ရှင်​မာ​ကု​ခ​ရစ်​ဝင် 5 MSB

နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​တော်​မူ​ခြင်း

1 ထို့​နောက် သူ​တို့​သည် ပင်​လယ်​တစ်​ဖက်​ကမ်း​ရှိ ဂါ​ရ​စ​နယ်​သို့​ရောက်​ကြ​၏။

2 ယေ​ရှု​သည် လှေ​ပေါ်​မှ​ဆင်း​တော်​မူ​သည့်​ခ​ဏ​ချင်း​တွင် ညစ်​ညူး​သော​နတ်​ပူး​နေ​သည့် လူ​တစ်​ဦး​သည် သင်္ချိုင်း​မှ​ထွက်​လာ​၍ ကိုယ်​တော်​ကို​ဆီး​ကြို​လေ​၏။

3 ထို​သူ​သည် သင်္ချိုင်း​၌​နေ​တတ်​ပြီး မည်​သူ​မျှ သူ့​ကို သံ​ကြိုး​နှင့်​ပင်​ချည်​နှောင်​ထား​၍ မ​ရ​နိုင်​ချေ။

4 အ​ဘယ်​ကြောင့်​ဆို​သော် သူ့​ကို ခြေ​ချင်း​နှင့်​သံ​ကြိုး​တို့​ဖြင့် အ​ကြိမ်​ကြိမ်​ချည်​နှောင်​ခဲ့​ကြ​သော်​လည်း သူ​သည် သံ​ကြိုး​များ​ကို​ဆွဲ​ဖြတ်​ကာ ခြေ​ချင်း​များ​ကို အ​ပိုင်း​ပိုင်း​ကျိုး​ပဲ့​စေ​သော​ကြောင့် မည်​သူ​မျှ သူ့​ကို မ​ထိန်း​ချုပ်​နိုင်​ကြ​ချေ။

5 သူ​သည် သင်္ချိုင်း​၌​လည်း​ကောင်း၊ တောင်​ပေါ်​၌​လည်း​ကောင်း နေ့​ည​မ​ပြတ်​အော်​ဟစ်​လျက် ကျောက်​တုံး​များ​ဖြင့် မိ​မိ​ကိုယ်​ကို​အ​နာ​တ​ရ​ဖြစ်​စေ​၏။

6 သူ​သည် ယေ​ရှု​ကို​အ​ဝေး​မှ​မြင်​လျှင် ပြေး​လာ​၍ ကိုယ်​တော်​ကို​ရှိ​ခိုး​ကာ

7 “အ​မြင့်​ဆုံး​သော​ဘု​ရား​သ​ခင်​၏​သား​တော်​ယေ​ရှု၊ ကိုယ်​တော်​နှင့် အ​ကျွန်ုပ်​မည်​သို့​ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​ကို​မ​ညှဉ်း​ဆဲ​ပါ​ရန် ဘု​ရား​သ​ခင်​ကို​အ​မှီ​ပြု​၍ ကိုယ်​တော်​အား အ​ကျွန်ုပ်​အ​လေး​အ​နက်​တောင်း​ပန်​ပါ​၏”​ဟု ကျယ်​လောင်​သော​အ​သံ​ဖြင့် အော်​ဟစ်​လျှောက်​ထား​လေ​၏။

8 ထို​သို့​လျှောက်​ထား​ခြင်း​မှာ ကိုယ်​တော်​သည် ထို​သူ​အား “ညစ်​ညူး​သော​နတ်၊ ဤ​လူ​ထံ​မှ ထွက်​ခဲ့​လော့”​ဟု မိန့်​တော်​မူ​သော​ကြောင့်​ဖြစ်​၏။

9 တစ်​ဖန် ကိုယ်​တော်​က “သင့်​နာ​မည် မည်​သို့​ခေါ်​သ​နည်း”​ဟု မေး​တော်​မူ​ရာ ထို​သူ​က “အ​ကျွန်ုပ်​၏​နာ​မည်​မှာ လေ​ဂေါင်​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​တို့​သည် များ​စွာ​ရှိ​ကြ​သော​ကြောင့်​ဖြစ်​၏”​ဟု လျှောက်​လေ​၏။

10 ထို့​နောက် မိ​မိ​တို့​ကို ထို​အ​ရပ်​ဒေ​သ​မှ​နှင်​ထုတ်​တော်​မ​မူ​ရန် ကိုယ်​တော်​အား အ​နူး​အ​ညွတ်​တောင်း​ပန်​လေ​၏။

11 ထို​အ​ရပ်​အ​နီး​အ​နား​ရှိ တောင်​ကုန်း​ပေါ်​၌ ဝက်​အုပ်​ကြီး​တစ်​အုပ်​ကျက်​စား​လျက်​ရှိ​၏။

12 နတ်​ဆိုး​တို့​က “ဝက်​များ​ထဲ​သို့ ဝင်​ရ​ပါ​မည့်​အ​ကြောင်း ၎င်း​တို့​ထဲ​သို့ အ​ကျွန်ုပ်​တို့​ကို စေ​လွှတ်​တော်​မူ​ပါ”​ဟု တောင်း​ပန်​ကြ​၏။

13 ကိုယ်​တော်​သည်​လည်း ခွင့်​ပြု​တော်​မူ​သ​ဖြင့် ညစ်​ညူး​သော​နတ်​တို့​သည်​ထွက်​သွား​၍ ဝက်​များ​ထဲ​သို့​ဝင်​ကြ​ရာ နှစ်​ထောင်​ခန့်​ရှိ​သော​ဝက်​အုပ်​သည် တောင်​ကမ်း​ပါး​အ​တိုင်း ပင်​လယ်​ထဲ​သို့ တစ်​ဟုန်​ထိုး​ပြေး​ဆင်း​ကာ ပင်​လယ်​ထဲ​၌ ရေ​နစ်​သေ​ဆုံး​ကြ​ကုန်​၏။

14 ဝက်​ထိန်း​ကျောင်း​သော​သူ​တို့​သည် ထွက်​ပြေး​၍ မြို့​နှင့်​တော​ရွာ​များ​တွင် ပြော​ကြား​ကြ​သ​ဖြင့် လူ​တို့​သည် မည်​သည့်​အ​ရာ​ဖြစ်​ပျက်​ခဲ့​သည်​ကို​ကြည့်​ရှု​ရန် ထွက်​လာ​ကြ​၏။

15 ယေ​ရှု​ထံ​သို့​ရောက်​လာ​ကြ​သော​အ​ခါ လေ​ဂေါင်​စွဲ​ခဲ့​သည့် နတ်​ဆိုး​ပူး​သူ​သည် အ​ဝတ်​ဝတ်​ထား​ကာ ပ​က​တိ​စိတ်​ရှိ​လျက်​ထိုင်​နေ​သည်​ကို​တွေ့​မြင်​လျှင် ကြောက်​ရွံ့​ကြ​၏။

16 မျက်​မြင်​တွေ့​ရှိ​သူ​များ​က​လည်း နတ်​ဆိုး​ပူး​သူ​၌ မည်​ကဲ့​သို့​ဖြစ်​ပျက်​ခဲ့​သည်​ကို​လည်း​ကောင်း၊ ဝက်​တို့​အ​ကြောင်း​ကို​လည်း​ကောင်း သူ​တို့​အား​ပြော​ပြ​ကြ​၏။

17 ထို​အ​ခါ သူ​တို့​သည် မိ​မိ​တို့​၏​အ​ရပ်​ဒေ​သ​မှ ထွက်​သွား​တော်​မူ​ရန် ကိုယ်​တော်​အား​တောင်း​ပန်​ကြ​၏။

18 ကိုယ်​တော်​သည် လှေ​ပေါ်​သို့​တက်​တော်​မူ​စဉ် နတ်​ဆိုး​ပူး​ခဲ့​သူ​က ကိုယ်​တော်​နှင့်​အ​တူ​လိုက်​ပါ​ခွင့်​ပြု​ပါ​မည့်​အ​ကြောင်း ကိုယ်​တော်​ကို​တောင်း​ပန်​လေ​၏။

19 သို့​သော် ကိုယ်​တော်​သည် ခွင့်​ပြု​တော်​မ​မူ​ဘဲ “သင့်​အိမ်၊ သင့်​မိ​သား​စု​ထံ​သို့​သွား​၍ သင့်​အ​ပေါ် ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သ​မျှ​သော​အ​ရာ​နှင့် သင့်​ကို​သ​နား​တော်​မူ​ကြောင်း​ကို သူ​တို့​အား​ပြော​ပြ​လော့”​ဟု မိန့်​တော်​မူ​၏။

20 ထို​အ​ခါ သူ​သည်​ထွက်​သွား​၍ မိ​မိ​အ​ပေါ်​ယေ​ရှု​ပြု​တော်​မူ​သ​မျှ​တို့​ကို ဒေ​ကာ​ပေါ​လိ​နယ်​၌​ပြော​ကြား​သ​ဖြင့် လူ​အ​ပေါင်း​တို့​သည်​အံ့​သြ​ကြ​၏။

အ​သက်​ပြန်​ရှင်​သည့်​သူ​ငယ်​မ​နှင့် ရော​ဂါ​ပျောက်​ကင်း​သော​အ​မျိုး​သ​မီး

21 ထို့​နောက် ယေ​ရှု​သည် လှေ​ဖြင့် တစ်​ဖက်​ကမ်း​သို့ ပြန်​၍​ကူး​တော်​မူ​ရာ များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​သည် အ​ထံ​တော်​သို့​စု​ဝေး​လာ​ကြ​၏။ ကိုယ်​တော်​သည် ပင်​လယ်​ကမ်း​နား​တွင်​ရှိ​နေ​တော်​မူ​စဉ်

22 ယာ​ဣ​ရု​အ​မည်​ရှိ​သော ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တာ​ဝန်​ခံ​တစ်​ဦး​သည် ရောက်​လာ​၍ ကိုယ်​တော်​ကို​မြင်​လျှင် ခြေ​တော်​ရင်း​၌​ပျပ်​ဝပ်​ကာ

23 “အ​ကျွန်ုပ်​၏​သ​မီး​ငယ်​သည် သေ​လု​နီး​ပါး​ဖြစ်​နေ​ပါ​၏။ သူ​သည် ရော​ဂါ​ပျောက်​ကင်း​လျက် အ​သက်​ချမ်း​သာ​ရာ​ရ​မည့်​အ​ကြောင်း ကြွ​လာ​၍ သူ့​အ​ပေါ် လက်​တော်​ကို​တင်​တော်​မူ​ပါ”​ဟု အ​နူး​အ​ညွတ်​တောင်း​ပန်​လေ​၏။

24 ထို့​ကြောင့် ကိုယ်​တော်​သည် သူ​နှင့်​အ​တူ​လိုက်​သွား​တော်​မူ​၏။ များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​တို့​သည်​လည်း နောက်​တော်​သို့​လိုက်​ကြ​ပြီး ကိုယ်​တော်​ကို​တိုး​ဝှေ့​မိ​ကြ​၏။

25 ထို​အ​ခါ တစ်​ဆယ့်​နှစ်​နှစ်​ပတ်​လုံး သွေး​သွန်​ရော​ဂါ​စွဲ​ကပ်​၍

26 များ​စွာ​သော​ဆေး​ဆ​ရာ​တို့​ထံ​၌ အ​လွန်​ဝေ​ဒ​နာ​ခံ​စား​ရ​လျက် မိ​မိ​၌​ရှိ​သ​မျှ​တို့​ကို အ​ကုန်​သုံး​စွဲ​ခဲ့​သော်​လည်း မည်​သည့်​အ​ကျိုး​မျှ​မ​ရှိ​သည်​သာ​မ​က ရော​ဂါ​ပို​၍​ဆိုး​ရွား​လာ​သော​အ​မျိုး​သ​မီး​တစ်​ဦး​သည်

27-28 ယေ​ရှု​အ​ကြောင်း​ကို​ကြား​၍ “ကိုယ်​တော်​၏​ဝတ်​ရုံ​တော်​ကို တို့​ထိ​ရ​လျှင်​ပင် ရော​ဂါ​ပျောက်​ကင်း​လိမ့်​မည်”​ဟု ဆို​လျက် လူ​ထု​ပ​ရိ​သတ်​ကြား​မှ ကိုယ်​တော်​၏​နောက်​တော်​သို့​လာ​ပြီး ဝတ်​ရုံ​တော်​ကို​တို့​ထိ​လေ​၏။

29 ထို​ခ​ဏ​ချင်း​တွင် သူ​ခံ​စား​ရ​သော​သွေး​သွန်​ခြင်း​သည် ရပ်​သွား​သ​ဖြင့် သူ​သည် ရော​ဂါ​ဝေ​ဒ​နာ​ပျောက်​ကင်း​သွား​ကြောင်း မိ​မိ​ကိုယ်​ခန္ဓာ​၌ ခံ​စား​သိ​ရှိ​ရ​၏။

30 ယေ​ရှု​သည် မိ​မိ​ထံ​မှ​တန်​ခိုး​ထွက်​သည်​ကို ချက်​ချင်း​သိ​တော်​မူ​၍ လူ​ထု​ပ​ရိ​သတ်​ဘက်​သို့​လှည့်​ကြည့်​ကာ “ငါ့​ဝတ်​ရုံ​ကို မည်​သူ​တို့​ထိ​သ​နည်း”​ဟု မေး​တော်​မူ​၏။

31 တ​ပည့်​တော်​တို့​က​လည်း “ကိုယ်​တော်​ကို​တိုး​ဝှေ့​နေ​ကြ​သည့် လူ​ထု​ပ​ရိ​သတ်​ကို​မြင်​တော်​မူ​ပါ​လျက်​နှင့် ‘ငါ့​ကို မည်​သူ​တို့​ထိ​သ​နည်း’​ဟူ​၍ မေး​တော်​မူ​ရ​ပါ​သ​လော”​ဟု ကိုယ်​တော်​အား​လျှောက်​ကြ​၏။

32 သို့​သော် ကိုယ်​တော်​သည် ထို​သို့​ပြု​သော​သူ​ကို​တွေ့​မြင်​ရန် ပတ်​ပတ်​လည်​သို့​ကြည့်​ရှု​တော်​မူ​၏။

33 ထို​အ​ခါ ထို​အ​မျိုး​သ​မီး​သည် မိ​မိ​၌​မည်​သို့​ဖြစ်​ခဲ့​သည်​ကို​သိ​သ​ဖြင့် ကြောက်​ရွံ့​တုန်​လှုပ်​လျက် ရှေ့​တော်​သို့​လာ​၍ ပျပ်​ဝပ်​ကာ ဟုတ်​မှန်​သည့်​အ​တိုင်း အ​ကုန်​အ​စင်​လျှောက်​ထား​လေ​၏။

34 ကိုယ်​တော်​က​လည်း “သ​မီး၊ သင်​၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို​ကျန်း​မာ​စေ​ပြီ။ ငြိမ်း​ချမ်း​စွာ​သွား​၍ သင်​၏​ရော​ဂါ​ဝေ​ဒ​နာ​နှင့်​ကင်း​လွတ်​လော့”​ဟု မိန့်​တော်​မူ​၏။

35 ထို​သို့ ကိုယ်​တော်​မိန့်​တော်​မူ​စဉ် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တာ​ဝန်​ခံ​၏​အိမ်​မှ လူ​တို့​သည် ရောက်​လာ​၍ “သင်​၏​သ​မီး​သေ​ဆုံး​သွား​ပါ​ပြီ။ ဆ​ရာ့​ကို အ​ဘယ်​ကြောင့် ဆက်​၍​နှောင့်​ယှက်​နေ​ဦး​မည်​နည်း”​ဟု ပြော​ကြ​၏။

36 သို့​သော် ယေ​ရှု​သည် ထို​စ​ကား​ကို​ဂ​ရု​မ​ပြု​ဘဲ ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တာ​ဝန်​ခံ​အား “မ​စိုး​ရိမ်​နှင့်။ ယုံ​ကြည်​ခြင်း​သာ​ရှိ​လော့”​ဟု မိန့်​တော်​မူ​၏။

37 ကိုယ်​တော်​သည် ပေ​တ​ရု၊ ယာ​ကုပ်​နှင့် ယာ​ကုပ်​၏​ညီ​ယော​ဟန်​တို့​မှ​တစ်​ပါး မည်​သူ့​ကို​မျှ မိ​မိ​နှင့်​အ​တူ​လိုက်​ခွင့်​ပြု​တော်​မ​မူ။

38 ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တာ​ဝန်​ခံ​၏​အိမ်​သို့ သူ​တို့​ရောက်​ကြ​သော​အ​ခါ လူ​တို့​သည် ရုတ်​ရုတ်​သဲ​သဲ​ဖြစ်​လျက် ကျယ်​လောင်​စွာ​ငို​ကြွေး​မြည်​တမ်း​နေ​ကြ​သည်​ကို ကိုယ်​တော်​မြင်​တော်​မူ​လျှင်

39 အ​ထဲ​သို့​ဝင်​၍ “အ​ဘယ်​ကြောင့်​ရုတ်​ရုတ်​သဲ​သဲ​ဖြစ်​လျက် ငို​ကြွေး​နေ​ကြ​သ​နည်း။ သူ​ငယ်​မ​သည် သေ​သည်​မ​ဟုတ်။ အိပ်​ပျော်​နေ​ခြင်း​သာ​ဖြစ်​၏”​ဟု သူ​တို့​အား​မိန့်​တော်​မူ​၏။

40 ထို​အ​ခါ သူ​တို့​သည် ကိုယ်​တော်​ကို​လှောင်​ပြောင်​ရယ်​မော​ကြ​၏။ သို့​သော် ကိုယ်​တော်​သည် ထို​သူ​အ​ပေါင်း​တို့​ကို အ​ပြင်​သို့​ထွက်​စေ​ပြီး​လျှင် သူ​ငယ်​မ​၏​မိ​ခင်​နှင့်​ဖ​ခင်​တို့​အ​ပြင် မိ​မိ​နှင့်​အ​တူ​ပါ​လာ​သော​သူ​တို့​ကို​သာ​ခေါ်​၍ သူ​ငယ်​မ​ရှိ​ရာ​သို့​ဝင်​တော်​မူ​၏။

41 ထို့​နောက် သူ​ငယ်​မ​၏​လက်​ကို​ကိုင်​လျက် “တ​လိ​သ​ကု​မိ”​ဟု မိန့်​တော်​မူ​၏။ ၎င်း​၏​အ​ဓိပ္ပာယ်​မှာ “မိန်း​က​လေး၊ သင့်​အား​ငါ​ဆို​မည်။ ထ​လော့”​ဟူ​၍ ဖြစ်​၏။

42 ထို​ခ​ဏ​ချင်း​တွင် မိန်း​က​လေး​သည်​ထ​၍ လမ်း​လျှောက်​လေ​၏။ သူ​သည် အ​သက်​တစ်​ဆယ့်​နှစ်​နှစ်​အ​ရွယ်​ရှိ​၏။ ထို​အ​ခါ လူ​တို့​သည် အ​လွန်​အံ့​သြ​၍​မိန်း​မော​တွေ​ဝေ​ကြ​၏။

43 ကိုယ်​တော်​က​လည်း မည်​သူ​မျှ ဤ​အ​ကြောင်း​ကို​မ​သိ​စေ​ရန် သူ​တို့​အား တင်း​ကျပ်​စွာ​မိန့်​မှာ​တော်​မူ​ပြီး​လျှင် သူ့​အား​စား​စ​ရာ​ပေး​ရန် မိန့်​တော်​မူ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16