ရှင်​မာ​ကု​ခ​ရစ်​ဝင် 8 MSB

လူ​လေး​ထောင်​ကို​ကျွေး​မွေး​တော်​မူ​ခြင်း

1 ထို​နေ့​ရက်​တို့​၌ များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​သည် တစ်​ဖန်​စု​ဝေး​လာ​ကြ​၏။ ထို​သူ​တို့​၌ စား​စ​ရာ​မ​ရှိ​သော​ကြောင့် ယေ​ရှု​သည် တ​ပည့်​တော်​တို့​ကို​ခေါ်​၍

2 “ဤ​လူ​ထု​ပ​ရိ​သတ်​ကို ငါ​သ​နား​၏။ အ​ကြောင်း​မူ​ကား သူ​တို့​သည် သုံး​ရက်​တိုင်​တိုင် ငါ​နှင့်​အ​တူ​ရှိ​ကြ​ပြီး သူ​တို့​၌ မည်​သည့်​စား​စ​ရာ​မျှ​မ​ရှိ။

3 သူ​တို့​ထဲ​မှ အ​ချို့​တို့​သည် အ​ဝေး​မှ​လာ​ကြ​သည်​ဖြစ်​၍ သူ​တို့​ကို​ဘာ​မျှ​မ​ကျွေး​ဘဲ မိ​မိ​တို့​အိမ်​သို့​ပြန်​သွား​စေ​လျှင် သူ​တို့​သည် လမ်း​ခ​ရီး​၌ အား​ပြတ်​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

4 တ​ပည့်​တော်​တို့​က​လည်း “ဤ​တော​ကန္တာ​ရ​၌ မည်​သူ​သည် အ​ဘယ်​က​မုန့်​ကို​ယူ​၍ ဤ​သူ​တို့​အား ဝ​လင်​စွာ​ကျွေး​နိုင်​ပါ​မည်​နည်း”​ဟု ပြန်​လျှောက်​ကြ​၏။

5 ယေ​ရှု​က​လည်း “သင်​တို့​တွင် မုန့်​မည်​မျှ​ရှိ​သ​နည်း”​ဟု မေး​တော်​မူ​ရာ သူ​တို့​က “မုန့်​ခု​နစ်​လုံး​ရှိ​ပါ​သည်”​ဟု ပြန်​လျှောက်​ကြ​၏။

6 ထို​အ​ခါ ကိုယ်​တော်​သည် လူ​ထု​ပ​ရိ​သတ်​ကို မြေ​ပေါ်​၌​ထိုင်​ကြ​ရန် မိန့်​မှာ​တော်​မူ​လျက် မုန့်​ခု​နစ်​လုံး​ကို​ယူ​၍ ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး​လျှင် ၎င်း​တို့​ကို​ဖဲ့​ကာ လူ​အ​စု​အ​ဝေး​တို့​အား​ဝေ​ပေး​ရန် တ​ပည့်​တော်​တို့​ကို​ပေး​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​လည်း လူ​ထု​ပ​ရိ​သတ်​တို့​အား​ဝေ​ပေး​ကြ​၏။

7 သူ​တို့​၌ ငါး​က​လေး​အ​နည်း​ငယ်​ရှိ​သ​ဖြင့် ၎င်း​တို့​အ​တွက် ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး​မှ ထို​ငါး​တို့​ကို​လည်း ဝေ​ပေး​ရန် မိန့်​တော်​မူ​၏။

8 လူ​တို့​သည် စား​၍​ဝ​ကြ​၏။ ထို့​နောက် ကြွင်း​ကျန်​သော​မုန့်​အ​ကျိုး​အ​ပဲ့​များ​ကို ကောက်​သိမ်း​ကြ​ရာ ခု​နစ်​တောင်း​ရ​ကြ​၏။

9 ထို​နေ​ရာ​၌ လူ​လေး​ထောင်​ခန့်​ရှိ​ကြ​၏။ ထို့​နောက် ကိုယ်​တော်​သည် လူ​တို့​ကို ပြန်​လွှတ်​တော်​မူ​ပြီး​လျှင်

10 တ​ပည့်​တော်​တို့​နှင့်​အ​တူ လှေ​ပေါ်​သို့​ချက်​ချင်း​တက်​၍ ဒါ​လ​မ​နု​သ​နယ်​မြေ​ဒေ​သ​များ​သို့ ကြွ​တော်​မူ​၏။

နိ​မိတ်​လက္ခ​ဏာ​ကို​တောင်း​ဆို​ကြ​ခြင်း

11 ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​သည်​ထွက်​လာ​၍ ကိုယ်​တော်​နှင့်​ငြင်း​ခုံ​ပြော​ဆို​ကြ​ကာ ကိုယ်​တော်​ကို​စမ်း​သပ်​လို​သ​ဖြင့် ကောင်း​ကင်​မှ​နိ​မိတ်​လက္ခ​ဏာ​ကို တောင်း​ဆို​ကြ​၏။

12 ကိုယ်​တော်​သည် မိ​မိ​စိတ်​တော်​ထဲ​၌ သက်​ပြင်း​ချ​ကာ “ဤ​မျိုး​ဆက်​သည် အ​ဘယ်​ကြောင့် နိ​မိတ်​လက္ခ​ဏာ​ကို​တောင်း​ဆို​သ​နည်း။ သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား ဤ​မျိုး​ဆက်​အား မည်​သည့်​နိ​မိတ်​လက္ခ​ဏာ​ကို​မျှ ပြ​လိမ့်​မည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​ပြီး​လျှင်

13 သူ​တို့​ကို​ထား​ခဲ့​၍ တစ်​ဖန် လှေ​ပေါ်​သို့​တက်​ကာ တစ်​ဖက်​ကမ်း​သို့​ကူး​တော်​မူ​၏။

ဖာ​ရိ​ရှဲ​တို့​နှင့်​ဟေ​ရုဒ်​၏​တ​ဆေး

14 တ​ပည့်​တော်​တို့​သည် မုန့်​ကို​ယူ​ဆောင်​လာ​ရန် မေ့​လျော့​ကြ​သ​ဖြင့် လှေ​ပေါ်​တွင် သူ​တို့​၌​မုန့်​တစ်​လုံး​တည်း​သာ​ရှိ​၏။

15 ထို​အ​ခါ ကိုယ်​တော်​က “ဖာ​ရိ​ရှဲ​တို့​၏​တ​ဆေး​နှင့် ဟေ​ရုဒ်​၏​တ​ဆေး​တို့​ကို အ​ထူး​သ​တိ​ပြု​ကြ​လော့”​ဟု မိန့်​မှာ​တော်​မူ​၏။

16 တ​ပည့်​တော်​တို့​က​လည်း မိ​မိ​တို့​၌ မုန့်​မ​ပါ​သော​ကြောင့်​ဖြစ်​သည်​ဟု အ​ချင်း​ချင်း​အ​ချေ​အ​တင်​ပြော​ဆို​ကြ​၏။

17 ထို​သို့​ပြော​ဆို​ကြ​သည်​ကို ကိုယ်​တော်​သိ​တော်​မူ​လျှင် “သင်​တို့​၌​မုန့်​မ​ပါ​ကြောင်း​ကို အ​ဘယ်​ကြောင့်​အ​ချေ​အ​တင်​ပြော​ဆို​ကြ​သ​နည်း။ သင်​တို့​သ​ဘော​မ​ပေါက်​နား​မ​လည်​ကြ​သေး​သ​လော။ သင်​တို့​စိတ်​နှ​လုံး​သည် မာ​ကျော​လျက်​ရှိ​နေ​သေး​သ​လော။

18 သင်​တို့​သည် မျက်​စိ​ရှိ​လျက်​နှင့်​မ​မြင်​ကြ​သ​လော။ နား​ရှိ​လျက်​နှင့်​မ​ကြား​ကြ​သ​လော။ သင်​တို့​မ​မှတ်​မိ​ကြ​သ​လော။

19 မုန့်​ငါး​လုံး​ကို လူ​ငါး​ထောင်​အ​တွက် ငါ​ဖဲ့​ခဲ့​စဉ်​က မုန့်​အ​ကျိုး​အ​ပဲ့​များ​ကို တောင်း​အ​ပြည့်​ဘယ်​နှ​တောင်း​ကောက်​သိမ်း​ခဲ့​ကြ​သ​နည်း”​ဟု မေး​တော်​မူ​လျှင် သူ​တို့​က “တစ်​ဆယ့်​နှစ်​တောင်း”​ဟု ပြန်​လျှောက်​ကြ​၏။

20 “မုန့်​ခု​နစ်​လုံး​ကို လူ​လေး​ထောင်​အ​တွက် ငါ​ဖဲ့​ခဲ့​စဉ်​က မုန့်​အ​ကျိုး​အ​ပဲ့​များ​ကို တောင်း​အ​ပြည့် ဘယ်​နှ​တောင်း​ကောက်​သိမ်း​ခဲ့​ကြ​သ​နည်း”​ဟု မေး​တော်​မူ​လျှင် သူ​တို့​က “ခု​နစ်​တောင်း”​ဟု ပြန်​လျှောက်​ကြ​၏။

21 တစ်​ဖန် ကိုယ်​တော်​က “သင်​တို့​နား​မ​လည်​ကြ​သေး​သ​လော”​ဟု မိန့်​တော်​မူ​၏။

မျက်​မ​မြင်​တစ်​ဦး​ကို​မျက်​စိ​မြင်​စေ​တော်​မူ​ခြင်း

22 သူ​တို့​သည် ဗက်​ဇဲ​ဒ​မြို့​သို့​ရောက်​ကြ​သော​အ​ခါ လူ​တို့​သည် မျက်​မ​မြင်​တစ်​ဦး​ကို အ​ထံ​တော်​သို့​ခေါ်​ဆောင်​လာ​၍ သူ့​ကို​တို့​ထိ​တော်​မူ​ရန် ကိုယ်​တော်​အား​တောင်း​ပန်​ကြ​၏။

23 ကိုယ်​တော်​သည် မျက်​မ​မြင်​၏​လက်​ကို​ဆွဲ​၍ ရွာ​အ​ပြင်​သို့​ခေါ်​သွား​တော်​မူ​ပြီး​လျှင် သူ​၏​မျက်​စိ​ပေါ်​သို့ တံ​တွေး​ထွေး​ကာ သူ့​အ​ပေါ်​လက်​တော်​တင်​လျက် “တစ်​စုံ​တစ်​ခု​ကို​မြင်​ရ​သ​လော”​ဟု မေး​တော်​မူ​၏။

24 သူ​သည် မော့​ကြည့်​လျက် “လူ​တို့​ကို​မြင်​ရ​ပါ​၏။ သစ်​ပင်​များ​ကဲ့​သို့​ဖြစ်​ကြ​ပြီး လမ်း​လျှောက်​နေ​ကြ​သည်​ကို မြင်​ရ​ပါ​၏”​ဟု လျှောက်​လေ​၏။

25 ထို့​နောက် ကိုယ်​တော်​သည် သူ​၏​မျက်​စိ​ပေါ်​သို့ လက်​တော်​ကို တစ်​ဖန်​တင်​တော်​မူ​၏။ ထို​အ​ခါ သူ​သည် ရှင်း​လင်း​စွာ​မြင်​ရ​၍ အ​ကောင်း​ပ​က​တိ​ဖြစ်​ကာ အား​လုံး​ကို ကြည်​လင်​စွာ​မြင်​ရ​လေ​၏။

26 ကိုယ်​တော်​က​လည်း “ရွာ​ထဲ​သို့​မ​ဝင်​နှင့်”​ဟု မိန့်​တော်​မူ​ပြီး သူ့​ကို မိ​မိ​အိမ်​သို့ ပြန်​လွှတ်​တော်​မူ​၏။

ယေ​ရှု​သည်​ခ​ရစ်​တော်​ဖြစ်​ကြောင်း ပေ​တ​ရု​ဝန်​ခံ​ခြင်း

27 ထို့​နောက် ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​အ​တူ ဆီ​ဇာ​ရီး​ယား ဖိ​လိပ္ပိ​နယ်​ရှိ ကျေး​ရွာ​များ​သို့​ကြွ​တော်​မူ​၏။ လမ်း​ခ​ရီး​၌ တ​ပည့်​တော်​တို့​အား “လူ​တို့​သည် ငါ့​ကို မည်​သူ​ဖြစ်​သည်​ဟု​ဆို​ကြ​သ​နည်း”​ဟူ​၍ မေး​တော်​မူ​၏။

28 တ​ပည့်​တော်​တို့​က​လည်း “ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဟု ဆို​ကြ​ပါ​သည်။ သို့​သော် အ​ချို့​တို့​က ဧ​လိ​ယ​ဟု ဆို​ကြ​၍ အ​ချို့​တို့​က​လည်း ပ​ရော​ဖက်​များ​ထဲ​မှ​တစ်​ပါး​ပါး​ဖြစ်​သည်​ဟု ဆို​ကြ​ပါ​သည်”​ဟူ​၍ ပြန်​လျှောက်​ကြ​၏။

29 ကိုယ်​တော်​က​လည်း “သင်​တို့​မူ​ကား ငါ့​ကို မည်​သူ​ဖြစ်​သည်​ဟု​ဆို​ကြ​သ​နည်း”​ဟူ​၍ မေး​တော်​မူ​လျှင် ပေ​တ​ရု​က “ကိုယ်​တော်​သည် ခ​ရစ်​တော်​ဖြစ်​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။

30 ထို​အ​ခါ ကိုယ်​တော်​သည် မိ​မိ​အ​ကြောင်း​ကို မည်​သူ့​ကို​မျှ​မ​ပြော​ရန် သူ​တို့​အား သ​တိ​ပေး​တော်​မူ​၏။

မိ​မိ​အ​သေ​ခံ​၍​ထ​မြောက်​မည့်​အ​ကြောင်း ကြို​တင်​မိန့်​တော်​မူ​ခြင်း

31 ထို့​နောက် ကိုယ်​တော်​က လူ့​သား​သည် ဒုက္ခ​ဝေ​ဒ​နာ​များ​စွာ​ခံ​စား​ရ​လျက် သက်​ကြီး​ဝါ​ကြီး​များ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​၏​ငြင်း​ပယ်​ခြင်း​ကို​ခံ​ရ​ပြီး အ​သေ​သတ်​ခြင်း​ခံ​ရ​ကာ သုံး​ရက်​ကြာ​သော​အ​ခါ ထ​မြောက်​ရ​မည်​ဖြစ်​ကြောင်း​ကို တ​ပည့်​တော်​တို့​အား သွန်​သင်​တော်​မူ​၏။

32 ကိုယ်​တော်​သည် ထို​အ​ကြောင်း​အ​ရာ​ကို အ​တိ​အ​လင်း​မိန့်​တော်​မူ​သော​အ​ခါ ပေ​တ​ရု​သည် ကိုယ်​တော်​ကို ဘေး​ဘက်​သို့​ခေါ်​၍ ပြစ်​တင်​ပြော​ဆို​လေ​၏။

33 သို့​သော် ကိုယ်​တော်​သည် လှည့်​၍ တ​ပည့်​တော်​များ​ကို​ကြည့်​ရှု​လျက် ပေ​တ​ရု​ကို​ဆုံး​မ​ကာ “အ​ချင်း​စာ​တန်၊ ငါ့​နောက်​သို့​ဆုတ်​လော့။ အ​ကြောင်း​မူ​ကား သင်​သည် ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို​မ​စွဲ​လမ်း​ဘဲ လူ​တို့​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို​သာ စွဲ​လမ်း​၏”​ဟု မိန့်​တော်​မူ​၏။

မိ​မိ​၏​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​လော့

34 ထို့​နောက် ကိုယ်​တော်​သည် တ​ပည့်​တော်​များ​နှင့်​တ​ကွ လူ​ထု​ပ​ရိ​သတ်​ကို​ခေါ်​၍ “မည်​သူ​မ​ဆို ငါ့​နောက်​သို့​လိုက်​လို​လျှင် မိ​မိ​ကိုယ်​ကို​ငြင်း​ပယ်​ပြီး မိ​မိ​၏​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​လျက် ငါ့​နောက်​သို့​လိုက်​ရ​မည်။

35 အ​ကြောင်း​မှာ မိ​မိ​အ​သက်​ကို​ကယ်​တင်​လို​သော​သူ​သည် အ​သက်​ကို​ဆုံး​ရှုံး​ရ​လိမ့်​မည်။ ငါ​နှင့်​ကောင်း​မြတ်​သော​သ​တင်း​အ​တွက် မိ​မိ​အ​သက်​ကို ဆုံး​ရှုံး​ရ​သော​သူ​မူ​ကား မိ​မိ​အ​သက်​ကို​ကယ်​တင်​လိမ့်​မည်။

36 လူ​သည် ကမ္ဘာ​လော​က​တစ်​ခု​လုံး​ကို​ရ​ရှိ​သော်​လည်း မိ​မိ​အ​သက်​ဝိ​ညာဉ်​ဆုံး​ရှုံး​လျှင် မည်​သည့်​အ​ကျိုး​ရှိ​မည်​နည်း။

37 တစ်​နည်း​အား​ဖြင့် လူ​သည် မည်​သည့်​အ​ရာ​ကို​ပေး​၍ မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို ပြန်​ရွေး​နိုင်​မည်​နည်း။

38 အ​ကြောင်း​မူ​ကား ဖောက်​ပြန်​၍ အ​ပြစ်​နှင့်​ပြည့်​နေ​သော ဤ​ခေတ်​ကာ​လ​၌ မည်​သူ​မ​ဆို ငါ​နှင့်​ငါ့​စ​ကား​အ​တွက်​ရှက်​လျှင် လူ့​သား​သည်​လည်း သန့်​ရှင်း​သော​ကောင်း​ကင်​တ​မန်​များ​နှင့်​အ​တူ မိ​မိ​ခ​မည်း​တော်​၏​ဘုန်း​အ​သ​ရေ​ကို​ဆောင်​လျက် ကြွ​လာ​သော​အ​ခါ ထို​သူ​အ​တွက်​ရှက်​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16