ရှင်​မာ​ကု​ခ​ရစ်​ဝင် 4 MSB

မျိုး​ကြဲ​သော​သူ​၏​ပုံ​ဥ​ပ​မာ

1 ကိုယ်​တော်​သည် ပင်​လယ်​ကမ်း​နား​တွင် တစ်​ဖန်​သွန်​သင်​တော်​မူ​ရာ အ​လွန်​များ​ပြား​သော​လူ​ထု​ပ​ရိ​သတ်​သည် အ​ထံ​တော်​သို့​စု​ဝေး​လာ​ကြ​သ​ဖြင့် ကိုယ်​တော်​သည် ပင်​လယ်​ကမ်း​စပ်​ရှိ​လှေ​ပေါ်​သို့​တက်​၍ ထိုင်​တော်​မူ​၏။ လူ​ထု​ပ​ရိ​သတ်​အ​ပေါင်း​တို့​မူ​ကား ပင်​လယ်​ကမ်း​ပေါ်​တွင်​ရှိ​နေ​ကြ​၏။

2 ထို​အ​ခါ ကိုယ်​တော်​သည် များ​စွာ​သော​အ​ကြောင်း​အ​ရာ​တို့​ကို ပုံ​ဥ​ပ​မာ​တို့​ဖြင့် သူ​တို့​အား သွန်​သင်​တော်​မူ​၏။ ထို​သို့​သွန်​သင်​ရာ​တွင် ကိုယ်​တော်​က

3 “နား​ထောင်​ကြ​လော့။ မျိုး​ကြဲ​သော​သူ​သည် မျိုး​ကြဲ​ရန်​ထွက်​သွား​လေ​၏။

4 ထို​သူ​မျိုး​ကြဲ​စဉ်​တွင် အ​ချို့​သော​မျိုး​စေ့​သည် လမ်း​ဘေး​တွင်​ကျ​သ​ဖြင့် ငှက်​တို့​သည် လာ​၍ ၎င်း​ကို​ကောက်​စား​ကြ​၏။

5 အ​ချို့​မူ​ကား မြေ​နည်း​၍ ကျောက်​ပေါ​များ​သော​နေ​ရာ​တွင်​ကျ​သ​ဖြင့် မြေ​သား​ပါး​သော​ကြောင့် ချက်​ချင်း​အ​ပင်​ပေါက်​လာ​၏။

6 သို့​သော် နေ​ထွက်​လာ​၍ နေ​လောင်​ဒဏ်​ခံ​ရ​သော​အ​ခါ အ​မြစ်​မ​စွဲ​သော​ကြောင့် ညှိုး​နွမ်း​ခြောက်​သွေ့​သွား​လေ​၏။

7 အ​ချို့​မူ​ကား ဆူး​ပင်​တို့​တွင်​ကျ​သ​ဖြင့် ဆူး​ပင်​တို့​ကြီး​ထွား​လာ​၍ ၎င်း​ကို ကာ​ဆီး​ပိတ်​ဆို့​ကြ​သော​ကြောင့် အ​သီး​မ​သီး​ချေ။

8 အ​ချို့​တို့​မူ​ကား ကောင်း​သော​မြေ​၌​ကျ​သ​ဖြင့် အ​ပင်​ပေါက်​၍​ကြီး​ထွား​ကာ အ​ဆ​သုံး​ဆယ်၊ အ​ဆ​ခြောက်​ဆယ်၊ အ​ဆ​တစ်​ရာ အ​သီး​သီး​လေ​၏”​ဟု မိန့်​တော်​မူ​၏။

9 ထို့​နောက် “ကြား​စ​ရာ​နား​ရှိ​သော​သူ​သည် ကြား​ပါ​စေ”​ဟု မိန့်​တော်​မူ​၏။

ပုံ​ဥ​ပ​မာ​သုံး​ရ​ခြင်း​၏​အ​ကြောင်း​ရင်း

10 ကိုယ်​တော်​တစ်​ပါး​တည်း​ရှိ​တော်​မူ​သော​အ​ခါ ကိုယ်​တော်​၏​နောက်​လိုက်​နောက်​ပါ​များ​နှင့် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​သည် ထို​ပုံ​ဥ​ပ​မာ​များ​အ​ကြောင်း​ကို မေး​လျှောက်​ကြ​၏။

11 ကိုယ်​တော်​က​လည်း “သင်​တို့​အား ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​နှင့်​ဆိုင်​သည့် လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​ကို သိ​ခွင့်​ပေး​ထား​၏။ အ​ပြင်​လူ​တို့​အ​တွက်​မူ​ကား အ​ရာ​ရာ​ကို ပုံ​ဥ​ပ​မာ​များ​ဖြင့်​ဖော်​ပြ​ရ​၏။

12 ဤ​သည်​ကား သူ​တို့​သည် မြင်​လျက်​ပင် သ​တိ​မ​မူ​ဘဲ​မြင်​၍ ကြား​လျက်​ပင် နား​မ​လည်​ဘဲ​ကြား​ကြ​စေ​ရန်​ဖြစ်​၏။ သို့​မ​ဟုတ်​လျှင် သူ​တို့​သည် ပြောင်း​လဲ​၍ ခွင့်​လွှတ်​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

မျိုး​ကြဲ​သော​သူ​၏​ပုံ​ဥ​ပ​မာ​ကို​ရှင်း​ပြ​ခြင်း

13 ထို့​နောက် ကိုယ်​တော်​က “ဤ​ပုံ​ဥ​ပ​မာ​ကို​နား​မ​လည်​ကြ​သ​လော။ သို့​ဖြစ်​လျှင် သင်​တို့​သည် ပုံ​ဥ​ပ​မာ​အား​လုံး​ကို မည်​ကဲ့​သို့​နား​လည်​ကြ​မည်​နည်း။

14 မျိုး​ကြဲ​သော​သူ​သည် တ​ရား​စ​ကား​ကို​ကြဲ​၏။

15 တ​ရား​စ​ကား​ကို​ကြဲ​သော​အ​ခါ လမ်း​ဘေး​တွင် ကြဲ​ခြင်း​ခံ​ရ​သည်​ဆို​သည်​မှာ ဤ​သို့​သော​သူ​တို့​ကို​ဆို​လို​၏။ တ​ရား​စ​ကား​ကို​သူ​တို့​ကြား​သော​အ​ခါ စာ​တန်​သည်​ချက်​ချင်း​လာ​၍ သူ​တို့​၌​ကြဲ​ထား​သော​တ​ရား​စ​ကား​ကို နုတ်​ယူ​လေ​၏။

16 ကျောက်​ပေါ​များ​သော​နေ​ရာ​တွင် ကြဲ​ခြင်း​ခံ​ရ​သည်​ဆို​သည်​မှာ တ​ရား​စ​ကား​ကို​ကြား​သော​အ​ခါ ဝမ်း​မြောက်​စွာ​ဖြင့် ချက်​ချင်း​လက်​ခံ​သော​သူ​တို့​ကို​ဆို​လို​၏။

17 သို့​သော် သူ​တို့​၌​အ​မြစ်​မ​စွဲ​သ​ဖြင့် ခ​ဏ​သာ​ခံ​၏။ တ​ရား​စ​ကား​ကြောင့် ဆင်း​ရဲ​ဒုက္ခ သို့​မ​ဟုတ် ညှဉ်း​ဆဲ​ခြင်း​ရောက်​လာ​သော​အ​ခါ ချက်​ချင်း​စိတ်​ပျက်​သွား​ကြ​၏။

18 အ​ချို့​တို့​မူ​ကား ဆူး​ပင်​တို့​တွင် ကြဲ​ခြင်း​ခံ​ရ​ကြ​၏။ ဤ​သည်​ကား တ​ရား​စ​ကား​ကို​ကြား​သော်​လည်း

19 လော​ကီ​ရေး​ရာ​၌ စိုး​ရိမ်​ပူ​ပန်​ခြင်း၊ စည်း​စိမ်​၏​လှည့်​ဖြား​ခြင်း​နှင့် အ​ခြား​သော​တပ်​မက်​ခြင်း​များ​ဝင်​လာ​၍ တ​ရား​စ​ကား​ကို ကာ​ဆီး​ပိတ်​ဆို့​သ​ဖြင့် အ​သီး​မ​သီး​သော​သူ​တို့​ကို​ဆို​လို​၏။

20 ကောင်း​သော​မြေ​ပေါ်​၌ ကြဲ​ခြင်း​ခံ​ရ​သည်​ဆို​သည်​မှာ တ​ရား​စ​ကား​ကို​ကြား​၍ လက်​ခံ​သ​ဖြင့် အ​ဆ​သုံး​ဆယ်၊ အ​ဆ​ခြောက်​ဆယ်၊ အ​ဆ​တစ်​ရာ အ​သီး​သီး​သော​သူ​တို့​ကို​ဆို​လို​၏”​ဟု မိန့်​တော်​မူ​၏။

မိ​မိ​အ​လင်း​ကို​အ​သုံး​ပြု​ခြင်း

21 တစ်​ဖန် ကိုယ်​တော်​က “ဆီ​မီး​ကို တောင်း​အောက် သို့​မ​ဟုတ် ခု​တင်​အောက်​၌​ထား​ရန် ယူ​လာ​လေ့​ရှိ​သ​လော။ ဆီ​မီး​ခုံ​ပေါ်​၌​ထား​ရန် ယူ​လာ​သည်​မ​ဟုတ်​လော။

22 အ​ကြောင်း​မူ​ကား ကွယ်​ဝှက်​ထား​သော​အ​ရာ​များ​တွင် မ​ထင်​ရှား​လာ​မည့်​အ​ရာ​ဟူ​၍​မ​ရှိ။ ဖုံး​ကွယ်​ထား​သော​အ​ရာ​များ​တွင်​လည်း မ​ထင်​ရှား​လာ​မည့်​အ​ရာ​ဟူ​၍​မ​ရှိ။

23 ကြား​စ​ရာ​နား​ရှိ​သော​သူ​သည် ကြား​ပါ​စေ”​ဟု မိန့်​တော်​မူ​၏။

24 ထို့​နောက် ကိုယ်​တော်​က “သင်​တို့​ကြား​ရ​သည့်​အ​ရာ​ကို သ​တိ​ပြု​ကြ​လော့။ သင်​တို့​တိုင်း​တာ​ခြင်​တွယ်​သည့်​စံ​နှုန်း​အ​တိုင်း သင်​တို့​အ​တွက် တိုင်း​တာ​ခြင်​တွယ်​ပေး​ကြ​လိမ့်​မည်။ ထို့​ပြင် သင်​တို့​အ​တွက် ထပ်​၍​ဖြည့်​ပေး​ကြ​လိမ့်​မည်။

25 အ​ကြောင်း​မှာ ရှိ​သော​သူ​အား ထပ်​၍​ပေး​ဦး​မည်။ မ​ရှိ​သော​သူ​မူ​ကား သူ​၌​ရှိ​သော​အ​ရာ​ပင် သူ့​ထံ​မှ​သိမ်း​ယူ​ခြင်း​ခံ​ရ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

ကြီး​ထွား​လာ​သော​မျိုး​စေ့​ပုံ​ဥ​ပ​မာ

26 တစ်​ဖန် ကိုယ်​တော်​က “ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် မြေ​ပေါ်​၌ လူ​တစ်​ဦး​မျိုး​စေ့​ကြဲ​သည်​နှင့်​တူ​၏။

27 သူ​သည် ည​အ​ချိန်​နှင့်​နေ့​အ​ချိန်​၌ အိပ်​လျက်​ထ​လျက်​နေ​စဉ် မျိုး​စေ့​သည် အ​ညှောက်​ထွက်​၍ ကြီး​ထွား​လာ​၏။ ၎င်း​သည် မည်​ကဲ့​သို့​ကြီး​ထွား​လာ​သည်​ကို ထို​သူ​မ​သိ။

28 မြေ​ကြီး​သည် အ​လို​အ​လျောက်​အ​သီး​သီး​စေ​လျက် ဦး​စွာ အ​ပင်၊ ထို့​နောက် အ​နှံ၊ ထို​မှ​တစ်​ဆင့် အ​နှံ​ထဲ​တွင် အောင်​သော​အ​ဆန်​ကို​ဖြစ်​စေ​၏။

29 အ​သီး​မှည့်​သော​အ​ခါ ရိတ်​သိမ်း​ချိန်​ရောက်​လာ​သည်​ဖြစ်​၍ သူ​သည် ချက်​ချင်း​တံ​စဉ်​ဖြင့်​ရိတ်​လေ​၏”​ဟု မိန့်​တော်​မူ​၏။

မုန်​ညင်း​နက်​စေ့​ပုံ​ဥ​ပ​မာ

30 တစ်​ဖန် ကိုယ်​တော်​က “ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို မည်​သည့်​အ​ရာ​နှင့်​ခိုင်း​နှိုင်း​ရ​မည်​နည်း။ သို့​မ​ဟုတ် မည်​သည့်​ပုံ​ဥ​ပ​မာ​ဖြင့် ဖော်​ပြ​ရ​မည်​နည်း။

31 ၎င်း​သည် မုန်​ညင်း​နက်​စေ့​နှင့်​တူ​၏။ ထို​အ​စေ့​သည် မြေ​၌​စိုက်​သော​အ​ခါ မြေ​ကြီး​ပေါ်​ရှိ အ​စေ့​တ​ကာ​တို့​ထက် သေး​ငယ်​၏။

32 စိုက်​ပြီး ကြီး​ထွား​လာ​သော​အ​ခါ​တွင်​မူ ဟင်း​သီး​ဟင်း​ရွက်​ပင်​အား​လုံး​ထက်​ကြီး​၍ ၎င်း​၏​အ​ရိပ်​အောက်​တွင် မိုး​ကောင်း​ကင်​ငှက်​တို့​သည် အ​သိုက်​ဖွဲ့​နေ​နိုင်​လောက်​သော ကြီး​မား​သည့်​အ​ကိုင်း​များ​ထွက်​လာ​၏”​ဟု မိန့်​တော်​မူ​၏။

33 ကိုယ်​တော်​သည် ထို​သို့​သော​ပုံ​ဥ​ပ​မာ​များ​စွာ​တို့​ဖြင့် လူ​တို့​ကြား​နာ​နိုင်​သည့်​အ​တိုင်း တ​ရား​စ​ကား​ကို သူ​တို့​အား ဟော​ပြော​တော်​မူ​၏။

34 ပုံ​ဥ​ပ​မာ​မ​ပါ​ဘဲ သူ​တို့​အား ဟော​ပြော​တော်​မ​မူ။ သို့​သော် မိ​မိ​တ​ပည့်​တော်​တို့​ကို​မူ​ကား အ​ကြောင်း​အ​ရာ​အား​လုံး​ကို သီး​သန့်​ရှင်း​ပြ​တော်​မူ​၏။

လှိုင်း​လေ​တို့ သ​ခင်​ဘု​ရား​ကို​နာ​ခံ​ခြင်း

35 ထို​နေ့ ည​နေ​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ ကိုယ်​တော်​က “တစ်​ဖက်​ကမ်း​သို့​ကူး​ကြ​စို့”​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။

36 ထို့​ကြောင့် သူ​တို့​သည် လူ​ထု​ပ​ရိ​သတ်​ကို​ချန်​ထား​ခဲ့​၍ လှေ​ပေါ်​၌​ရှိ​နေ​သော​ကိုယ်​တော်​ကို ခေါ်​ဆောင်​သွား​ကြ​၏။ အ​ခြား​သော​လှေ​များ​သည်​လည်း ကိုယ်​တော်​နှင့်​အ​တူ​လိုက်​ပါ​ကြ​၏။

37 ထို​အ​ခါ ပြင်း​ထန်​သော​လေ​မုန်​တိုင်း​ကျ​ရောက်​လာ​၍ လှိုင်း​များ​သည် လှေ​ကို​ရိုက်​ခတ်​သ​ဖြင့် လှေ​သည် ရေ​နှင့်​ပြည့်​လု​နီး​ပါး​ဖြစ်​လေ​၏။

38 သို့​သော် ကိုယ်​တော်​သည် လှေ​ပဲ့​ပိုင်း​တွင် ခေါင်း​အုံး​အုံး​လျက် အိပ်​စက်​နေ​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​ကို​နှိုး​လျက် “ဆ​ရာ၊ အ​ကျွန်ုပ်​တို့​သေ​ရ​တော့​မည်​ကို ကိုယ်​တော်​ဂ​ရု​မ​စိုက်​ဘဲ​နေ​တော်​မူ​သ​လော”​ဟု လျှောက်​ကြ​၏။

39 ထို​အ​ခါ ကိုယ်​တော်​သည်​ထ​၍ လေ​ကို​ဆုံး​မ​ကာ ပင်​လယ်​အား “တိတ်​ဆိတ်​ငြိမ်​သက်​လော့”​ဟု မိန့်​တော်​မူ​ရာ လေ​သည်​ငြိမ်​သ​ဖြင့် အ​လွန်​ငြိမ်​သက်​သာ​ယာ​သွား​လေ​၏။

40 ထို့​နောက် ကိုယ်​တော်​က “အ​ဘယ်​ကြောင့် ကြောက်​တတ်​သ​နည်း။ ယ​ခု​ထိ ယုံ​ကြည်​ခြင်း​မ​ရှိ​ကြ​သေး​သ​လော”​ဟု သူ​တို့​အား မိန့်​တော်​မူ​၏။

41 သူ​တို့​သည် အ​လွန်​ကြောက်​ရွံ့​တုန်​လှုပ်​လျက် “ဤ​သူ​ကား မည်​သူ​ဖြစ်​သ​နည်း။ လေ​နှင့်​ပင်​လယ်​တို့​ပင်​လျှင် သူ့​ကို​နာ​ခံ​ကြ​ပါ​သည်​တ​ကား”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16