ရှင်​မာ​ကု​ခ​ရစ်​ဝင် 6 MSB

နာ​ဇ​ရက်​မြို့​၌​ငြင်း​ပယ်​ခံ​ရ​ခြင်း

1 ထို့​နောက် ယေ​ရှု​သည် ထို​နေ​ရာ​မှ​ထွက်​ခွာ​၍ မိ​မိ​၏​နေ​ရင်း​မြို့​သို့​ကြွ​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​လည်း နောက်​တော်​သို့​လိုက်​ကြ​၏။

2 ဥ​ပုသ်​နေ့​ရောက်​သော​အ​ခါ ဝတ်​ပြု​စည်း​ဝေး​ကျောင်း​၌ သွန်​သင်​တော်​မူ​ရာ ကြား​နာ​သူ​များ​စွာ​တို့​သည် အံ့​အား​သင့်​လျက် “ဤ​သူ​သည် ဤ​အ​ရာ​များ​ကို အ​ဘယ်​က​ရ​သ​နည်း။ ဤ​သူ​ရ​သည့်​ဉာဏ်​ပ​ညာ​နှင့် သူ့​လက်​ဖြင့်​ပြု​သော တန်​ခိုး​လက္ခ​ဏာ​များ​ကား မည်​သို့​နည်း။

3 သူ​သည် လက်​သ​မား​မ​ဟုတ်​လော။ မာ​ရိ​၏​သား​ဖြစ်​ပြီး ယာ​ကုပ်၊ ယော​သေ၊ ယု​ဒ​နှင့်​ရှိ​မုန်​တို့​၏​အစ်​ကို​မ​ဟုတ်​လော။ သူ​၏​နှ​မ​များ​သည်​လည်း ငါ​တို့​နှင့်​အ​တူ ဤ​အ​ရပ်​၌​ရှိ​ကြ​သည်​မ​ဟုတ်​လော”​ဟု ပြော​ဆို​ကာ ကိုယ်​တော်​အ​ပေါ်​ဘ​ဝင်​မ​ကျ​ဖြစ်​ကြ​၏။

4 ယေ​ရှု​က​လည်း “ပ​ရော​ဖက်​သည် မိ​မိ​၏​နေ​ရင်း​မြို့၊ မိ​မိ​၏​ဆွေ​မျိုး​များ​ကြား​နှင့် မိ​မိ​၏​အိမ်​တို့​မှ​တစ်​ပါး မည်​သည့်​အ​ရပ်​၌​မျှ ဂုဏ်​သ​ရေ​မဲ့​သည်​ဟူ​၍​မ​ရှိ”​ဟု မိန့်​တော်​မူ​၏။

5 ကိုယ်​တော်​သည် မ​ကျန်း​မာ​သော​သူ​အ​နည်း​ငယ်​တို့​အ​ပေါ် လက်​တော်​တင်​လျက် ကျန်း​မာ​စေ​ခဲ့​ခြင်း​မှ​တစ်​ပါး ထို​နေ​ရာ​၌ မည်​သည့်​တန်​ခိုး​လက္ခ​ဏာ​ကို​မျှ​မ​ပြု​နိုင်​ခဲ့​ပေ။

6 ကိုယ်​တော်​သည် သူ​တို့​၏​မ​ယုံ​ကြည်​မှု​အ​တွက် အံ့​သြ​တော်​မူ​ပြီး ဝန်း​ကျင်​ရှိ​ကျေး​ရွာ​များ​သို့ လှည့်​လည်​၍​သွန်​သင်​တော်​မူ​၏။

တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​ကို စေ​လွှတ်​တော်​မူ​ခြင်း

7 ထို့​နောက် ကိုယ်​တော်​သည် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​ကို​ခေါ်​၍ နှစ်​ဦး​စီ​နှစ်​ဦး​စီ​စေ​လွှတ်​ကာ သူ​တို့​အား ညစ်​ညူး​သော​နတ်​တို့​ကို နိုင်​ရ​သော​အ​ခွင့်​အာ​ဏာ​ကို​ပေး​တော်​မူ​၏။

8 ထို့​ပြင် လမ်း​ခ​ရီး​အ​တွက် တောင်​ဝှေး​တစ်​ချောင်း​မှ​တစ်​ပါး မည်​သည့်​အ​ရာ​ကို​မျှ​မ​ယူ​သွား​ကြ​ရန်​နှင့် အ​စား​အ​စာ၊ လွယ်​အိတ်​နှင့် ကြေး​ဒင်္ဂါး​တို့​ကို​လည်း ခါး​ပန်း​၌​မ​ထည့်​သွား​ဘဲ

9 ဖိ​နပ်​ကို​သာ​စီး​၍ အင်္ကျီ​ကို​လည်း နှစ်​ထပ်​မ​ဝတ်​သွား​ကြ​ရန် မိန့်​မှာ​တော်​မူ​၏။

10 တစ်​ဖန် သူ​တို့​အား “မည်​သည့်​အ​ရပ်​တွင်​မ​ဆို အိမ်​တစ်​အိမ်​သို့ သင်​တို့​ဝင်​ကြ​သော​အ​ခါ ထို​အ​ရပ်​မှ​ပြန်​လည်​ထွက်​ခွာ​သည့်​တိုင်​အောင် ထို​အိမ်​၌​တည်း​ခို​ကြ​လော့။

11 မည်​သည့်​အ​ရပ်​၌​မ​ဆို သင်​တို့​ကို​လက်​မ​ခံ၊ သင်​တို့​၏​စ​ကား​ကို​လည်း​နား​မ​ထောင်​လျှင် ထို​အ​ရပ်​မှ​ထွက်​ခွာ​ကြ​စဉ် သူ​တို့​တစ်​ဖက်​၌ သက်​သေ​ဖြစ်​စေ​ရန် သင်​တို့​၏​ခြေ​ဖ​ဝါး​မှ​မြေ​မှုန့်​ကို ခါ​ချ​ခဲ့​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

12 ထို​အ​ခါ တ​ပည့်​တော်​တို့​သည်​ထွက်​သွား​၍ လူ​တို့​နောင်​တ​ရ​ကြ​မည့်​အ​ကြောင်း ဟော​ပြော​ကြ​၏။

13 သူ​တို့​သည် များ​စွာ​သော​နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​ကာ မ​ကျန်း​မာ​သော​သူ​များ​စွာ​တို့​ကို ဆီ​လိမ်း​၍​ကျန်း​မာ​စေ​ကြ​၏။

ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​၏​သေ​ဆုံး​ခြင်း

14 ကိုယ်​တော်​၏​နာ​မ​တော်​သည် ထင်​ပေါ်​ကျော်​ကြား​လာ​သ​ဖြင့် ဟေ​ရုဒ်​မင်း​၏​နား​တော်​သို့​ရောက်​လေ​၏။ လူ​အ​ချို့​တို့​က “ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​လေ​ပြီ။ ထို့​ကြောင့် သူ​၌ တန်​ခိုး​လက္ခ​ဏာ​များ​ထင်​ရှား​နေ​၏”​ဟု ဆို​ကြ​၏။

15 အ​ချို့​တို့​က​လည်း “သူ​သည် ဧ​လိ​ယ​ဖြစ်​၏”​ဟု ဆို​ကြ​ပြီး အ​ချို့​တို့​က​လည်း “ရှေး​ပ​ရော​ဖက်​များ​တစ်​ပါး​ပါး​ကဲ့​သို့​သော​ပ​ရော​ဖက်​ဖြစ်​၏”​ဟု ဆို​ကြ​၏။

16 ဟေ​ရုဒ်​သည်​ကြား​လျှင် “ငါ​ခေါင်း​ဖြတ်​ကွပ်​မျက်​ခဲ့​သော​ယော​ဟန်​သည် ထ​မြောက်​လေ​ပြီ”​ဟု ဆို​၏။

17 ထို​သို့​ဆို​သည့်​အ​ကြောင်း​မှာ ဟေ​ရုဒ်​သည် မိ​မိ​အစ်​ကို ဖိ​လိပ္ပု​၏​ဇ​နီး ဟေ​ရော​ဒိ​ကိစ္စ​ကြောင့် သူ​ကိုယ်​တိုင်​လူ​လွှတ်​၍ ယော​ဟန်​ကို​ဖမ်း​ဆီး​ကာ ထောင်​ထဲ​၌ ချုပ်​နှောင်​ထား​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ဟေ​ရုဒ်​သည် ထို​မိန်း​မ​နှင့်​ထိမ်း​မြား​စုံ​ဖက်​သ​ဖြင့်

18 ယော​ဟန်​က “သင်​သည် အစ်​ကို​၏​ဇ​နီး​ကို​သိမ်း​ယူ​ခြင်း​မှာ တ​ရား​တော်​နှင့်​မ​ညီ​ပါ”​ဟု ပြော​ခဲ့​သော​ကြောင့်​ဖြစ်​၏။

19 ဟေ​ရော​ဒိ​သည် ယော​ဟန်​ကို​ရန်​ငြိုး​ထား​လျက် သတ်​လို​သော်​လည်း အ​ခွင့်​မ​ရ​ခဲ့​ချေ။

20 အ​ကြောင်း​မူ​ကား ယော​ဟန်​သည် ဖြောင့်​မတ်​သန့်​ရှင်း​သူ​ဖြစ်​ကြောင်း ဟေ​ရုဒ်​သည်​သိ​၍ သူ့​ကို​ကြောက်​ရွံ့​ရို​သေ​လျက် စောင့်​ရှောက်​ထား​သည့်​အ​ပြင် ယော​ဟန်​၏​စ​ကား​ကို​ကြား​ရ​သည့်​အ​ခါ အ​လွန်​စိတ်​အ​နှောင့်​အ​ယှက်​ဖြစ်​တတ်​သော်​လည်း ဝမ်း​မြောက်​စွာ​နား​ထောင်​လေ့​ရှိ​သော​ကြောင့်​ဖြစ်​၏။

21 သို့​သော် အ​ခွင့်​ကောင်း​ရောက်​လာ​လေ​၏။ ဟေ​ရုဒ်​သည် မိ​မိ​၏​မွေး​နေ့​၌ မှူး​ကြီး​မတ်​ရာ​များ၊ တပ်​မှူး​ကြီး​များ​နှင့် ဂါ​လိ​လဲ​နယ်​၏​ခေါင်း​ဆောင်​များ​အ​တွက် ည​စာ​စား​ပွဲ​ကျင်း​ပ​သော​အ​ခါ

22 ဟေ​ရော​ဒိ​၏​သ​မီး​သည် ထို​စား​ပွဲ​သို့​ဝင်​လာ​၍ က​ပြ​လျက် ဟေ​ရုဒ်​မှ​စ​၍ သူ​နှင့်​အ​တူ​စား​သောက်​ပွဲ​၌​ထိုင်​နေ​သော​သူ​တို့​ကို နှစ်​သက်​စေ​၏။ ဟေ​ရုဒ်​က “လို​ချင်​သ​မျှ​သော​အ​ရာ​ကို​တောင်း​လော့။ သင့်​ကို ငါ​ပေး​မည်”​ဟု မိန်း​က​လေး​အား​ဆို​ပြီး​မှ

23 တစ်​ဖန် “ငါ့​ကို​သင်​တောင်း​သ​မျှ ငါ့​နိုင်​ငံ​တစ်​ဝက်​တိုင်​အောင် သင့်​အား ငါ​ပေး​မည်”​ဟု တိုင်​တည်​ပြော​ဆို​လေ​၏။

24 ထို​အ​ခါ မိန်း​က​လေး​သည်​ထွက်​သွား​၍ “မည်​သည့်​အ​ရာ​ကို တောင်း​ရ​ပါ​မည်​နည်း”​ဟု မိ​မိ​၏​မိ​ခင်​အား​မေး​လေ​ရာ မိ​ခင်​က “ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​၏​ဦး​ခေါင်း”​ဟု ဆို​၏။

25 သူ​သည်​လည်း ချက်​ချင်း​ပင် မင်း​ကြီး​ထံ​အ​လျင်​အ​မြန်​ဝင်​၍ “ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​၏​ဦး​ခေါင်း​ကို လင်​ပန်း​ပေါ်​တင်​၍ ယ​ခု​ပင် ကျွန်​မ​အား​ပေး​စေ​လို​ပါ​သည်”​ဟု တောင်း​လျှောက်​လေ​၏။

26 မင်း​ကြီး​သည် အ​လွန်​စိတ်​မ​ကောင်း​ဖြစ်​သော်​လည်း ပြု​ထား​သော​က​တိ​သစ္စာ​ကို​လည်း​ကောင်း၊ စား​ပွဲ​၌​ထိုင်​နေ​သော​သူ​တို့​၏​မျက်​နှာ​ကို​လည်း​ကောင်း ထောက်​၍ သူ့​ကို မ​ငြင်း​ဆန်​လို​သ​ဖြင့်

27 အာ​ဏာ​ပါး​ကွက်​သား​တစ်​ဦး​ကို ချက်​ချင်း​စေ​လွှတ်​ကာ ယော​ဟန်​၏​ဦး​ခေါင်း​ကို​ယူ​ဆောင်​ခဲ့​ရန် အ​မိန့်​ပေး​လေ​၏။ ထို​သူ​သည်​လည်း​သွား​၍ ယော​ဟန်​၏​ဦး​ခေါင်း​ကို ထောင်​ထဲ​၌ ဖြတ်​ပြီး​လျှင်

28 ထို​ဦး​ခေါင်း​ကို လင်​ပန်း​ပေါ်​တင်​၍ ယူ​လာ​ကာ မိန်း​က​လေး​အား​ပေး​လေ​၏။ မိန်း​က​လေး​သည်​လည်း ၎င်း​ကို မိ​မိ​၏​မိ​ခင်​အား​ပေး​လေ​၏။

29 ယော​ဟန်​၏​တ​ပည့်​တို့​သည် ထို​သ​တင်း​ကို​ကြား​သိ​ကြ​သော​အ​ခါ လာ​၍ သူ​၏​အ​လောင်း​ကို​ယူ​ဆောင်​သွား​ပြီး​လျှင် ဂူ​သွင်း​သင်္ဂြိုဟ်​ကြ​၏။

လူ​ငါး​ထောင်​ကို​ကျွေး​မွေး​တော်​မူ​ခြင်း

30 တ​မန်​တော်​တို့​သည် ယေ​ရှု​ထံ ပြန်​လည်​စု​ဝေး​လာ​ကြ​၍ သူ​တို့​ပြု​ခဲ့​သ​မျှ​နှင့် သွန်​သင်​ခဲ့​သ​မျှ​တို့​ကို ကိုယ်​တော်​အား​ကြား​လျှောက်​ကြ​၏။

31 ကိုယ်​တော်​က​လည်း “သင်​တို့​သည် လူ​သူ​ကင်း​ဝေး​ရာ​အ​ရပ်​သို့ သင်​တို့​ချည်း​သာ​လာ​၍ ခေတ္တ​အ​နား​ယူ​ကြ​လော့”​ဟု သူ​တို့​အား မိန့်​တော်​မူ​၏။ ထို​သို့​မိန့်​တော်​မူ​ခြင်း​မှာ ဝင်​ထွက်​သူ​များ​သ​ဖြင့် သူ​တို့​သည် အ​စာ​စား​ရန်​ပင် အ​ချိန်​မ​ရ​ကြ​သော​ကြောင့်​ဖြစ်​၏။

32 ထို့​ကြောင့် သူ​တို့​သည် လူ​သူ​ကင်း​ဝေး​ရာ​အ​ရပ်​သို့ သူ​တို့​ချည်း​သာ လှေ​ဖြင့်​ထွက်​သွား​ကြ​၏။

33 သို့​သော် လူ​များ​စွာ​တို့​သည် သူ​တို့​သွား​ကြ​သည်​ကို​တွေ့​၍ သိ​မြင်​သ​ဖြင့် မြို့​ရွာ​အ​ပေါင်း​တို့​မှ ထို​အ​ရပ်​သို့ ကုန်း​ကြောင်း​ဖြင့်​ပြေး​သွား​ကာ သူ​တို့​ထက်​အ​လျင်​ဦး​စွာ ရောက်​နှင့်​ကြ​လေ​၏။

34 ကိုယ်​တော်​သည်​လှေ​ပေါ်​မှ​ဆင်း​သော​အ​ခါ များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​ကို​မြင်​လျှင် သူ​တို့​သည် သိုး​ထိန်း​မ​ရှိ​သော​သိုး​များ​ကဲ့​သို့​ဖြစ်​ကြ​သော​ကြောင့် သူ​တို့​အ​ပေါ်​ကြင်​နာ​စိတ်​ရှိ​တော်​မူ​၍ များ​စွာ​သော​အ​ရာ​တို့​ကို​သွန်​သင်​တော်​မူ​၏။

35 အ​ချိန်​နောက်​ကျ​နေ​ပြီ​ဖြစ်​၍ တ​ပည့်​တော်​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​လျက် “ဤ​နေ​ရာ​သည် လူ​သူ​ကင်း​ဝေး​ရာ​အ​ရပ်​ဖြစ်​ပြီး အ​ချိန်​လည်း​နောက်​ကျ​နေ​ပါ​ပြီ။

36 လူ​တို့​သည် ဝန်း​ကျင်​ရှိ​ကျေး​လက်​တော​ရွာ​များ​သို့​သွား​၍ မိ​မိ​တို့​အ​တွက် စား​စ​ရာ​များ​ဝယ်​ယူ​နိုင်​ရန် သူ​တို့​ကို​ပြန်​လွှတ်​တော်​မူ​ပါ”​ဟု လျှောက်​ကြ​၏။

37 သို့​သော် ကိုယ်​တော်​က “သင်​တို့​ကိုယ်​တိုင် သူ​တို့​အား စား​စ​ရာ​ပေး​ကြ​လော့”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။ တ​ပည့်​တော်​တို့​က​လည်း “အ​ကျွန်ုပ်​တို့​သည် ဒေ​နာ​ရိ​နှစ်​ရာ​ဖြင့် မုန့်​များ​သွား​ဝယ်​၍ သူ​တို့​စား​ရန် ပေး​ရ​ပါ​မည်​လော”​ဟု ပြန်​လျှောက်​ကြ​၏။

38 ကိုယ်​တော်​က​လည်း “သင်​တို့​၌ မုန့်​မည်​မျှ​ရှိ​သ​နည်း။ သွား​၍​ကြည့်​ကြ​လော့”​ဟု သူ​တို့​အား မိန့်​တော်​မူ​၏။ သူ​တို့​သည်​လည်း သိ​ရှိ​ပြီး​မှ “မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ရှိ​ပါ​သည်”​ဟု လျှောက်​ကြ​၏။

39 ထို့​နောက် ကိုယ်​တော်​သည် လူ​အ​ပေါင်း​တို့​ကို စိမ်း​လန်း​သော​မြက်​ခင်း​ပေါ်​၌ အ​စု​လိုက်​ထိုင်​စေ​ရန် တ​ပည့်​တော်​တို့​အား အ​မိန့်​ပေး​တော်​မူ​၏။

40 လူ​တို့​သည်​လည်း တစ်​ရာ​စီ၊ ငါး​ဆယ်​စီ အ​စု​လိုက်​ထိုင်​ကြ​၏။

41 ထို​အ​ခါ ကိုယ်​တော်​သည် မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ကို​ယူ​၍ မိုး​ကောင်း​ကင်​သို့​မျှော်​ကြည့်​ကာ ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး​လျှင် မုန့်​ကို​ဖဲ့​၍ လူ​တို့​ကို​ဝေ​ပေး​ရန် တ​ပည့်​တော်​တို့​အား​ပေး​တော်​မူ​၏။ ငါး​နှစ်​ကောင်​ကို​လည်း လူ​အ​ပေါင်း​တို့​အား ခွဲ​ဝေ​ပေး​တော်​မူ​၏။

42 လူ​အ​ပေါင်း​တို့​သည် စား​၍​ဝ​ကြ​၏။

43 ထို့​နောက် မုန့်​အ​ကျိုး​အ​ပဲ့​နှင့် ငါး​၏​အ​ကြွင်း​အ​ကျန်​တို့​ကို ကောက်​သိမ်း​ကြ​ရာ တစ်​ဆယ့်​နှစ်​တောင်း​အ​ပြည့်​ရ​ကြ​၏။

44 မုန့်​ကို​စား​သော​ယောက်ျား​ဦး​ရေ​မှာ ငါး​ထောင်​ရှိ​၏။

ရေ​ပေါ်​၌​လမ်း​လျှောက်​တော်​မူ​ခြင်း

45 ထို့​နောက် ကိုယ်​တော်​သည် ချက်​ချင်း​ပင် တ​ပည့်​တော်​တို့​ကို လှေ​ပေါ်​သို့​တက်​စေ​၍ တစ်​ဖက်​ကမ်း​ရှိ ဗက်​ဇဲ​ဒ​မြို့​သို့ အ​လျင်​ဦး​စွာ​ကူး​နှင့်​စေ​တော်​မူ​ပြီး တစ်​ချိန်​တည်း​မှာ​ပင် လူ​ထု​ပ​ရိ​သတ်​များ​ကို ပြန်​လွှတ်​တော်​မူ​၏။

46 လူ​တို့​ကို​နှုတ်​ဆက်​ပြီး​နောက် ကိုယ်​တော်​သည် ဆု​တောင်း​ရန် တောင်​ပေါ်​သို့​တက်​တော်​မူ​၏။

47 ည​နေ​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ လှေ​သည် ပင်​လယ်​အ​လယ်​၌​ရှိ​၏။ ကိုယ်​တော်​မူ​ကား ကုန်း​ပေါ်​၌ တစ်​ပါး​တည်း​ရှိ​တော်​မူ​၏။

48 လေ​ဆန်​သော​ကြောင့် လှော်​ခတ်​၍ ပင်​ပန်း​နေ​ကြ​သော​တ​ပည့်​တော်​တို့​ကို ကိုယ်​တော်​မြင်​တော်​မူ​လျှင် မိုး​သောက်​ယံ​အ​ချိန်​ဝန်း​ကျင်​၌ ပင်​လယ်​ပေါ်​တွင်​လမ်း​လျှောက်​လျက် သူ​တို့​ထံ​သို့​ကြွ​တော်​မူ​ပြီး သူ​တို့​ကို​ဖြတ်​သွား​မည်​ပြု​လေ​၏။

49 တ​ပည့်​တော်​တို့​သည် ပင်​လယ်​ပေါ်​တွင် ကိုယ်​တော်​လမ်း​လျှောက်​နေ​သည်​ကို​မြင်​လျှင် တစ္ဆေ​ဖြစ်​သည်​ဟု​ထင်​မှတ်​လျက် အော်​ဟစ်​ကြ​၏။

50 သူ​တို့​အား​လုံး​သည် ကိုယ်​တော်​ကို​တွေ့​မြင်​၍ တုန်​လှုပ်​ချောက်​ချား​ကြ​သော​ကြောင့်​ဖြစ်​၏။ သို့​သော် ကိုယ်​တော်​သည် ချက်​ချင်း​ပင် သူ​တို့​နှင့်​စ​ကား​ပြော​လျက် “မ​စိုး​ရိမ်​ကြ​နှင့်။ ငါ​ပင်​ဖြစ်​၏။ မ​ကြောက်​ကြ​နှင့်”​ဟု မိန့်​တော်​မူ​၏။

51 ထို့​နောက် သူ​တို့​ရှိ​ရာ လှေ​ပေါ်​သို့​တက်​တော်​မူ​သော် လေ​သည်​ငြိမ်​သွား​လေ​၏။ သူ​တို့​သည် အ​လွန်​အ​မင်း​အံ့​သြ​ငေး​မော​ကြ​၏။

52 အ​ကြောင်း​မူ​ကား သူ​တို့​သည် မုန့်​နှင့်​ပတ်​သက်​သော​ဖြစ်​ရပ်​ကို​နား​မ​လည်​ဘဲ သူ​တို့​၏​စိတ်​နှ​လုံး​မာ​ကျော​လျက်​ရှိ​ကြ​သော​ကြောင့်​ဖြစ်​၏။

ဂင်​နေ​သ​ရက်​မြို့​၌ အ​နာ​ရော​ဂါ​ပျောက်​ကင်း​စေ​တော်​မူ​ခြင်း

53 ထို့​နောက် သူ​တို့​သည် ပင်​လယ်​ကို​ကူး​၍ ဂင်​နေ​သ​ရက်​မြို့​သို့​ရောက်​သ​ဖြင့် လှေ​ကို​ဆိုက်​ကပ်​ကြ​၏။

54 လှေ​ပေါ်​မှ သူ​တို့​ဆင်း​ကြ​ရာ လူ​တို့​သည် ကိုယ်​တော်​ကို​ချက်​ချင်း​မှတ်​မိ​ကြ​သ​ဖြင့်

55 ထို​အ​ရပ်​ဒေ​သ​တစ်​ဝန်း​လုံး​သို့​ပြေး​သွား​ကာ ကိုယ်​တော်​ရှိ​တော်​မူ​သည်​ဟု သူ​တို့​ကြား​ရ​သည့်​နေ​ရာ​သို့ နာ​မ​ကျန်း​ဖြစ်​သူ​တို့​ကို အိပ်​ရာ​နှင့်​တ​ကွ​သယ်​ဆောင်​လာ​ကြ​၏။

56 ကိုယ်​တော်​ကြွ​တော်​မူ​သော မြို့​၌​ဖြစ်​စေ၊ ကျေး​လက်​တော​ရွာ​၌​ဖြစ်​စေ၊ လူ​တို့​သည် နာ​မ​ကျန်း​ဖြစ်​သူ​တို့​ကို ဈေး​အ​ရပ်​၌​ချ​ထား​ကာ သူ​တို့​အား ကိုယ်​တော်​၏​ဝတ်​ရုံ​တော်​ပန်း​ဖွား​ကို​မျှ တို့​ထိ​ခွင့်​ပြု​ပါ​မည့်​အ​ကြောင်း ကိုယ်​တော်​ကို​တောင်း​ပန်​ကြ​၏။ ကိုယ်​တော်​ကို တို့​ထိ​ရ​သော​သူ​ရှိ​သ​မျှ​တို့​သည်​လည်း ရော​ဂါ​ပျောက်​ကင်း​ခြင်း​အ​ခွင့်​ကို​ရ​ကြ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16