၌ ကိုယ်တော်သည် တပည့်တော်တို့နှင့်အတူ လှေပေါ်သို့တက်ပြီးလျှင် “အိုင်တစ်ဖက်ကမ်းသို့ကူးကြစို့”ဟု မိန့်တော်မူသဖြင့် သူတို့သည် ရွက်လွှင့်သွားကြ၏။
23 သူတို့ရွက်လွှင့်နေစဉ် ကိုယ်တော်သည် အိပ်စက်တော်မူ၏။ ထိုအခါ အိုင်ပေါ်တွင် လေမုန်တိုင်းကျလာသဖြင့် လှေသည် ရေနှင့်ပြည့်လုနီးပါးဖြစ်၍ သူတို့သည် အန္တရာယ်နှင့်ရင်ဆိုင်ရကြ၏။
24 တပည့်တော်တို့သည်ချဉ်းကပ်၍ ကိုယ်တော်ကိုနှိုးလျက် “သခင်၊ သခင်၊ အကျွန်ုပ်တို့သေရပါတော့မည်”ဟု လျှောက်ကြ၏။ ကိုယ်တော်သည်ထ၍ လေနှင့်လှိုင်းတံပိုးတို့ကိုဆုံးမတော်မူရာ ၎င်းတို့သည်ရပ်တန့်ကြပြီး ငြိမ်သက်သာယာသွားလေ၏။
25 ထို့နောက် ကိုယ်တော်က “သင်တို့၏ယုံကြည်ခြင်းအဘယ်မှာရှိသနည်း”ဟု မေးတော်မူ၏။ တပည့်တော်တို့သည်ကြောက်ရွံ့အံ့သြလျက် “ဤသူကား မည်သူဖြစ်သနည်း။ လေနှင့်ရေတို့ကိုပင် အမိန့်ပေးသောအခါ ၎င်းတို့သည် သူ့ကိုနာခံကြပါသည်တကား”ဟု အချင်းချင်းပြောဆိုကြ၏။
26 ထို့နောက် သူတို့သည် ဂါလိလဲနယ်တစ်ဖက်ကမ်းရှိ ဂါရစနယ်သို့ ဆက်၍ရွက်လွှင့်ကြ၏။
27 ကိုယ်တော်သည် ကမ်းပေါ်သို့တက်တော်မူသောအခါ နတ်ဆိုးများပူးသဖြင့် ကာလအတန်ကြာ အဝတ်မဝတ်၊ အိမ်၌လည်းမနေဘဲ သင်္ချိုင်း၌နေတတ်သော ထိုမြို့မှလူတစ်ဦးသည် ကိုယ်တော်ကိုဆီးကြိုလေ၏။
28 သူသည် ယေရှုကိုမြင်လျှင် အော်ဟစ်လျက် ရှေ့တော်၌ပျပ်ဝပ်ကာ “အမြင့်ဆုံးသောဘုရားသခင်၏သားတော်ယေရှု၊ ကိုယ်တော်နှင့်အကျွန်ုပ် မည်သို့ဆိုင်သနည်း။ အကျွန်ုပ်ကိုမညှဉ်းဆဲပါရန် ကိုယ်တော်ကို အကျွန်ုပ်တောင်းပန်ပါ၏”ဟု ကျယ်လောင်သောအသံဖြင့် လျှောက်ထားလေ၏။
29 ထိုသို့လျှောက်ထားခြင်းမှာ ကိုယ်တော်သည် ညစ်ညူးသောနတ်အား ထိုသူအထဲမှထွက်သွားရန် အမိန့်ပေးတော်မူသောကြောင့်ဖြစ်၏။ ထိုနတ်သည် သူ့ကိုကြိမ်ဖန်များစွာပူးဝင်သဖြင့် သူ့ကို သံကြိုးနှင့်ခြေချင်းတို့ဖြင့် ချုည်နှောင်ဖမ်းချုပ်လျက် စောင့်ကြပ်ထားသော်လည်း သူသည် ထိုအရာများကိုချိုးဖြတ်ကာ တောကန္တာရသို့ နတ်ဆိုး၏နှင်ခြင်းကိုခံရ၏။
30 ယေရှုကလည်း ထိုသူအား “သင့်နာမည် မည်သို့ခေါ်သနည်း”ဟု မေးတော်မူရာ သူ့အထဲ၌ နတ်ဆိုးများစွာပူးဝင်နေသောကြောင့် ထိုသူက “လေဂေါင်ဖြစ်ပါသည်”ဟု ပြန်လျှောက်လေ၏။
31 တစ်ဖန် နတ်ဆိုးတို့က မိမိတို့ကို အတိုင်းမသိနက်ရှိုင်းရာထဲသို့သွားရန် အမိန့်မပေးပါမည့်အကြောင်း ကိုယ်တော်အားတောင်းပန်ကြ၏။
32 ထိုအရပ်၌ ဝက်အုပ်ကြီးတစ်အုပ်သည် တောင်ကုန်းပေါ်တွင် ကျက်စားလျက်ရှိ၏။ နတ်ဆိုးတို့သည် ထိုဝက်များထဲသို့ဝင်ခွင့်ပြုပါမည့်အကြောင်း ကိုယ်တော်အားတောင်းပန်ကြသဖြင့် ကိုယ်တော်သည် ခွင့်ပြုတော်မူ၏။
33 ထိုအခါ နတ်ဆိုးတို့သည် ထိုလူထဲမှထွက်သွား၍ ဝက်များထဲသို့ဝင်ကြရာ ဝက်အုပ်သည် တောင်ကမ်းပါးအတိုင်း အိုင်ထဲသို့ တစ်ဟုန်ထိုးပြေးဆင်းကာ ရေနစ်သေဆုံးကြကုန်၏။
34 ဝက်ထိန်းကျောင်းသောသူတို့သည် ဖြစ်ပျက်ခဲ့သောအရာကိုမြင်ကြသောအခါ ထွက်ပြေး၍ မြို့နှင့်တောရွာများတွင် ပြောကြားကြလေ၏။
35 လူတို့သည် ဖြစ်ပျက်ခဲ့သောအရာကိုကြည့်ရှုရန် ထွက်လာ၍ ယေရှုထံသို့ရောက်လာကြသောအခါ နတ်ဆိုးများထွက်သွားသောသူသည် အဝတ်ဝတ်ထားကာ ယေရှု၏ခြေတော်ရင်း၌ ပကတိစိတ်ရှိလျက် ထိုင်နေသည်ကိုတွေ့မြင်လျှင် ကြောက်ရွံ့ကြ၏။
36 မျက်မြင်တွေ့ရှိခဲ့သူများကလည်း နတ်ဆိုးပူးသူ မည်ကဲ့သို့အကောင်းပကတိဖြစ်ခဲ့သည်ကို ထိုသူတို့အား ပြောပြကြ၏။
37 ထိုအခါ ဂါရစနယ်သူနယ်သားအပေါင်းတို့သည် အလွန်ကြောက်ရွံ့သဖြင့် သူတို့ထံမှထွက်သွားတော်မူရန် ကိုယ်တော်အားတောင်းပန်ကြ၏။ ကိုယ်တော်သည်လည်း လှေပေါ်သို့တက်၍ ပြန်သွားတော်မူ၏။
38 နတ်ဆိုးများထွက်သွားသောသူက ကိုယ်တော်နှင့်အတူလိုက်ပါခွင့်ပြုပါမည့်အကြောင်း ကိုယ်တော်ကိုတောင်းပန်လေ၏။ သို့သော် ကိုယ်တော်က
39 “သင့်အိမ်သို့ပြန်၍ သင့်အပေါ် ဘုရားသခင်ပြုတော်မူသမျှတို့ကို ပြောကြားလော့”ဟု မိန့်တော်မူပြီး သူ့ကိုပြန်သွားစေ၏။ ထိုအခါ သူသည်ထွက်သွား၍ မိမိအပေါ် ယေရှုပြုတော်မူသမျှတို့ကို တစ်မြို့လုံးအနှံ့ပြောကြားလေ၏။
40 ယေရှုပြန်ကြွလာသောအခါ လူထုပရိသတ်တို့သည် ကိုယ်တော်ကိုကြိုဆိုကြ၏။ အကြောင်းမူကား သူတို့အားလုံးသည် ကိုယ်တော်ကိုစောင့်မျှော်နေကြ၏။
41 ထိုအခါ ယာဣရုအမည်ရှိသောလူတစ်ဦးသည် အထံတော်သို့ရောက်လာ၏။ ထိုသူသည် ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံဖြစ်၏။ သူသည် ယေရှု၏ခြေတော်ရင်း၌ပျပ်ဝပ်ကာ မိမိအိမ်သို့ကြွတော်မူရန် တောင်းပန်၏။
42 အကြောင်းမူကား တစ်ဆယ့်နှစ်နှစ်အရွယ်ခန့်ရှိသော သူ၏တစ်ဦးတည်းသောသမီးသည် သေအံ့ဆဲဆဲဖြစ်နေ၏။ ကိုယ်တော်ကြွတော်မူစဉ် လူထုပရိသတ်သည် ကိုယ်တော်ထံစုပြုံတိုးဝှေ့ကြ၏။
43 ထိုအခါ တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲကပ်၍ ဆေးဆရာများထံ မိမိပိုင်ဆိုင်သောဥစ္စာပစ္စည်းရှိသမျှတို့ကို အကုန်သုံးစွဲခဲ့သော်လည်း မည်သူကမျှ ကျန်းမာအောင် မကုပေးနိုင်သောအမျိုးသမီးတစ်ဦးသည်
44 ကိုယ်တော်၏နောက်တော်သို့ချဉ်းကပ်လျက် ဝတ်ရုံတော်၏ပန်းဖွားကိုတို့ထိလေ၏။ ထိုခဏချင်းတွင် သူခံစားရသောသွေးသွန်ခြင်းသည် ရပ်သွားလေ၏။
45 ထိုအခါ ယေရှုက “ငါ့ကို မည်သူတို့ထိသနည်း”ဟု မေးတော်မူလျှင် အားလုံးကငြင်းဆိုကြ၏။ ပေတရုက “သခင်၊ လူထုပရိသတ်သည် ကိုယ်တော်ကိုဝိုင်းရံလျက် တိုးဝှေ့နေကြပါသည်”ဟု လျှောက်လေ၏။
46 သို့သော် ယေရှုက “တစ်စုံတစ်ယောက်သည် ငါ့ကိုတို့ထိ၏။ အဘယ်ကြောင့်ဆိုသော် ငါ့ထံမှတန်ခိုးထွက်သည်ကို ငါသိ၏”ဟု မိန့်တော်မူ၏။
47 ထိုအမျိုးသမီးသည် ဖုံးကွယ်ထား၍မရကြောင်းသိသောအခါ တုန်လှုပ်လျက်ရှေ့တော်သို့လာ၍ ပျပ်ဝပ်ကာ ကိုယ်တော်ကိုတို့ထိရသည့်အကြောင်းကိုလည်းကောင်း၊ အနာရောဂါချက်ချင်းပျောက်ကင်းခဲ့ပုံကိုလည်းကောင်း လူအပေါင်းတို့ရှေ့တွင် ပြောပြလေ၏။
48 ကိုယ်တော်ကလည်း “သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ။ ငြိမ်းချမ်းစွာသွားလော့”ဟု သူ့အား မိန့်တော်မူ၏။
49 ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ် ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံအိမ်မှ လူတစ်ဦးသည်ရောက်လာ၍ “သင်၏သမီးသေဆုံးသွားပါပြီ။ ဆရာ့ကို ဆက်၍မနှောင့်ယှက်ပါနှင့်”ဟု ပြောလေ၏။
50 ယေရှုသည်ကြားလျှင် “မစိုးရိမ်နှင့်။ ယုံကြည်ခြင်းသာရှိလော့။ သို့ပြုလျှင် သူငယ်မသည် အကောင်းပကတိဖြစ်လိမ့်မည်”ဟု ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံအား မိန့်တော်မူ၏။
51 ထို့နောက် အိမ်သို့ရောက်သောအခါ ကိုယ်တော်သည် ပေတရု၊ ယာကုပ်၊ ယောဟန်နှင့် သူငယ်မ၏မိခင်ဖခင်တို့မှတစ်ပါး မည်သူ့ကိုမျှ မိမိနှင့်အတူ အိမ်ထဲသို့ဝင်ခွင့်ပြုတော်မမူ။
52 လူအပေါင်းတို့သည် သူငယ်မအတွက် ရင်ဘတ်စည်တီးလျက်ငိုကြွေးနေကြ၏။ ကိုယ်တော်ကလည်း “မငိုကြွေးကြနှင့်။ သူငယ်မသည် သေသည်မဟုတ်။ အိပ်ပျော်နေခြင်းသာဖြစ်၏”ဟု မိန့်တော်မူရာ
53 သူတို့သည် သူငယ်မ သေဆုံးပြီဖြစ်ကြောင်း သိကြသည်ဖြစ်၍ ကိုယ်တော်ကိုလှောင်ပြောင်ရယ်မောကြ၏။
54 သို့သော် ကိုယ်တော်သည် သူငယ်မ၏လက်ကိုကိုင်လျက် “သူငယ်မ၊ ထလော့”ဟု ခေါ်တော်မူလျှင်
55 သူငယ်မ၏ဝိညာဉ်သည်ပြန်ဝင်လာသဖြင့် သူသည် ချက်ချင်းထလေ၏။ ကိုယ်တော်သည်လည်း သူ့အား စားစရာပေးရန် အမိန့်ပေးတော်မူ၏။
56 ထိုအခါ မိဘတို့သည် အံ့သြငေးမောကြ၏။ သို့ရာတွင် ကိုယ်တော်သည် ဤအဖြစ်အပျက်ကို မည်သူ့ကိုမျှမပြောရန် သူတို့အား မိန့်မှာတော်မူ၏။