ရှင်​မာ​ကု​ခ​ရစ်​ဝင် 7 MSB

ရှေး​လူ​ကြီး​တို့​၏​ဓ​လေ့​ထုံး​တမ်း

1 ထို​အ​ခါ​၌ ဖာ​ရိ​ရှဲ​တို့​နှင့် ဂျေ​ရု​ဆ​လင်​မြို့​မှ​လာ​သော ကျမ်း​ပြု​ဆ​ရာ​အ​ချို့​တို့​သည် ကိုယ်​တော်​ထံ​သို့​စု​ဝေး​ကြ​၍

2 တ​ပည့်​တော်​အ​ချို့​တို့​သည် မ​စင်​ကြယ်​သော​လက်၊ တစ်​နည်း​ဆို​သော် မ​ဆေး​ထား​သော​လက်​ဖြင့် အ​စာ​စား​နေ​ကြ​သည်​ကို တွေ့​မြင်​ကြ​၏။

3 (ဖာ​ရိ​ရှဲ​တို့​မှ​စ​၍ ဂျူး​လူ​မျိုး​အ​ပေါင်း​တို့​သည် ရှေး​လူ​ကြီး​တို့​၏​ဓ​လေ့​ထုံး​တမ်း​ကို ခံ​ယူ​ကျင့်​သုံး​၍ လက်​ကို ကျင့်​ထုံး​အ​တိုင်း​မ​ဆေး​ဘဲ အ​စာ​စား​လေ့​မ​ရှိ​ကြ။

4 ဈေး​အ​ရပ်​မှ ပြန်​လာ​သော​အ​ခါ​တွင်​လည်း မိ​မိ​တို့​ကိုယ်​ကို​မ​ဆေး​ကြော​ဘဲ အ​စာ​စား​လေ့​မ​ရှိ​ကြ။ ထို့​ပြင် အိုး၊ ခွက်၊ ကြေး​ပန်း​ကန်​နှင့် ခု​တင်​တို့​ကို ဆေး​ကြော​ခြင်း​နှင့်​ပတ်​သက်​၍ သူ​တို့​ခံ​ယူ​ကျင့်​သုံး​ရန် ဆက်​ခံ​ထား​သော အ​ခြား​ဓ​လေ့​ထုံး​တမ်း​များ​စွာ​ရှိ​ကြ​၏။)

5 ထို​အ​ခါ ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​ပြု​ဆ​ရာ​တို့​က “သင်​၏​တ​ပည့်​တို့​သည် အ​ဘယ်​ကြောင့် ရှေး​လူ​ကြီး​တို့​၏​ဓ​လေ့​ထုံး​တမ်း​နှင့်​အ​ညီ​မ​လိုက်​လျှောက်​ဘဲ မ​စင်​ကြယ်​သော​လက်​ဖြင့် အ​စာ​စား​ကြ​သ​နည်း”​ဟု ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။

6 ကိုယ်​တော်​က​လည်း “ဟေ​ရှာ​ယ​သည် သူ​တော်​ကောင်း​ယောင်​ဆောင်​သော​သူ​များ​ဖြစ်​ကြ​သော သင်​တို့​နှင့်​ပတ်​သက်​၍ ပ​ရော​ဖက်​ပြု​ဟော​ပြော​ခဲ့​သည်​မှာ မှန်​လှ​ပေ​၏။ ကျမ်း​စာ​၌ ‘ဤ​လူ​တို့​သည် သူ​တို့​၏​နှုတ်​ဖြင့် ငါ့​ကို​ရို​သေ​ကြ​၏။ သို့​သော် သူ​တို့​၏​စိတ်​နှ​လုံး​သည် ငါ​နှင့်​ဝေး​လှ​၏။

7 သူ​တို့​သည် လူ​တို့​၏​ပ​ညတ်​ချက်​များ​ကို ဩ​ဝါ​ဒ​များ​အ​ဖြစ်​သွန်​သင်​လျက် ငါ့​ကို​အ​ချည်း​နှီး​ကိုး​ကွယ်​ကြ​၏’​ဟု ရေး​ထား​သည့်​အ​တိုင်း

8 သင်​တို့​သည် ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​ကို​ပယ်​၍ လူ​တို့​၏​ဓ​လေ့​ထုံး​တမ်း​ကို ခံ​ယူ​ကျင့်​သုံး​ကြ​၏”​ဟု မိန့်​တော်​မူ​၏။

9 တစ်​ဖန် သူ​တို့​အား “သင်​တို့​သည် မိ​မိ​တို့​၏​ဓ​လေ့​ထုံး​တမ်း​ကို​တည်​စေ​ရန် ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​ကို ကောင်း​စွာ​ပစ်​ပယ်​ကြ​သည်​တ​ကား။

10 အ​ကြောင်း​မူ​ကား မော​ရှေ​က ‘သင်​၏​မိ​ခင်​နှင့်​ဖ​ခင်​တို့​ကို ရို​သေ​လော့။ မိ​ခင် သို့​မ​ဟုတ် ဖ​ခင်​ကို ပုတ်​ခတ်​ပြော​ဆို​သော​သူ​သည် သေ​ဒဏ်​ကျ​ခံ​စေ’​ဟု ဆို​ထား​၏။

11 သို့​သော် သင်​တို့​သည် ‘လူ​တစ်​ဦး​က ဖ​ခင် သို့​မ​ဟုတ် မိ​ခင်​အား “အ​ကျွန်ုပ်​ထံ​မှ သင်​တို့​ခံ​စား​ထိုက်​သည့်​အ​ရာ​သည် လှူ​ဖွယ်​ဝတ္ထု​တည်း​ဟူ​သော ကော်​ဘန်​ဖြစ်​ပါ​ပြီ”​ဟူ​၍ ပြော​လျှင် ရ​၏’​ဟု ဆို​လျက်

12 ထို​သူ​အား ဖ​ခင် သို့​မ​ဟုတ် မိ​ခင်​အ​တွက် မည်​သည့်​အ​ရာ​ကို​မျှ လုပ်​ခွင့်​မ​ပေး​ကြ​တော့​ပေ။

13 ဤ​သို့​ဖြင့် သင်​တို့​သည် မိ​မိ​တို့​ဆက်​ခံ​သော​ဓ​လေ့​ထုံး​တမ်း​အား​ဖြင့် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို ပယ်​ဖျက်​ကြ​၏။ ထို​ကဲ့​သို့​သော​အ​မှု​အ​ရာ​များ​စွာ​တို့​ကို​လည်း သင်​တို့​ပြု​ကြ​၏”​ဟု မိန့်​တော်​မူ​၏။

အ​တွင်း​မှ​လာ​သော​ညစ်​ညူး​ခြင်း

14 ထို့​နောက် ကိုယ်​တော်​သည် လူ​ထု​ပ​ရိ​သတ်​ကို နောက်​တစ်​ဖန်​ခေါ်​ပြီး​လျှင် “သင်​တို့​အား​လုံး ငါ့​စ​ကား​ကို​နား​ထောင်​၍ နား​လည်​ကြ​လော့။

15 လူ​၏​ပြင်​ပ​မှ လူ့​အ​ထဲ​သို့​ဝင်​၍ လူ​ကို​ညစ်​ညူး​စေ​နိုင်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။ လူ့​အ​တွင်း​မှ​ထွက်​လာ​သော​အ​ရာ​များ​က​သာ လူ​ကို​ညစ်​ညူး​စေ​ကြ​၏။

16 ကြား​စ​ရာ​နား​ရှိ​သော​သူ​သည် ကြား​ပါ​စေ”​ဟု မိန့်​တော်​မူ​၏။

17 ကိုယ်​တော်​သည် လူ​ထု​ပ​ရိ​သတ်​ထံ​မှ​ထွက်​ခွာ​၍ အိမ်​ထဲ​သို့​ဝင်​တော်​မူ​သော​အ​ခါ တ​ပည့်​တော်​တို့​သည် ထို​ပုံ​ဥ​ပ​မာ​အ​ကြောင်း​ကို ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။

18 ထို​အ​ခါ ကိုယ်​တော်​က “သင်​တို့​သည်​လည်း ဤ​မျှ​လောက် အ​သိ​တ​ရား​ကင်း​မဲ့​လျက်​နေ​ကြ​သ​လော။ ပြင်​ပ​မှ လူ့​အ​ထဲ​သို့​ဝင်​သ​မျှ​သော​အ​ရာ​သည် လူ​ကို​မ​ညစ်​ညူး​စေ​နိုင်​ကြောင်း သင်​တို့​မ​သိ​ကြ​သ​လော။

19 အ​ကြောင်း​မူ​ကား ထို​အ​ရာ​သည် လူ​၏​စိတ်​နှ​လုံး​ထဲ​သို့ ဝင်​သည်​မ​ဟုတ်။ ဝမ်း​ထဲ​သို့​ဝင်​ပြီး​လျှင် ရေ​အိမ်​ထဲ​သို့​ရောက်​သွား​၏”​ဟု မိန့်​တော်​မူ​လျက် အ​စာ​အား​လုံး​စင်​ကြယ်​ကြောင်း​ဖော်​ပြ​တော်​မူ​၏။

20 တစ်​ဖန် ကိုယ်​တော်​က “လူ့​အ​ထဲ​မှ​ထွက်​လာ​သော​အ​ရာ​သည် လူ​ကို​ညစ်​ညူး​စေ​၏။

21 အ​ကြောင်း​မူ​ကား မ​ကောင်း​သော​တွေး​တော​ဆင်​ခြင်​မှု​များ၊ တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း၊ ခိုး​ယူ​ခြင်း၊ လူ​သတ်​ခြင်း၊

22 အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို​ကျူး​လွန်​ခြင်း၊ လော​ဘ​လွန်​ကျူး​ခြင်း၊ ဆိုး​ညစ်​ခြင်း၊ စဉ်း​လဲ​ခြင်း၊ ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း၊ မ​နာ​လို​ခြင်း၊ စော်​ကား​ပြော​ဆို​ခြင်း၊ မာ​န​ထောင်​လွှား​ခြင်း​နှင့် မိုက်​မဲ​ခြင်း​တို့​သည် လူ​၏​အ​တွင်း သူ​၏​စိတ်​နှ​လုံး​ထဲ​မှ ထွက်​လာ​ကြ​၏။

23 ဤ​ဆိုး​ညစ်​သော​အ​ရာ​အား​လုံး​တို့​သည် အ​တွင်း​မှ​ထွက်​လာ​၍ လူ​ကို​ညစ်​ညူး​စေ​၏”​ဟု မိန့်​တော်​မူ​၏။

ဆီး​ရီး​ယား​ဖို​နီး​ရှား​အ​မျိုး​သ​မီး​၏​ယုံ​ကြည်​ခြင်း

24 ထို့​နောက် ကိုယ်​တော်​သည် ထို​အ​ရပ်​မှ​ထ​၍ တိုင်​ရာ​မြို့​နှင့်​ဆိုင်​သော​အ​ရပ်​ဒေ​သ​သို့ ကြွ​တော်​မူ​ပြီး​လျှင် အိမ်​တစ်​အိမ်​သို့​ဝင်​တော်​မူ​၏။ မည်​သူ​မျှ​မ​သိ​စေ​ရန် အ​လို​တော်​ရှိ​သော်​လည်း ပုန်း​ရှောင်​၍​မ​နေ​နိုင်​ပေ။

25 ညစ်​ညူး​သော​နတ်​ပူး​နေ​သည့် သ​မီး​ငယ်​တစ်​ယောက်​၏​မိ​ခင်​သည် ကိုယ်​တော်​၏​အ​ကြောင်း​ကို​ကြား​လျှင် ချက်​ချင်း​လာ​၍ ခြေ​တော်​ရင်း​၌​ပျပ်​ဝပ်​လျက်

26 နတ်​ဆိုး​ကို မိ​မိ​သ​မီး​ထဲ​မှ နှင်​ထုတ်​ပေး​ပါ​ရန် ကိုယ်​တော်​အား တောင်း​ပန်​လေ​၏။ ထို​အ​မျိုး​သ​မီး​သည် ဆီး​ရီး​ယား​ဖို​နီး​ရှား​နယ်​သူ၊ ဂ​ရိ​လူ​မျိုး​ဖြစ်​၏။

27 ကိုယ်​တော်​က​လည်း “သား​သ​မီး​တို့​ကို​ဦး​စွာ ဝ​လင်​အောင်​ကျွေး​ပါ​ရ​စေ။ သား​သ​မီး​တို့​၏​အ​စာ​ကို​ယူ​၍ ခွေး​က​လေး​တို့​အား​ချ​ပေး​ခြင်း​သည် မ​ကောင်း​မ​သင့်​ပေ”​ဟု မိန့်​တော်​မူ​၏။

28 ထို​အ​မျိုး​သ​မီး​က​မူ “သ​ခင်​ဘု​ရား၊ စား​ပွဲ​အောက်​၌​ရှိ​သော​ခွေး​က​လေး​များ​ပင်​လျှင် သား​သ​မီး​တို့​၏​စား​နုပ်​စား​ပေါက်​များ​ကို စား​ရ​ကြ​ပါ​၏”​ဟု ပြန်​လျှောက်​လေ​၏။

29 ကိုယ်​တော်​က​လည်း “ဤ​စ​ကား​ကြောင့် သင်​ပြန်​လော့။ နတ်​ဆိုး​သည် သင့်​သ​မီး​ထဲ​မှ ထွက်​သွား​လေ​ပြီ”​ဟု မိန့်​တော်​မူ​၏။

30 ထို​အ​ခါ ထို​အ​မျိုး​သ​မီး​သည် မိ​မိ​အိမ်​သို့​ပြန်​သွား​ရာ သ​မီး​သည် ခု​တင်​ပေါ်​၌​လဲ​လျောင်း​နေ​၍ နတ်​ဆိုး​သည် ထွက်​သွား​ပြီ​ဖြစ်​ကြောင်း တွေ့​ရ​လေ​၏။

အ​ရာ​ရာ​ကို​ကောင်း​စွာ​ပြု​တော်​မူ​ခြင်း

31 ထို့​နောက် ကိုယ်​တော်​သည် တိုင်​ရာ​မြို့​နှင့်​ဆိုင်​သော​အ​ရပ်​ဒေ​သ​မှ တစ်​ဖန်​ထွက်​ခွာ​လျက် ဆီ​ဒုန်​မြို့​ကို​ဖြတ်​ကာ ဒေ​ကာ​ပေါ​လိ​နယ်​နှင့်​ဆိုင်​သော​အ​ရပ်​ဒေ​သ​အ​လယ်​ပိုင်း​မှ​တစ်​ဆင့် ဂါ​လိ​လဲ​ပင်​လယ်​သို့​ကြွ​တော်​မူ​၏။

32 ထို​အ​ခါ လူ​တို့​သည် နား​မ​ကြား​၍​ဆွံ့​အ​သော​သူ​တစ်​ဦး​ကို အ​ထံ​တော်​သို့​ခေါ်​ဆောင်​လာ​ပြီး သူ့​အ​ပေါ် လက်​တော်​တင်​ပေး​ပါ​ရန် ကိုယ်​တော်​အား တောင်း​ပန်​ကြ​၏။

33 ကိုယ်​တော်​သည် ထို​သူ​တစ်​ဦး​တည်း​ကို​သာ လူ​ထု​ပ​ရိ​သတ်​ထဲ​မှ​ခေါ်​သွား​၍ လက်​ညှိုး​တော်​တို့​ကို သူ​၏​နား​နှစ်​ဖက်​ထဲ​သို့ သွင်း​တော်​မူ​၏။ တစ်​ဖန် တံ​တွေး​ထွေး​၍ သူ​၏​လျှာ​ကို တံ​တွေး​ဖြင့်​တို့​တော်​မူ​၏။

34 ထို့​နောက် မိုး​ကောင်း​ကင်​သို့​မျှော်​ကြည့်​လျက် သက်​ပြင်း​ချ​ကာ “ဧ​ဖ​သ”​ဟု မိန့်​တော်​မူ​၏။ ၎င်း​၏​အ​ဓိပ္ပာယ်​မှာ “ပွင့်​စေ”​ဟူ​၍ ဖြစ်​၏။

35 ထို​ခ​ဏ​ချင်း​တွင် သူ​၏​နား​သည်​ပွင့်​၍ သူ​၏​လျှာ​ကြော​ပြေ​လျော့​ကာ သူ​သည် ပီ​သ​စွာ​စ​ကား​ပြော​လေ​၏။

36 ကိုယ်​တော်​သည် ဤ​အ​ကြောင်း​ကို မည်​သူ့​ကို​မျှ​မ​ပြော​ကြ​ရန် သူ​တို့​အား မိန့်​မှာ​တော်​မူ​၏။ သို့​သော် သူ​တို့​ကို ထို​သို့​မိန့်​မှာ​တော်​မူ​လေ သူ​တို့​သည် ပို​၍​ပြော​လေ​ဖြစ်​၏။

37 လူ​တို့​သည် အ​တိုင်း​ထက်​အ​လွန်​အံ့​အား​သင့်​လျက် “ကိုယ်​တော်​သည် အ​လုံး​စုံ​တို့​ကို လျောက်​ပတ်​စွာ​ပြု​တော်​မူ​ပြီ။ နား​မ​ကြား​သော​သူ​ကို ကြား​စေ​တော်​မူ​၍ ဆွံ့​အ​သော​သူ​ကို​စ​ကား​ပြော​စေ​တော်​မူ​၏”​ဟု ပြော​ဆို​ကြ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16