ရှင်​မာ​ကု​ခ​ရစ်​ဝင် 10 MSB

ကွာ​ရှင်း​ခြင်း​နှင့်​ဆိုင်​သည့်​သွန်​သင်​ချက်

1 ထို့​နောက် ကိုယ်​တော်​သည် ထို​အ​ရပ်​မှ​ထ​၍ ယု​ဒ​နယ်​ဆိုင်​ရာ​အ​ရပ်​ဒေ​သ​နှင့် ဂျော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း​သို့​ကြွ​တော်​မူ​ရာ လူ​ထု​ပ​ရိ​သတ်​တို့​သည် အ​ထံ​တော်​သို့ တစ်​ဖန်​စု​ဝေး​လာ​ကြ​၏။ ကိုယ်​တော်​သည်​လည်း ပြု​လေ့​ရှိ​သည့်​အ​တိုင်း သူ​တို့​ကို​သွန်​သင်​တော်​မူ​၏။

2 ထို​အ​ခါ ဖာ​ရိ​ရှဲ​အ​ချို့​တို့​သည် ကိုယ်​တော်​ကို​စမ်း​သပ်​လို​သ​ဖြင့် ချဉ်း​ကပ်​လာ​၍ “လင်​ယောက်ျား​သည် မိ​မိ​မ​ယား​ကို​ကွာ​ရှင်း​ခြင်း​မှာ တ​ရား​တော်​နှင့်​ညီ​သ​လော”​ဟု မေး​လျှောက်​ကြ​၏။

3 ကိုယ်​တော်​က​လည်း “မော​ရှေ​သည် သင်​တို့​ကို မည်​ကဲ့​သို့​ပ​ညတ်​ထား​သ​နည်း”​ဟု ပြန်​၍​မိန့်​တော်​မူ​လျှင်

4 သူ​တို့​က “ဖြတ်​စာ​ကို​ရေး​၍ ကွာ​ရှင်း​ရန် မော​ရှေ​က ခွင့်​ပြု​ထား​ပါ​သည်”​ဟု ပြန်​လျှောက်​ကြ​၏။

5 ယေ​ရှု​က​လည်း “သင်​တို့​၏​စိတ်​နှ​လုံး​မာ​ကျော​သော​ကြောင့် သူ​သည် ဤ​ပ​ညတ်​ချက်​ကို သင်​တို့​အ​တွက်​ရေး​ခဲ့​ခြင်း​ဖြစ်​၏။

6 သို့​သော် ဖန်​ဆင်း​ခြင်း​၏​အ​စ​အ​ဦး​က​ပင် ဘု​ရား​သ​ခင်​သည် သူ​တို့​ကို ယောက်ျား​နှင့်​မိန်း​မ​အ​ဖြစ် ဖန်​ဆင်း​တော်​မူ​၏။

7 ထို​အ​ကြောင်း​ကြောင့် ယောက်ျား​သည် မိ​မိ​၏​မိ​ခင်​နှင့်​ဖ​ခင်​တို့​ကို​စွန့်​ခွာ​၍ မိ​မိ​မ​ယား​နှင့်​ပေါင်း​ဖက်​သ​ဖြင့်

8 ထို​သူ​နှစ်​ဦး​တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း​ဖြစ်​ကြ​လိမ့်​မည်။ သို့​ဖြစ်​၍ သူ​တို့​သည် နှစ်​ဦး​မ​ဟုတ်​တော့​ဘဲ တစ်​သား​တစ်​ကိုယ်​တည်း​ဖြစ်​ကြ​၏။

9 ထို့​ကြောင့် ဘု​ရား​သ​ခင်​တွဲ​ဖက်​၍ ထမ်း​ပိုး​တင်​တော်​မူ​သော​အ​ရာ​ကို လူ​က မ​ကွဲ​ကွာ​စေ​နှင့်”​ဟု မိန့်​တော်​မူ​၏။

10 တ​ပည့်​တော်​တို့​သည် အိမ်​ထဲ​၌​ရှိ​စဉ် ဤ​အ​ကြောင်း​အ​ရာ​ကို ကိုယ်​တော်​အား ထပ်​မံ​မေး​လျှောက်​ကြ​၏။

11 ကိုယ်​တော်​က​လည်း “မိ​မိ​မ​ယား​ကို​ကွာ​ရှင်း​၍ အ​ခြား​မိန်း​မ​နှင့်​ထိမ်း​မြား​စုံ​ဖက်​သော​သူ​သည် ထို​မိန်း​မ​နှင့်​အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို​ကျူး​လွန်​၏။

12 မ​ယား​သည်​လည်း မိ​မိ​၏​ခင်​ပွန်း​နှင့်​ကွာ​ရှင်း​၍ အ​ခြား​ယောက်ျား​နှင့်​ထိမ်း​မြား​စုံ​ဖက်​လျှင် အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို​ကျူး​လွန်​၏”​ဟု မိန့်​တော်​မူ​၏။

က​လေး​သူ​ငယ်​များ​ကို​ကောင်း​ချီး​ပေး​ခြင်း

13 ထို​အ​ခါ ကိုယ်​တော်​တို့​ထိ​ပေး​တော်​မူ​ရန် လူ​တို့​သည် က​လေး​သူ​ငယ်​များ​ကို အ​ထံ​တော်​သို့​ခေါ်​ဆောင်​လာ​ကြ​၏။ သို့​သော် တ​ပည့်​တော်​တို့​သည် သူ​တို့​ကို​ဆူ​ငေါက်​ကြ​၏။

14 ယေ​ရှု​သည် ထို​အ​ခြင်း​အ​ရာ​ကို​မြင်​လျှင် အ​မျက်​တော်​ထွက်​၍ “က​လေး​သူ​ငယ်​တို့​ငါ့​ထံ​သို့​လာ​ကြ​ပါ​လေ​စေ။ သူ​တို့​ကို​မ​တား​ဆီး​ကြ​နှင့်။ အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် ထို​သို့​သော​သူ​တို့​၏​နိုင်​ငံ​ဖြစ်​၏။

15 သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို သူ​ငယ်​တစ်​ဦး​ကဲ့​သို့​လက်​မ​ခံ​သော​သူ​သည် ထို​နိုင်​ငံ​တော်​သို့ မည်​သည့်​အ​ခါ​မျှ ဝင်​ရ​လိမ့်​မည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​၏။

16 ထို့​နောက် ကိုယ်​တော်​သည် က​လေး​သူ​ငယ်​တို့​ကို​ပွေ့​ချီ​၍ သူ​တို့​အ​ပေါ်​၌ လက်​တော်​တင်​လျက် ကောင်း​ချီး​ပေး​တော်​မူ​၏။

ချမ်း​သာ​သော​လူ​ငယ်

17 ကိုယ်​တော်​သည် လမ်း​၌​ကြွ​တော်​မူ​စဉ် လူ​တစ်​ဦး​သည် ပြေး​လာ​၍ ရှေ့​တော်​၌​ဒူး​ထောက်​ကာ “ကောင်း​မြတ်​သော​ဆ​ရာ၊ ထာ​ဝ​ရ​အ​သက်​ကို​အ​မွေ​ဆက်​ခံ​ရန် အ​ကျွန်ုပ်​သည် မည်​သည့်​အ​ရာ​ကို​ပြု​ရ​ပါ​မည်​နည်း”​ဟု မေး​လျှောက်​လေ​၏။

18 ယေ​ရှု​က​လည်း “ငါ့​ကို​ကောင်း​မြတ်​သော​သူ​ဟု အ​ဘယ်​ကြောင့်​ခေါ်​သ​နည်း။ ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​မှ​လွဲ​၍ ကောင်း​မြတ်​သော​သူ​တစ်​စုံ​တစ်​ဦး​မျှ​မ​ရှိ။

19 ‘လူ​မ​သတ်​ရ၊ အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို​မ​ကျူး​လွန်​ရ၊ မ​ခိုး​ယူ​ရ၊ မ​မှန်​သော​သက်​သေ​ထွက်​ဆို​ခြင်း​မ​ပြု​ရ၊ လိမ်​ညာ​လု​ယူ​ခြင်း​မ​ပြု​ရ၊ သင်​၏​မိ​ခင်​နှင့်​ဖ​ခင်​တို့​ကို​ရို​သေ​လော့’​ဟူ​သော​ပ​ညတ်​တော်​တို့​ကို သင်​သိ​၏”​ဟု မိန့်​တော်​မူ​၏။

20 ထို​သူ​က​လည်း “ဆ​ရာ၊ အ​ကျွန်ုပ်​သည် ဤ​အ​ရာ​အား​လုံး​ကို ငယ်​စဉ်​က​တည်း​က စောင့်​ထိန်း​ပါ​ပြီ”​ဟု လျှောက်​လေ​၏။

21 ယေ​ရှု​သည် ထို​သူ​ကို​စူး​စိုက်​ကြည့်​လျက် သူ့​အ​ပေါ်​မေတ္တာ​ထား​၍ “သင်​၌​တစ်​ခု​လို​သေး​၏။ သင်​၌​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို သွား​၍​ရောင်း​ပြီး​လျှင် ဆင်း​ရဲ​သား​တို့​အား​ပေး​ကမ်း​လော့။ ထို​သို့​ပြု​လျှင် သင်​သည်​ကောင်း​ကင်​ဘုံ​၌ ဥစ္စာ​ဘဏ္ဍာ​ကို​ရ​လိမ့်​မည်။ ထို့​နောက် လာ​၍ ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်​မူ​၏။

22 ထို​သူ​သည် ဥစ္စာ​ပစ္စည်း​ကြွယ်​ဝ​သူ​ဖြစ်​သော​ကြောင့် ထို​စ​ကား​ကို​ကြား​လျှင် မျက်​နှာ​ညှိုး​ငယ်​၍ ဝမ်း​နည်း​လျက်​ထွက်​သွား​လေ​၏။

ချမ်း​သာ​သော​သူ​နှင့်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်

23 ထို​အ​ခါ ယေ​ရှု​သည် ပတ်​ပတ်​လည်​သို့​ကြည့်​ရှု​လျက် “ငွေ​ကြေး​ချမ်း​သာ​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဝင်​ရန် ခဲ​ယဉ်း​လှ​သည်​တ​ကား”​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။

24 တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​၏​စ​ကား​ကို​အံ့​အား​သင့်​ကြ​၏။ သို့​သော် ယေ​ရှု​က “ချစ်​သား​တို့၊ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဝင်​ရန် ခဲ​ယဉ်း​လှ​သည်​တ​ကား။

25 ချမ်း​သာ​သော​သူ​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဝင်​ရန်​ထက် ကု​လား​အုပ်​သည် အပ်​န​ဖား​ပေါက်​မှ​လျှို​ဝင်​ရန် ပို​၍​လွယ်​ကူ​၏”​ဟု ထပ်​မံ​၍​မိန့်​တော်​မူ​၏။

26 ထို​အ​ခါ တ​ပည့်​တော်​တို့​သည် ပို​၍​ပင်​အံ့​အား​သင့်​လျက် “သို့​ဖြစ်​လျှင် မည်​သူ​သည် ကယ်​တင်​ခြင်း​ခံ​ရ​နိုင်​ပါ​မည်​နည်း”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

27 ယေ​ရှု​သည် သူ​တို့​ကို​စူး​စိုက်​ကြည့်​လျက် “ဤ​အ​ရာ​သည် လူ​တို့​အ​တွက်​မ​ဖြစ်​နိုင်​သော်​လည်း ဘု​ရား​သ​ခင်​အ​တွက်​မူ​ကား ထို​သို့​မ​ဟုတ်။ အ​ကြောင်း​မှာ ဘု​ရား​သ​ခင်​အ​တွက် အ​ရာ​ခပ်​သိမ်း​သည်​ဖြစ်​နိုင်​၏”​ဟု မိန့်​တော်​မူ​၏။

28 ထို​အ​ခါ ပေ​တ​ရု​က “အ​ကျွန်ုပ်​တို့​သည် ရှိ​သ​မျှ​ကို​စွန့်​၍ ကိုယ်​တော်​၏​နောက်​သို့​လိုက်​ခဲ့​ကြ​ပါ​ပြီ”​ဟု လျှောက်​လေ​၏။

29 ယေ​ရှု​က “သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ မည်​သူ​မ​ဆို ငါ့​အ​တွက်​နှင့် ကောင်း​မြတ်​သော​သ​တင်း​အ​တွက် အိမ်​ကို​ဖြစ်​စေ၊ ညီ​အစ်​ကို​မောင်​နှ​မ​များ​ကို​ဖြစ်​စေ၊ အ​မိ​ကို​ဖြစ်​စေ၊ အ​ဖ​ကို​ဖြစ်​စေ၊ သား​သ​မီး​များ​ကို​ဖြစ်​စေ၊ မြေ​ယာ​များ​ကို​ဖြစ်​စေ စွန့်​လျှင်

30 ထို​သူ​သည် ယ​ခု​ဘ​ဝ​၌ အ​ဆ​တစ်​ရာ​သော​အ​ကျိုး​တည်း​ဟူ​သော အိမ်​များ၊ မြေ​ယာ​များ၊ ညီ​အစ်​ကို​မောင်​နှ​မ​များ၊ အ​မိ​များ၊ သား​သ​မီး​များ​ကို ညှဉ်း​ဆဲ​ခြင်း​များ​နှင့်​တ​ကွ​ခံ​စား​ရ​လျက် နောင်​ဘ​ဝ​၌ ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​လိမ့်​မည်။

31 သို့​သော် အ​ဦး​ဆုံး​သော​သူ​များ​စွာ​တို့​သည် နောက်​ဆုံး​ဖြစ်​ကြ​ပြီး နောက်​ဆုံး​သော​သူ​များ​စွာ​တို့​သည် အ​ဦး​ဆုံး​ဖြစ်​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

မိ​မိ​အ​သေ​ခံ​မည့်​အ​ကြောင်း တ​တိ​ယ​အ​ကြိမ် ကြို​တင်​မိန့်​တော်​မူ​ခြင်း

32 သူ​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့​တက်​သွား​ကြ​စဉ် လမ်း​၌ ယေ​ရှု​သည် သူ​တို့​ရှေ့​မှ​ကြွ​တော်​မူ​သ​ဖြင့် တ​ပည့်​တော်​တို့​သည်​အံ့​အား​သင့်​ကြ​၏။ နောက်​တော်​သို့​လိုက်​သော​သူ​တို့​သည်​လည်း ကြောက်​ရွံ့​ကြ​၏။ ထို​အ​ခါ ကိုယ်​တော်​သည် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​ကို တစ်​ဖန်​ခေါ်​လျက် မိ​မိ​၌​ဖြစ်​ပျက်​လာ​တော့​မည့်​အ​ရာ​များ​ကို သူ​တို့​အား မြွက်​ဆို​တော်​မူ​၍

33 “နား​ထောင်​ကြ​လော့။ ငါ​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့​သွား​နေ​ကြ​၏။ လူ့​သား​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​ထံ အပ်​နှံ​ခြင်း​ခံ​ရ​လိမ့်​မည်။ သူ​တို့​သည် သူ့​ကို​သေ​ဒဏ်​စီ​ရင်​၍ လူ​မျိုး​ခြား​တို့​ထံ အပ်​နှံ​ကြ​လိမ့်​မည်။

34 လူ​မျိုး​ခြား​တို့​သည် သူ့​ကို​ပြောင်​လှောင်​၍ တံ​တွေး​နှင့်​ထွေး​ပြီး ဒဏ်​ခတ်​ရိုက်​နှက်​ကာ​အ​သေ​သတ်​ကြ​လိမ့်​မည်။ သို့​သော် သုံး​ရက်​ကြာ​သော​အ​ခါ သူ​သည်​ထ​မြောက်​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​၏​တောင်း​ဆို​မှု

35 ထို​အ​ခါ ဇေ​ဗေ​ဒဲ​၏​သား​များ​ဖြစ်​ကြ​သော ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​လာ​၍ “ဆ​ရာ၊ အ​ကျွန်ုပ်​တို့​တောင်း​သ​မျှ​တို့​ကို အ​ကျွန်ုပ်​တို့​အ​တွက် ပြု​ပေး​စေ​လို​ပါ​၏”​ဟု ကိုယ်​တော်​အား​လျှောက်​ထား​ကြ​၏။

36 ကိုယ်​တော်​က​လည်း “သင်​တို့​အ​တွက် မည်​သည့်​အ​ရာ​ကို ပြု​စေ​လို​ကြ​သ​နည်း”​ဟု မေး​တော်​မူ​လျှင်

37 သူ​တို့​က “အ​ကျွန်ုပ်​တို့​ကို ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​၌ လက်​ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက်​တွင်​တစ်​ယောက် ထိုင်​ခွင့်​ပြု​တော်​မူ​ပါ”​ဟု လျှောက်​ကြ​၏။

38 သို့​သော် ယေ​ရှု​က “သင်​တို့​သည် မည်​သည့်​အ​ရာ​တောင်း​နေ​သည်​ကို သင်​တို့​မ​သိ​ကြ။ ငါ​သောက်​မည့်​ခွက်​ကို​သောက်​ရန် သို့​မ​ဟုတ် ငါ​ခံ​မည့်​ဗတ္တိ​ဇံ​ကို​ခံ​ရန် သင်​တို့​တတ်​နိုင်​ကြ​သ​လော”​ဟု မေး​တော်​မူ​လျှင်

39 သူ​တို့​က “အ​ကျွန်ုပ်​တို့​တတ်​နိုင်​ပါ​သည်”​ဟု ပြန်​လျှောက်​ကြ​၏။ ယေ​ရှု​က​လည်း “ငါ​သောက်​မည့်​ခွက်​ကို သင်​တို့​သောက်​ကြ​လိမ့်​မည်။ ငါ​ခံ​မည့်​ဗတ္တိ​ဇံ​ကို​လည်း သင်​တို့​ခံ​ကြ​လိမ့်​မည်။

40 သို့​သော် ငါ​၏​လက်​ယာ​ဘက်​နှင့် လက်​ဝဲ​ဘက်​တို့​၌ ထိုင်​ရ​သော​အ​ခွင့်​ကို ငါ​ပေး​သည်​မ​ဟုတ်။ ထို​နေ​ရာ​သည် ပြင်​ဆင်​ပေး​ထား​သော​သူ​တို့​အ​တွက်​သာ​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

41 ကျန်​တ​ပည့်​တော်​ဆယ်​ပါး​တို့​သည် ဤ​အ​ကြောင်း​ကို​ကြား​သိ​လျှင် ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​ကို စိတ်​ဆိုး​ကြ​၏။

42 ထို​အ​ခါ ယေ​ရှု​သည် သူ​တို့​ကို​ခေါ်​လျက် “လူ​မျိုး​ခြား​တို့​တွင် သူ​တို့​ကို​အုပ်​ချုပ်​ရန် သတ်​မှတ်​ထား​ခြင်း​ခံ​ရ​သော​သူ​တို့​သည် ပြည်​သူ​တို့​အ​ပေါ် စိုး​မိုး​ခြယ်​လှယ်​ကြ​၍ သူ​တို့​၏​အ​ကြီး​အ​ကဲ​တို့​သည် သူ​တို့​အ​ပေါ် အာ​ဏာ​သုံး​တတ်​ကြ​သည်​ကို သင်​တို့​သိ​ကြ​၏။

43 သင်​တို့​အ​ထဲ​၌​မူ​ကား ထို​သို့​မ​ဖြစ်​ရ။ သင်​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​လို​သော​သူ​သည် သင်​တို့​၏​အ​စေ​ခံ​ဖြစ်​ရ​မည်။

44 သင်​တို့​တွင် ခေါင်း​ဆောင်​ဖြစ်​လို​သော​သူ​သည် အား​လုံး​၏​အ​စေ​အ​ပါး​ဖြစ်​ရ​မည်။

45 အ​ကြောင်း​မူ​ကား လူ့​သား​သည်​လည်း လုပ်​ကျွေး​ပြု​စု​ခြင်း​ကို​ခံ​ရန်​မ​ဟုတ်​ဘဲ လုပ်​ကျွေး​ပြု​စု​ရန်​နှင့် များ​စွာ​သော​သူ​တို့​အ​တွက် ရွေး​နုတ်​စ​ရာ​အ​ဖိုး​အ​ခ​အ​ဖြစ် မိ​မိ​အ​သက်​ကို​စွန့်​ရန်​လာ​၏”​ဟု မိန့်​တော်​မူ​၏။

မျက်​မ​မြင်​ကို​မျက်​စိ​ပြန်​မြင်​စေ​ခြင်း

46 ထို့​နောက် သူ​တို့​သည် ဂျေ​ရိ​ခေါ​မြို့​သို့​ရောက်​လာ​ကြ​၏။ ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​နှင့်​အ​တူ များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​ပါ​လျက် ဂျေ​ရိ​ခေါ​မြို့​မှ​ထွက်​ခွာ​တော်​မူ​စဉ် တိ​မဲ​၏​သား ဗာ​တိ​မဲ​အ​မည်​ရှိ​သော မျက်​မ​မြင် သူ​တောင်း​စား​တစ်​ဦး​သည် လမ်း​ဘေး​တွင်​ထိုင်​လျက်​နေ​၏။

47 နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ဖြစ်​ကြောင်း သူ​ကြား​သိ​လျှင် “ဒါ​ဝိဒ်​၏​သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ​ပါ”​ဟု အော်​ဟစ်​လေ​၏။

48 လူ​အ​များ​တို့​သည် သူ့​ကို တိတ်​ဆိတ်​စွာ​နေ​ရန် ဆူ​ငေါက်​ကြ​၏။ သို့​သော် သူ​သည် “ဒါ​ဝိဒ်​၏​သား​တော်၊ အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ​ပါ”​ဟု ပို​၍​အော်​ဟစ်​လေ​၏။

49 ထို​အ​ခါ ယေ​ရှု​သည်​ရပ်​တန့်​လျက် “သူ့​ကို​ခေါ်​ခဲ့​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။ လူ​တို့​သည်​လည်း ထို​မျက်​မ​မြင်​ကို​ခေါ်​၍ “အား​မ​ငယ်​နှင့်။ ထ​လော့။ ကိုယ်​တော်​သည် သင့်​ကို​ခေါ်​တော်​မူ​၏”​ဟု ဆို​ကြ​၏။

50 သူ​သည်​လည်း မိ​မိ​ဝတ်​ရုံ​ကို ဘေး​သို့​ပစ်​ချ​ပြီး ထ​၍ ယေ​ရှု​ထံ​သို့​လာ​လေ​၏။

51 ယေ​ရှု​က “သင့်​အ​တွက် မည်​သည့်​အ​မှု​ကို​ပြု​စေ​လို​သ​နည်း”​ဟု မေး​တော်​မူ​လျှင် မျက်​မ​မြင်​က “ရဗ္ဗု​နိ၊ မျက်​စိ​မြင်​အောင်​လုပ်​ပေး​စေ​လို​ပါ​သည်”​ဟု လျှောက်​လေ​၏။

52 ယေ​ရှု​က​လည်း “သွား​လော့။ သင်​၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို​ကယ်​တင်​ပြီ”​ဟု မိန့်​တော်​မူ​၏။ ထို​ခ​ဏ​ချင်း​တွင် သူ​သည် မျက်​စိ​မြင်​၍ လမ်း​ခ​ရီး​တစ်​လျှောက် နောက်​တော်​သို့​လိုက်​သွား​လေ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16