ရှင်​မာ​ကု​ခ​ရစ်​ဝင် 15 MSB

ယေ​ရှု​ကို​ပိ​လတ်​မင်း​ထံ​ခေါ်​ဆောင်​သွား​ခြင်း

1 နံ​နက်​စော​စော​အ​ချိန်​တွင် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​သည် သက်​ကြီး​ဝါ​ကြီး​များ၊ ကျမ်း​ပြု​ဆ​ရာ​များ​မှ​စ​၍ တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​အား​လုံး​နှင့်​အ​တူ ချက်​ချင်း​တိုင်​ပင်​ဆွေး​နွေး​ကြ​ပြီး​လျှင် ယေ​ရှု​ကို​ချည်​နှောင်​လျက်​ခေါ်​ဆောင်​သွား​ကာ ပိ​လတ်​မင်း​ထံ​အပ်​နှံ​ကြ​၏။

2 ထို​အ​ခါ ပိ​လတ်​မင်း​က “သင်​သည် ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်​လော”​ဟု ကိုယ်​တော်​အား မေး​လေ​၏။ ကိုယ်​တော်​က​လည်း “သင်​ပြော​သည့်​အ​တိုင်း​ပေ​တည်း”​ဟု မိန့်​တော်​မူ​၏။

3 ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​တို့​သည် ကိုယ်​တော်​ကို အ​မျိုး​မျိုး​စွပ်​စွဲ​ကြ​၏။

4 တစ်​ဖန် ပိ​လတ်​မင်း​သည် ကိုယ်​တော်​အား “သင်​သည် တစ်​စုံ​တစ်​ခု​မျှ​မ​ဖြေ​ဘဲ​နေ​သ​လော။ သင့်​ကို​မည်​မျှ​လောက်​စွပ်​စွဲ​နေ​ကြ​သည်​ကို​ကြည့်​ပါ”​ဟု ဆို​၏။

5 သို့​သော် ယေ​ရှု​သည် နောက်​ထပ် မည်​သည့်​အ​ရာ​ကို​မျှ ပြန်​၍ မိန့်​တော်​မ​မူ​ဘဲ​နေ​သ​ဖြင့် ပိ​လတ်​မင်း​သည် အံ့​ဩ​လေ​၏။

ယေ​ရှု​လော၊ ဗာ​ရဗ္ဗ​လော

6 ပိ​လတ်​မင်း​သည် ပွဲ​တော်​ကျ​ရောက်​တိုင်း လူ​တို့​တောင်း​ဆို​သည့်​အ​ကျဉ်း​သား​တစ်​ဦး​ကို လွှတ်​ပေး​လေ့​ရှိ​၏။

7 ထို​အ​ချိန်​တွင် ဆူ​ပူ​အုံ​ကြွ​မှု​ဖြစ်​စဉ်​က လူ​သတ်​မှု​ကျူး​လွန်​သ​ဖြင့် ဆူ​ပူ​အုံ​ကြွ​သူ​များ​နှင့်​အ​တူ​အ​ကျဉ်း​ချ​ခံ​ရ​သည့် ဗာ​ရဗ္ဗ​ဟု​ခေါ်​သော​သူ​တစ်​ဦး​ရှိ​၏။

8 လူ​ထု​ပ​ရိ​သတ်​သည်​ရောက်​လာ​၍ ပြု​လေ့​ရှိ​သည့်​အ​တိုင်း သူ​တို့​အ​တွက်​ဆောင်​ရွက်​ပေး​ရန် တောင်း​ဆို​ကြ​၏။

9 ပိ​လတ်​မင်း​က​လည်း “သင်​တို့​အ​တွက် ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်​ကို လွှတ်​ပေး​စေ​လို​သ​လော”​ဟု သူ​တို့​အား ပြန်​၍​မေး​လေ​၏။

10 ထို​သို့​မေး​ခြင်း​မှာ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​တို့​သည် မ​လို​မုန်း​ထား​စိတ်​ဖြင့် ယေ​ရှု​ကို​အပ်​နှံ​ခဲ့​ကြောင်း ပိ​လတ်​မင်း​သိ​သော​ကြောင့်​ဖြစ်​၏။

11 သို့​သော် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​တို့​သည် ဗာ​ရဗ္ဗ​ကို​သာ လွှတ်​ပေး​မည့်​အ​ကြောင်း တောင်း​ဆို​ကြ​ရန် လူ​ထု​ပ​ရိ​သတ်​ကို​လှုံ့​ဆော်​ကြ​၏။

12 ထို​အ​ခါ ပိ​လတ်​မင်း​က “သို့​ဖြစ်​လျှင် ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်​ဟု သင်​တို့​ခေါ်​သော​သူ​ကို မည်​သို့​ပြု​ရ​မည်​နည်း”​ဟု တစ်​ဖန် မေး​လေ​သော်

13 သူ​တို့​က “သူ့​ကို​လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​လိုက်​ပါ”​ဟု ပြန်​၍​အော်​ဟစ်​ကြ​၏။

14 ပိ​လတ်​မင်း​က​လည်း “အ​ဘယ်​ကြောင့်​နည်း။ သူ​သည် မည်​သည့်​အ​ပြစ်​ကို​ကျူး​လွန်​ခဲ့​သ​နည်း”​ဟု ပြန်​မေး​သော်​လည်း သူ​တို့​က “သူ့​ကို​လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​လိုက်​ပါ”​ဟု ပို​၍​အော်​ဟစ်​ကြ​၏။

15 ပိ​လတ်​မင်း​သည် လူ​ထု​ပ​ရိ​သတ်​ကို​ကျေ​နပ်​စေ​လို​၍ သူ​တို့​အ​တွက် ဗာ​ရဗ္ဗ​ကို​လွှတ်​ပေး​လေ​၏။ ယေ​ရှု​ကို​မူ​ကား ကျာ​ပွတ်​ဖြင့်​ရိုက်​နှက်​စေ​ပြီး​နောက် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ရန် အပ်​နှံ​လိုက်​လေ​၏။

ယေ​ရှု​ကို​ပြောင်​လှောင်​ကြ​ခြင်း

16 ထို​အ​ခါ စစ်​သား​များ​သည် ရုံး​တော်​ဟု​ခေါ်​သော ဘု​ရင်​ခံ​၏​အိမ်​တော်​ဝင်း​ထဲ​သို့ ကိုယ်​တော်​ကို​ခေါ်​ဆောင်​သွား​၍ တပ်​ဖွဲ့​တစ်​ဖွဲ့​လုံး​ကို​စု​ရုံး​စေ​ကြ​၏။

17 ထို့​နောက် ကိုယ်​တော်​အား ခ​ရမ်း​ရောင်​ဝတ်​လုံ​ကို​ဝတ်​စေ​လျက် ဆူး​ပင်​ကို သ​ရ​ဖူ​အ​ဖြစ်​ရစ်​ခွေ​၍​ဆောင်း​စေ​ပြီး​လျှင်

18 “ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်၊ မင်္ဂ​လာ​ရှိ​ပါ​စေ​သော”​ဟု ကိုယ်​တော်​အား​နှုတ်​ဆက်​ကြ​၏။

19 ထို့​ပြင် ကိုယ်​တော်​၏​ဦး​ခေါင်း​ကို ကျူ​ရိုး​ဖြင့်​ရိုက်​ကာ ကိုယ်​တော်​ကို​တံ​တွေး​နှင့်​ထွေး​၍ ဒူး​ထောက်​လျက် ကိုယ်​တော်​ကို​ရှိ​ခိုး​ကြ​၏။

20 ထို​သို့ ကိုယ်​တော်​ကို​ပြောင်​လှောင်​ကြ​ပြီး​နောက် ခ​ရမ်း​ရောင်​ဝတ်​လုံ​ကို​ချွတ်​၍ ကိုယ်​တော်​၏​အ​ဝတ်​ကို​ပြန်​ဝတ်​စေ​ပြီး​လျှင် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ရန် ခေါ်​ထုတ်​သွား​ကြ​၏။

လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ထား​ခြင်း

21 ထို​စဉ် အ​လက်​ဇန္ဒြား​နှင့်​ရု​ဖု​တို့​၏​ဖ​ခင်​ဖြစ်​သည့် ကု​ရေ​နေ​မြို့​သား​ရှိ​မုန်​သည် တော​ရွာ​မှ​လာ​၍ လမ်း​၌​ဖြတ်​သွား​သည်​ကို သူ​တို့​တွေ့​သ​ဖြင့် ကိုယ်​တော်​၏​လက်​ဝါး​ကပ်​တိုင်​ကို သူ့​အား အ​တင်း​အ​ကျပ်​ထမ်း​စေ​ကြ​၏။

22 ဤ​သို့​ဖြင့် သူ​တို့​သည် ကိုယ်​တော်​ကို ဦး​ခေါင်း​ခွံ​အ​ရပ်​ဟု​အ​ဓိပ္ပာယ်​ရှိ​သော ဂေါ​လ​ဂေါ​သ​အ​ရပ်​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင်

23 ကိုယ်​တော်​အား မု​ရန်​ရော​စပ်​ထား​သော​စ​ပျစ်​ဝိုင်​ကို တိုက်​ကြ​၏။ သို့​သော် ကိုယ်​တော်​သည် သောက်​တော်​မ​မူ။

24 ထို​အ​ခါ သူ​တို့​သည် ကိုယ်​တော်​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ကြ​ပြီး ကိုယ်​တော်​၏​အ​ဝတ်​တော်​များ​အား မည်​သူ​က မည်​သည့်​အ​ဝတ်​ယူ​ရ​မည်​ကို မဲ​ချ​၍ ခွဲ​ဝေ​ကြ​၏။

25 ကိုယ်​တော်​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ကြ​သည့်​အ​ချိန်​မှာ နံ​နက်​ကိုး​နာ​ရီ​ဖြစ်​၏။

26 ကိုယ်​တော်​အ​ပေါ်​တင်​သော​စွဲ​ချက်​ကို​ရေး​ထား​သည့်​ကမ္ပည်း​စာ​မှာ “ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်”​ဟူ​၍​ဖြစ်​၏။

27 ဓား​ပြ​နှစ်​ယောက်​တို့​ကို​လည်း ကိုယ်​တော်​နှင့်​အ​တူ လက်​ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက်​တွင်​တစ်​ယောက် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ကြ​၏။

28 [ဤ​သို့​ဖြင့် “သူ​သည် တ​ရား​မဲ့​သော​သူ​တို့​၏​စာ​ရင်း​တွင်​ထည့်​သွင်း​ခြင်း​ခံ​ရ​၏”​ဟူ​သော​ကျမ်း​ချက်​သည် ပြည့်​စုံ​ခြင်း​သို့​ရောက်​လေ​၏။ ]

29 ဖြတ်​သန်း​သွား​လာ​သော​သူ​တို့​သည် မိ​မိ​တို့​ခေါင်း​ကို​ခါ​ယမ်း​လျက် “ဟေ့၊ ဗိ​မာန်​တော်​ကို​ဖြို​ဖျက်​၍ သုံး​ရက်​အ​တွင်း​တည်​ဆောက်​မည့်​သူ၊

30 လက်​ဝါး​ကပ်​တိုင်​ပေါ်​မှ​ဆင်း​လာ​၍ သင့်​ကိုယ်​သင်​ကယ်​တင်​လော့”​ဟု ကိုယ်​တော်​ကို​စော်​ကား​ပြော​ဆို​ကြ​၏။

31 ထို​နည်း​တူ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​သည်​လည်း ကျမ်း​ပြု​ဆ​ရာ​တို့​နှင့်​အ​တူ ကိုယ်​တော်​ကို​ပြောင်​လှောင်​ကြ​ကာ “သူ​သည် သူ​တစ်​ပါး​တို့​ကို​ကယ်​တင်​ခဲ့​သော်​လည်း မိ​မိ​ကိုယ်​ကို​မ​ကယ်​တင်​နိုင်​ပါ​တ​ကား။

32 ငါ​တို့​တွေ့​မြင်​၍ ယုံ​ကြည်​နိုင်​ရန် အစ္စ​ရေး​ဘု​ရင်​ဖြစ်​သော​ခ​ရစ်​တော်​သည် ယ​ခု​ပင် လက်​ဝါး​ကပ်​တိုင်​ပေါ်​မှ ဆင်း​လာ​ပါ​စေ”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။ ကိုယ်​တော်​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ထား​ခြင်း​ခံ​ရ​သော​သူ​တို့​သည်​လည်း ကိုယ်​တော်​ကို​ကဲ့​ရဲ့​ပြစ်​တင်​ကြ​၏။

အ​သက်​ချုပ်​ငြိမ်း​တော်​မူ​ခြင်း

33 မွန်း​တည့်​ချိန်​ရောက်​သော​အ​ခါ မြေ​တစ်​ပြင်​လုံး​၌ အ​မှောင်​ကျ​ရောက်​လာ​၍ မွန်း​လွဲ​သုံး​နာ​ရီ​တိုင်​အောင် ထို​သို့​ဖြစ်​လေ​၏။

34 မွန်း​လွဲ​သုံး​နာ​ရီ​အ​ချိန်​တွင် ယေ​ရှု​သည် ကျယ်​လောင်​သော​အ​သံ​ဖြင့် “ဧ​လိ၊ ဧ​လိ၊ လာ​မာ ရှာ​ဗ​ခ​သာ​နိ”​ဟု အော်​ဟစ်​တော်​မူ​၏။ ၎င်း​၏​အ​ဓိပ္ပာယ်​မှာ “အ​ကျွန်ုပ်​၏​ဘု​ရား၊ အ​ကျွန်ုပ်​၏​ဘု​ရား၊ အ​ကျွန်ုပ်​ကို အ​ဘယ်​ကြောင့်​စွန့်​ပစ်​တော်​မူ​သ​နည်း”​ဟူ​၍​ဖြစ်​၏။

35 အ​နီး​၌​ရပ်​နေ​သော​သူ​အ​ချို့​တို့​သည်​ကြား​လျှင် “ကြည့်​ပါ။ သူ​သည် ဧ​လိ​ယ​ကို​ခေါ်​နေ​သည်”​ဟု ဆို​ကြ​၏။

36 ထို​အ​ခါ လူ​တစ်​ဦး​သည်​ပြေး​သွား​၍ ရေ​မြှုပ်​ကို ဝိုင်​ချဉ်​နှင့်​ပြည့်​စေ​ပြီး​လျှင် ကျူ​ရိုး​ပေါ်​တပ်​လျက် ကိုယ်​တော်​အား​သောက်​စေ​ကာ “ရှိ​ပါ​လေ​စေ။ ဧ​လိ​ယ​သည် သူ့​ကို အောက်​သို့​ချ​ရန် လာ​မည်​မ​လာ​မည်​ကို ငါ​တို့​ကြည့်​ကြ​စို့”​ဟု ဆို​လေ​၏။

37 ထို့​နောက် ယေ​ရှု​သည် ကျယ်​လောင်​သော​အ​သံ​ဖြင့်​ကြွေး​ကြော်​ပြီး​လျှင် အ​သက်​ချုပ်​ငြိမ်း​တော်​မူ​၏။

38 ထို​အ​ခါ ဗိ​မာန်​တော်​ကန့်​လန့်​ကာ​သည် အ​ထက်​စွန်း​မှ အောက်​စွန်း​တိုင်​အောင် နှစ်​ခြမ်း​ကွဲ​သွား​လေ​၏။

39 ကိုယ်​တော်​ဘက်​သို့​မျက်​နှာ​မူ​လျက် ရပ်​နေ​သော​တပ်​မှူး​သည် ကိုယ်​တော်​အ​သက်​ချုပ်​ငြိမ်း​တော်​မူ​ပုံ​ကို တွေ့​မြင်​သော​အ​ခါ “ဤ​သူ​သည် အ​မှန်​ပင် ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​သည်”​ဟု ဆို​လေ​၏။

40 ထို​အ​ရပ်​၌ အ​ဝေး​မှ​ကြည့်​နေ​သော​အ​မျိုး​သ​မီး​များ​လည်း​ရှိ​ကြ​၏။ သူ​တို့​အ​ထဲ​တွင် မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ၊ ယာ​ကုပ်​အ​ငယ်​နှင့်​ယော​သေ​တို့​၏​မိ​ခင်​ဖြစ်​သော​မာ​ရိ​နှင့် ဆ​လို​မေ​တို့​လည်း​ပါ​၏။

41 သူ​တို့​သည် ဂါ​လိ​လဲ​နယ်​၌ ကိုယ်​တော်​ရှိ​တော်​မူ​ခဲ့​စဉ်​က နောက်​တော်​သို့​လိုက်​၍ ကိုယ်​တော်​ကို​လုပ်​ကျွေး​ပြု​စု​ခဲ့​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​အ​ပြင် ကိုယ်​တော်​နှင့်​အ​တူ ဂျေ​ရု​ဆ​လင်​မြို့​သို့​လိုက်​ပါ​လာ​သည့် များ​စွာ​သော​အ​ခြား​အ​မျိုး​သ​မီး​များ​လည်း​ရှိ​ကြ​၏။

ယေ​ရှု​ကိုသင်္ဂြိုဟ်​ခြင်း

42 ထို​နေ့​သည် ပြင်​ဆင်​ရာ​နေ့​တည်း​ဟူ​သော အ​ဖိတ်​နေ့​ဖြစ်​သ​ဖြင့် ည​နေ​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ

43 ဂုဏ်​သ​ရေ​ကြီး​မြင့်​သော လွှတ်​တော်​အ​ဖွဲ့​ဝင်​တစ်​ဦး​ဖြစ်​ပြီး ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို စောင့်​မျှော်​နေ​သူ​လည်း​ဖြစ်​သော အ​ရိ​မ​သဲ​မြို့​သား​ယော​သပ်​သည်​ရောက်​လာ​၍ ပိ​လတ်​မင်း​ထံ​သို့ ရဲ​ရင့်​စွာ​ဝင်​ကာ ယေ​ရှု​၏​အ​လောင်း​တော်​ကို တောင်း​လေ​၏။

44 ပိ​လတ်​မင်း​သည် ယေ​ရှု​သေ​ဆုံး​ပြီ​လော​ဟု​အံ့​ဩ​၍ တပ်​မှူး​ကို​ခေါ်​လျက် ယေ​ရှု​သေ​ဆုံး​ပြီ​ဖြစ်​ကြောင်း ဟုတ်​မ​ဟုတ်​မေး​လေ​၏။

45 တပ်​မှူး​ထံ​မှ ဟုတ်​မှန်​ကြောင်း​သိ​ရ​လျှင် အ​လောင်း​တော်​ကို ယော​သပ်​အား​ပေး​လေ​၏။

46 ထို​အ​ခါ ယော​သပ်​သည် ပိတ်​ချော​ကို​ဝယ်​ပြီး​လျှင် အ​လောင်း​တော်​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​မှ​ချ​၍ ပိတ်​ချော​ဖြင့်​ပတ်​ရစ်​ကာ ကျောက်​ဆောင်​၌​ထွင်း​ထား​သော သင်္ချိုင်း​ဂူ​ထဲ​တွင်​သွင်း​ထား​၏။ ထို့​နောက် ကျောက်​တုံး​ကို​လှိမ့်​၍ သင်္ချိုင်း​ဂူ​ဝ​ကို ပိတ်​ထား​လေ​၏။

47 မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ​နှင့် ယော​သေ​၏​မိ​ခင်​ဖြစ်​သော​မာ​ရိ​တို့​သည်​လည်း မည်​သည့်​နေ​ရာ​၌ အ​လောင်း​တော်​ထား​ကြ​သည်​ကို ကြည့်​ရှု​ကြ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16