ရှင်​မာ​ကု​ခ​ရစ်​ဝင် 13 MSB

ဗိ​မာန်​တော်​ပျက်​စီး​မည့်​အ​ကြောင်း ကြို​တင်​မိန့်​တော်​မူ​ခြင်း

1 ယေ​ရှု​သည် ဗိ​မာန်​တော်​မှ​ထွက်​ခွာ​သွား​တော်​မူ​စဉ် တ​ပည့်​တော်​တို့​ထဲ​မှ တစ်​ပါး​က “ဆ​ရာ၊ ကြည့်​ပါ။ အ​လွန်​ကြီး​မား​သော​ကျောက်​တုံး​များ​နှင့် အ​လွန်​ထည်​ဝါ​သော​အ​ဆောက်​အ​အုံ​များ​ပါ​တ​ကား”​ဟု လျှောက်​လေ​၏။

2 ယေ​ရှု​က​လည်း “ဤ​ကြီး​မား​သော​အ​ဆောက်​အ​အုံ​များ​ကို သင်​မြင်​သည်​မ​ဟုတ်​လော။ ဤ​နေ​ရာ​၌ ကျောက်​တုံး​တစ်​တုံး​သည် ဖြို​ချ​မ​ခံ​ရ​ဘဲ အ​ခြား​ကျောက်​တုံး​တစ်​တုံး​ပေါ်​၌ ကျန်​ရစ်​ခဲ့​သည်​ဟူ​၍ လုံး​ဝ​ရှိ​လိမ့်​မည်​မ​ဟုတ်”​ဟု ထို​သူ​အား မိန့်​တော်​မူ​၏။

ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​၏​နိ​မိတ်​လက္ခ​ဏာ​များ

3 ထို့​နောက် ကိုယ်​တော်​သည် သံ​လွင်​တောင်​ပေါ်​၌ ဗိ​မာန်​တော်​ဘက်​သို့​မျက်​နှာ​မူ​လျက် ထိုင်​နေ​တော်​မူ​စဉ် ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်​နှင့် အန္ဒြေ​တို့​က

4 “ထို​အ​ရာ​များ​သည် မည်​သည့်​အ​ချိန်​၌ ဖြစ်​ပျက်​မည်​ကို​လည်း​ကောင်း၊ ထို​အ​ရာ​အား​လုံး​ပြည့်​စုံ​တော့​မည့်​အ​ချိန်​တွင် မည်​သည့်​အ​တိတ်​နိ​မိတ်​ဖြစ်​ပေါ်​မည်​ကို​လည်း​ကောင်း အ​ကျွန်ုပ်​တို့​အား မိန့်​တော်​မူ​ပါ”​ဟု ကိုယ်​တော်​ကို တိတ်​တ​ဆိတ်​မေး​လျှောက်​ကြ​၏။

5 ယေ​ရှု​က​လည်း “မည်​သူ​မျှ သင်​တို့​ကို​မ​လှည့်​ဖြား​စေ​ရန် သ​တိ​ပြု​ကြ​လော့။

6 များ​စွာ​သော​သူ​တို့​သည် ငါ​၏​နာ​မ​ကို​ခံ​ယူ​သုံး​စွဲ​၍ ရောက်​လာ​ကာ ‘ငါ​သည် ထို​သူ​ပင်​ဖြစ်​၏’​ဟု ဆို​ကြ​ပြီး လူ​အ​မြောက်​အ​မြား​တို့​ကို လှည့်​ဖြား​ကြ​လိမ့်​မည်။

7 သင်​တို့​သည် စစ်​ပွဲ​များ​အ​ကြောင်း​နှင့် စစ်​မက်​သ​တင်း​တို့​ကို ကြား​ရ​သော​အ​ခါ စိုး​ရိမ်​ထိတ်​လန့်​ခြင်း​မ​ရှိ​ကြ​နှင့်။ ထို​အ​ရာ​များ​သည် ဖြစ်​ပျက်​ရ​မည်။ သို့​သော် အ​ဆုံး​သည်​မ​ရောက်​သေး။

8 လူ​မျိုး​တစ်​မျိုး​နှင့်​တစ်​မျိုး၊ နိုင်​ငံ​တစ်​နိုင်​ငံ​နှင့်​တစ်​နိုင်​ငံ​တို့​သည် ရန်​ဘက်​ပြု​ကြ​၍ အ​ရပ်​ရပ်​တို့​၌ င​လျင်​လှုပ်​ခြင်း​နှင့် ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​များ​ဖြစ်​ကြ​လိမ့်​မည်။ ဤ​အ​ရာ​တို့​သည် သား​ဖွား​ခြင်း​ဝေ​ဒ​နာ​၏​အ​စ​ဖြစ်​၏။

9 သင်​တို့​ကိုယ်​တိုင်​လည်း သ​တိ​ပြု​ကြ​လော့။ လူ​တို့​သည် သင်​တို့​ကို တ​ရား​ရုံး​သို့​အပ်​နှံ​ကြ​လိမ့်​မည်။ သင်​တို့​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​၌ ရိုက်​နှက်​ခြင်း​ခံ​ရ​ကြ​ပြီး ဘု​ရင်​ခံ​များ​နှင့်​ရှင်​ဘု​ရင်​များ​ရှေ့​၌​ရပ်​လျက် သူ​တို့​ထံ ငါ့​အ​တွက်​သက်​သေ​ဖြစ်​ကြ​လိမ့်​မည်။

10 ကောင်း​မြတ်​သော​သ​တင်း​ကို​လည်း လူ​မျိုး​တ​ကာ​တို့​အား ဦး​စွာ​ဟော​ပြော​ရ​ကြ​မည်။

11 လူ​တို့​သည် သင်​တို့​ကို​ခေါ်​ဆောင်​သွား​၍ အပ်​နှံ​ကြ​သော​အ​ခါ မည်​သည့်​အ​ရာ​ကို​ပြော​ဆို​ရ​မည်​နည်း​ဟူ​၍ ကြို​တင်​စိုး​ရိမ်​ခြင်း​မ​ရှိ​ဘဲ ထို​အ​ချိန်​နာ​ရီ​၌ သင်​တို့​အား ဖော်​ပြ​တော်​မူ​သော​အ​ရာ​ကို​သာ ပြော​ဆို​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော် ပြော​ဆို​သော​သူ​မှာ သင်​တို့​ကိုယ်​တိုင်​မ​ဟုတ်​ဘဲ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ဖြစ်​၏။

12 ညီ​အစ်​ကို​ချင်း တစ်​ဦး​က တစ်​ဦး​ကို​လည်း​ကောင်း၊ အ​ဖ​သည် သား​သ​မီး​ကို​လည်း​ကောင်း သေ​ခြင်း​သို့​အပ်​နှံ​ကြ​လိမ့်​မည်။ သား​သ​မီး​တို့​သည်​လည်း မိ​ဘ​များ​ကို ဆန့်​ကျင်​ပုန်​ကန်​၍ သူ​တို့​ကို​သေ​စေ​ရန်​ပြု​ကြ​လိမ့်​မည်။

13 လူ​အ​ပေါင်း​တို့​သည်​လည်း ငါ့​နာ​မ​ကြောင့် သင်​တို့​ကို​မုန်း​တီး​ကြ​လိမ့်​မည်။ သို့​သော် အ​ဆုံး​တိုင်​အောင် တည်​ကြည်​သော​သူ​သည် ကယ်​တင်​ခြင်း​ခံ​ရ​လိမ့်​မည်။

14 ပျက်​စီး​ဆိတ်​သုဉ်း​ခြင်း​နှင့်​ဆိုင်​သော​ရွံ​ရှာ​ဖွယ်​အ​ရာ​သည် မ​ရပ်​သင့်​သော​နေ​ရာ​၌​ရပ်​နေ​သည်​ကို သင်​တို့​မြင်​ကြ​သော​အ​ခါ (ဖတ်​သော​သူ​နား​လည်​ပါ​စေ) ယု​ဒ​နယ်​၌​ရှိ​သော​သူ​တို့​သည် တောင်​များ​ပေါ်​သို့​ထွက်​ပြေး​ကြ​စေ။

15 လေ​သာ​ဆောင်​ပေါ်​၌​ရှိ​သော​သူ​သည် အောက်​သို့​မ​ဆင်း​စေ​နှင့်။ မိ​မိ​အိမ်​ထဲ​မှ တစ်​စုံ​တစ်​ခု​ကို​ယူ​ရန် အိမ်​ထဲ​သို့​လည်း​မ​ဝင်​စေ​နှင့်။

16 လယ်​၌​ရှိ​သော​သူ​သည်​လည်း မိ​မိ​ဝတ်​ရုံ​ကို​ယူ​ရန် နောက်​သို့​ပြန်​မ​လှည့်​စေ​နှင့်။

17 ထို​နေ့​ရက်​တို့​၌ ကိုယ်​ဝန်​ဆောင်​အ​မျိုး​သ​မီး​များ​နှင့် နို့​စို့​က​လေး​ငယ်​ရှိ​သော​မိ​ခင်​များ​သည် စိတ်​မ​ချမ်း​မြေ့​ဖွယ်​ဖြစ်​ကြ​လိမ့်​မည်။

18 ထို​နေ့​ရက်​တို့​သည် ဆောင်း​ရာ​သီ​၌ မ​ကျ​ရောက်​စေ​ရန် ဆု​တောင်း​ကြ​လော့။

19 အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​သည့် ဖန်​ဆင်း​ခံ​လော​က​၏​အ​စ​အ​ဦး​မှ​စ​၍ ယ​ခု​တိုင်​အောင်​မ​ဖြစ်​စ​ဖူး၊ နောင်​တွင်​လည်း လုံး​ဝ​ဖြစ်​မည်​မ​ဟုတ်​သော ဆင်း​ရဲ​ဒုက္ခ​မျိုး​သည် ထို​ကာ​လ​၌​ကျ​ရောက်​လိမ့်​မည်။

20 ထာ​ဝ​ရ​ဘု​ရား​သည် ထို​နေ့​ရက်​တို့​ကို တို​တောင်း​စေ​တော်​မ​မူ​လျှင် မည်​သူ​မျှ​လွတ်​နိုင်​မည်​မ​ဟုတ်။ သို့​သော် ကိုယ်​တော်​ရွေး​ကောက်​ထား​သည့် ရွေး​ကောက်​ခံ​ရ​သော​သူ​တို့​အ​တွက် ထို​နေ့​ရက်​တို့​ကို တို​တောင်း​စေ​တော်​မူ​၏။

21 ထို​အ​ခါ တစ်​စုံ​တစ်​ယောက်​က သင်​တို့​အား ‘ကြည့်​လော့။ ခ​ရစ်​တော်​သည် ဤ​အ​ရပ်​၌​ရှိ​၏’​သို့​မ​ဟုတ် ‘ကြည့်​လော့။ ထို​အ​ရပ်​၌​ရှိ​၏’​ဟု ဆို​လျှင်​လည်း မ​ယုံ​ကြ​နှင့်။

22 အ​ကြောင်း​မူ​ကား ခ​ရစ်​တော်​အ​တု​အ​ယောင်​များ​နှင့် ပ​ရော​ဖက်​အ​တု​အ​ယောင်​များ​ပေါ်​လာ​၍ ဖြစ်​နိုင်​လျှင် ရွေး​ကောက်​ခံ​ရ​သော​သူ​တို့​ကို​ပင်​လှည့်​ဖြား​ရန် နိ​မိတ်​လက္ခ​ဏာ​များ​နှင့် အံ့​သြ​ဖွယ်​ရာ​များ​ကို ပြု​ကြ​လိမ့်​မည်။

23 သို့​ဖြစ်​၍ သင်​တို့​သည် သ​တိ​ပြု​ကြ​လော့။ အ​ရာ​ခပ်​သိမ်း​တို့​ကို သင်​တို့​အား ငါ​ကြို​တင်​ပြော​ထား​ပြီ။

24 သို့​သော် ထို​နေ့​ရက်​တို့​၌ ထို​ဆင်း​ရဲ​ဒုက္ခ​ကျ​ရောက်​ပြီး​နောက် နေ​သည် မှောင်​မည်း​သွား​၍ လ​သည်​လည်း မိ​မိ​၏​အ​လင်း​ရောင်​ကို မ​ပေး​ဘဲ​နေ​လိမ့်​မည်။

25 ကြယ်​တို့​သည်​လည်း ကောင်း​ကင်​မှ​ကြွေ​ကျ​ကာ အာ​ကာ​သ​ကောင်း​ကင်​၏​စွမ်း​အား​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။

26 ထို​အ​ခါ လူ့​သား​သည် ကြီး​မား​သော​တန်​ခိုး​နှင့် ဘုန်း​အ​သ​ရေ​တို့​ဖြင့် မိုး​တိမ်​များ​စီး​လျက်​ကြွ​လာ​သည်​ကို လူ​တို့​မြင်​ရ​ကြ​လိမ့်​မည်။

27 ထို့​နောက် လူ့​သား​သည် ကောင်း​ကင်​တ​မန်​တို့​ကို​စေ​လွှတ်​၍ မိ​မိ​ရွေး​ကောက်​ထား​သော​သူ​တို့​ကို ကမ္ဘာ​မြေ​ကြီး​အ​စွန်း​မှ မိုး​ကောင်း​ကင်​အ​စွန်း​တိုင်​အောင် အ​ရပ်​လေး​မျက်​နှာ​မှ စု​စည်း​လိမ့်​မည်။

28 သ​ဖန်း​ပင်​မှ ပုံ​ဥ​ပ​မာ​ကို သင်​ယူ​ကြ​လော့။ ၎င်း​၏​အ​ကိုင်း​အ​ခက်​သည် နု​လာ​ပြီး အ​ရွက်​များ​ထွက်​လာ​သော​အ​ခါ နွေ​ရာ​သီ​နီး​ပြီ​ဖြစ်​ကြောင်း သင်​တို့​သိ​ကြ​၏။

29 ထို​နည်း​တူ သင်​တို့​သည်​လည်း ဤ​အ​ရာ​များ​ဖြစ်​ပျက်​နေ​ကြ​သည်​ကို မြင်​ရ​သော​အ​ခါ လူ့​သား​သည် တံ​ခါး​ဝ​အ​နီး​သို့​ရောက်​ရှိ​နေ​ပြီ​ဖြစ်​ကြောင်း သိ​မှတ်​ကြ​လော့။

30 သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား ဤ​အ​ရာ​များ​အား​လုံး​မ​ဖြစ်​ပျက်​မီ ဤ​မျိုး​ဆက်​သည် လုံး​ဝ​မ​ကွယ်​ပျောက်​ရာ။

31 ကောင်း​ကင်​နှင့်​မြေ​ကြီး​သည် ကွယ်​ပျောက်​သွားလိမ့်​မည်။ ငါ့​စ​ကား​မူ​ကား မည်​သည့်​အ​ခါ​မျှ​ကွယ်​ပျောက်​လိမ့်​မည်​မ​ဟုတ်။

32 သို့​သော် ထို​နေ့​ရက် သို့​မ​ဟုတ် ထို​အ​ချိန်​နာ​ရီ​နှင့်​ပတ်​သက်​၍​မူ​ကား ခ​မည်း​တော်​မှ​တစ်​ပါး မည်​သူ​မျှ​မ​သိ။ ကောင်း​ကင်​ရှိ ကောင်း​ကင်​တ​မန်​များ​လည်း​မ​သိ။ သား​တော်​လည်း​မ​သိ။

33 သ​တိ​ပြု​၍​နိုး​နိုး​ကြား​ကြား​ရှိ​ကြ​လော့။ အ​ကြောင်း​မူ​ကား ထို​အ​ချိန်​သည် မည်​သည့်​အ​ခါ​၌​ကျ​ရောက်​မည်​ကို သင်​တို့​မ​သိ​ကြ။

34 ဤ​သည်​ကား ခ​ရီး​ထွက်​မည့်​လူ​တစ်​ဦး​သည် မိ​မိ​အိမ်​မှ​ထွက်​ခွာ​ရာ​တွင် မိ​မိ​အ​စေ​အ​ပါး​အ​သီး​သီး​တို့​အား သူ​တို့​လုပ်​ဆောင်​ရ​မည့်​အ​မှု​နှင့်​တ​ကွ အ​ခွင့်​အာ​ဏာ​ကို​ပေး​၍ တံ​ခါး​မှူး​ကို​လည်း သ​တိ​နှင့်​စောင့်​နေ​ရန် မှာ​ကြား​သည်​နှင့်​တူ​၏။

35 သို့​ဖြစ်​၍ အိမ်​ရှင်​သည် မှောင်​ရီ​ပျိုး​စ​ချိန်၊ သို့​မ​ဟုတ် သန်း​ခေါင်​အ​ချိန်၊ သို့​မ​ဟုတ် ကြက်​ဦး​တွန်​ချိန်၊ သို့​မ​ဟုတ် နံ​နက်​စော​စော​အ​ချိန်​တို့​ထဲ​မှ မည်​သည့်​အ​ချိန်​၌​ရောက်​လာ​မည်​ကို သင်​တို့​မ​သိ​သော​ကြောင့် သ​တိ​နှင့်​စောင့်​နေ​ကြ​လော့။

36 သို့​မ​ဟုတ်​လျှင် သူ​သည်​ရုတ်​တ​ရက်​ပြန်​လာ​၍ သင်​တို့​အိပ်​ပျော်​နေ​ကြ​သည်​ကို တွေ့​လိမ့်​မည်။

37 သ​တိ​နှင့်​စောင့်​နေ​ကြ​လော့​ဟု သင်​တို့​ကို ငါ​ဆို​သည့်​အ​တိုင်း လူ​ခပ်​သိမ်း​တို့​အား ငါ​ဆို​၏”​ဟု မိန့်​တော်​မူ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16