ရှင်​မာ​ကု​ခ​ရစ်​ဝင် 9 MSB

1 ထို့​နောက် ကိုယ်​တော်​က “သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား ဤ​နေ​ရာ​၌​ရပ်​နေ​သော​သူ​တို့​တွင် တန်​ခိုး​နှင့်​ပေါ်​ထွန်း​လာ​သော ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို​မ​မြင်​မီ သေ​ခြင်း​ကို​မ​မြည်း​စမ်း​ရ​သော​သူ​အ​ချို့​ရှိ​၏”​ဟု မိန့်​တော်​မူ​၏။

အ​ဆင်း​သဏ္ဌာန်​ပြောင်း​လဲ​တော်​မူ​ခြင်း

2 ခြောက်​ရက်​လွန်​သော​အ​ခါ ယေ​ရှု​သည် ပေ​တ​ရု၊ ယာ​ကုပ်​နှင့် ယော​ဟန်​တို့​ကို​သာ​ခေါ်​၍ သူ​တို့​ကို မြင့်​မား​သော​တောင်​ပေါ်​သို့ သီး​သန့်​ခေါ်​ဆောင်​သွား​တော်​မူ​၏။ ထို​အ​ခါ ကိုယ်​တော်​သည် သူ​တို့​ရှေ့​၌ အ​ဆင်း​သဏ္ဌာန်​ပြောင်း​လဲ​၍

3 ဝတ်​ရုံ​တော်​သည် ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ မည်​သည့်​ခ​ဝါ​သည်​မျှ ထို​ကဲ့​သို့​ဖြူ​ဖွေး​စေ​ရန် မ​လုပ်​နိုင်​လောက်​အောင် အ​လွန်​ဖြူ​ဖွေး​တောက်​ပ​လာ​လေ​၏။

4 ဧ​လိ​ယ​နှင့်​မော​ရှေ​တို့​သည်​လည်း သူ​တို့​ရှေ့​တွင်​ပေါ်​လာ​၍ ယေ​ရှု​နှင့်​စ​ကား​ပြော​နေ​ကြ​၏။

5 ထို​အ​ခါ ပေ​တ​ရု​က “ရဗ္ဗိ၊ ဤ​နေ​ရာ​သည် အ​ကျွန်ုပ်​တို့​အ​တွက် နေ​စ​ရာ​ကောင်း​ပါ​၏။ တဲ​သုံး​ဆောင်​ကို ကိုယ်​တော်​အ​တွက်​တစ်​ဆောင်၊ မော​ရှေ​အ​တွက်​တစ်​ဆောင်၊ ဧ​လိ​ယ​အ​တွက်​တစ်​ဆောင် အ​ကျွန်ုပ်​တို့​ဆောက်​ပါ​ရ​စေ”​ဟု ယေ​ရှု​အား​လျှောက်​ထား​လေ​၏။

6 သူ​တို့​သည် အ​လွန်​ကြောက်​ရွံ့​ကြ​သ​ဖြင့် ပေ​တ​ရု​သည် မည်​သို့​လျှောက်​ရ​မည်​ကို​မ​သိ​သော​ကြောင့် ထို​သို့​လျှောက်​ထား​ခြင်း​ဖြစ်​၏။

7 ထို​အ​ခါ မိုး​တိမ်​သည်​ပေါ်​လာ​၍ သူ​တို့​ကို​ဖုံး​လွှမ်း​ပြီး​လျှင် “ဤ​သူ​ကား ငါ​၏​ချစ်​သား​ပေ​တည်း။ သူ့​စ​ကား​ကို​နား​ထောင်​ကြ​လော့”​ဟု မိုး​တိမ်​ထဲ​မှ အ​သံ​တော်​ထွက်​ပေါ်​လာ​၏။

8 ထို​ခ​ဏ​ချင်း​တွင် သူ​တို့​သည် ပတ်​ပတ်​လည်​သို့​ကြည့်​လိုက်​သော် ယေ​ရှု​တစ်​ပါး​တည်း​သာ မိ​မိ​တို့​နှင့်​အ​တူ​ရှိ​သည်​ကို​တွေ့​မြင်​၍ အ​ခြား​မည်​သူ့​ကို​မျှ မ​တွေ့​မြင်​ကြ​တော့​ချေ။

9 ထို့​နောက် တောင်​ပေါ်​မှ သူ​တို့​ဆင်း​လာ​ကြ​စဉ် ကိုယ်​တော်​က သူ​တို့​တွေ့​မြင်​ခဲ့​ရ​သော​အ​ရာ​များ​ကို လူ့​သား​သည် သေ​သော​သူ​တို့​ထဲ​မှ မ​ထ​မြောက်​မီ မည်​သူ့​ကို​မျှ​မ​ပြော​ကြ​ရန် သူ​တို့​အား မိန့်​မှာ​တော်​မူ​၏။

10 သူ​တို့​သည်​လည်း ထို​စ​ကား​ကို မှတ်​သား​ထား​လျက် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​ခြင်း​ဆို​သည်​မှာ မည်​သည့်​အ​ရာ​ကို​ဆို​လို​သ​နည်း​ဟု အ​ချင်း​ချင်း​ဆွေး​နွေး​မေး​မြန်း​ကြ​၏။

11 ထို့​နောက် သူ​တို့​က “ဧ​လိ​ယ​သည် ဦး​စွာ​လာ​ရ​မည်​ဟု ကျမ်း​ပြု​ဆ​ရာ​တို့​က အ​ဘယ်​ကြောင့်​ဆို​ကြ​သ​နည်း”​ဟူ​၍ ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။

12 ကိုယ်​တော်​က​လည်း “ဧ​လိ​ယ​သည် ဦး​စွာ​လာ​၍ အ​ရာ​ခပ်​သိမ်း​တို့​ကို ပြန်​လည်​ထူ​ထောင်​မည်​မှန်​၏။ သို့​ရာ​တွင် လူ့​သား​သည် ဒုက္ခ​ဝေ​ဒ​နာ​များ​စွာ​ခံ​စား​ရ​ပြီး ပစ်​ပယ်​ခြင်း​ကို​ခံ​ရ​မည်​ဟု ရေး​ထား​သည်​မှာ မည်​သို့​နည်း။

13 သို့​သော် သင်​တို့​အား ငါ​ဆို​သည်​ကား ဧ​လိ​ယ​သည် ရောက်​လာ​ခဲ့​ပြီ။ လူ​တို့​သည်​လည်း သူ​နှင့်​ပတ်​သက်​၍ ကျမ်း​စာ​၌​ရေး​ထား​သည့်​အ​တိုင်း သူ့​အ​ပေါ် ပြု​လို​ရာ​ပြု​ခဲ့​ကြ​ပြီ”​ဟု မိန့်​တော်​မူ​၏။

နတ်​ဆိုး​ကို​အောင်​သော​ယုံ​ကြည်​ခြင်း​တန်​ခိုး

14 ထို့​နောက် သူ​တို့​သည် အ​ခြား​တ​ပည့်​တော်​တို့​ရှိ​ရာ​သို့ ပြန်​လာ​ကြ​ရာ များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​သည် တ​ပည့်​တော်​တို့​ကို​ဝိုင်း​ရံ​လျက်​ရှိ​၍ ကျမ်း​ပြု​ဆ​ရာ​တို့​သည် သူ​တို့​နှင့်​ငြင်း​ခုံ​ပြော​ဆို​နေ​ကြ​သည်​ကို​တွေ့​မြင်​ကြ​၏။

15 လူ​ထု​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​မြင်​သည်​နှင့် အ​လွန်​အံ့​သြ​လျက် ပြေး​လာ​၍​ကိုယ်​တော်​ကို​နှုတ်​ဆက်​ကြ​၏။

16 ကိုယ်​တော်​က​လည်း တ​ပည့်​တော်​တို့​အား “သင်​တို့​သည် ထို​သူ​တို့​နှင့် မည်​သည့်​အ​ကြောင်း​အ​ရာ​ကို ဆွေး​နွေး​နေ​ကြ​သ​နည်း”​ဟု မေး​တော်​မူ​၏။

17 ထို​အ​ခါ လူ​ထု​ပ​ရိ​သတ်​ထဲ​မှ​တစ်​ဦး​က “ဆ​ရာ၊ ဆွံ့​အ​သော​နတ်​ပူး​နေ​သည့် အ​ကျွန်ုပ်​၏​သား​ကို ဆ​ရာ့​ထံ​ခေါ်​ဆောင်​လာ​ပါ​၏။

18 နတ်​သည် သူ့​ကို​ဖမ်း​စား​သည့်​အ​ခါ​တိုင်း သူ့​ကို​လှဲ​ချ​၍ သူ​သည် ပါး​စပ်​မှ​အ​မြှုပ်​ထွက်​ပြီး အံ​သွား​ကြိတ်​ကာ မာ​တောင့်​လာ​တတ်​ပါ​၏။ သို့​ဖြစ်​၍ ကိုယ်​တော်​၏​တ​ပည့်​တော်​တို့​အား ထို​နတ်​ကို​နှင်​ထုတ်​ပေး​ရန် တောင်း​ပန်​သော်​လည်း သူ​တို့​သည်​မ​တတ်​နိုင်​ကြ​ပါ”​ဟု လျှောက်​လေ​၏။

19 ကိုယ်​တော်​က​လည်း “အို ယုံ​ကြည်​ခြင်း​မ​ရှိ​သော​မျိုး​ဆက်၊ ငါ​သည် သင်​တို့​နှင့်​အ​တူ မည်​မျှ​ကြာ​အောင်​နေ​ရ​မည်​နည်း။ သင်​တို့​ကို မည်​မျှ​ကြာ​အောင်​သည်း​ခံ​ရ​မည်​နည်း။ သူ့​ကို​ငါ့​ထံ​သို့​ခေါ်​ခဲ့​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

20 ထို​အ​ခါ သူ​တို့​သည် သူ​ငယ်​ကို အ​ထံ​တော်​သို့​ခေါ်​ခဲ့​ကြ​ရာ ထို​နတ်​သည် ကိုယ်​တော်​ကို​မြင်​လျှင် သူ​ငယ်​ကို ချက်​ချင်း​တက်​စေ​သ​ဖြင့် သူ​ငယ်​သည် မြေ​ပေါ်​သို့​လဲ​ကျ​ပြီး ပါး​စပ်​မှ​အ​မြှုပ်​ထွက်​လျက် လူး​လိမ့်​နေ​၏။

21 ကိုယ်​တော်​က သူ​ငယ်​၏​ဖ​ခင်​အား “သူ​၌ ဤ​သို့​ဖြစ်​ခဲ့​သည်​မှာ မည်​မျှ​ကြာ​ပြီ​နည်း”​ဟု မေး​တော်​မူ​ရာ ဖ​ခင်​က “ငယ်​စဉ်​က​တည်း​က​ဖြစ်​ပါ​၏။

22 နတ်​သည် သူ့​ကို​သေ​စေ​ရန် မီး​ထဲ​သို့​လည်း​ကောင်း၊ ရေ​ထဲ​သို့​လည်း​ကောင်း မ​ကြာ​ခ​ဏ​ပစ်​ချ​တတ်​ပါ​၏။ သို့​သော် ကိုယ်​တော်​တစ်​စုံ​တစ်​ခု​တတ်​နိုင်​လျှင် အ​ကျွန်ုပ်​တို့​ကို​သ​နား​၍ ကူ​ညီ​မ​စ​တော်​မူ​ပါ”​ဟု လျှောက်​လေ​၏။

23 ယေ​ရှု​က​လည်း “တတ်​နိုင်​လျှင်​ဟု​ဆို​ရ​သ​လော။ ယုံ​ကြည်​သော​သူ​အ​တွက် အ​ရာ​ခပ်​သိမ်း​သည် ဖြစ်​နိုင်​၏”​ဟု မိန့်​တော်​မူ​၏။

24 သူ​ငယ်​၏​ဖ​ခင်​က “အ​ကျွန်ုပ်​ယုံ​ကြည်​ပါ​၏။ အ​ကျွန်ုပ်​၏​မ​ယုံ​ကြည်​မှု​ကို ကူ​ညီ​မ​စ​တော်​မူ​ပါ”​ဟု ချက်​ချင်း​အော်​ဟစ်​လျက် လျှောက်​ထား​လေ​၏။

25 ယေ​ရှု​သည် လူ​ထု​ပ​ရိ​သတ်​ပြေး​လာ​ကြ​သည်​ကို​မြင်​လျှင် ညစ်​ညူး​သော​နတ်​ကို​ဆုံး​မ​လျက် “ဆွံ့​အ​၍ နား​ပင်း​သော​နတ်၊ သင့်​အား ငါ​အ​မိန့်​ပေး​၏။ သူ့​ထံ​မှ​ထွက်​သွား​လော့။ နောက်​တစ်​ဖန် သူ့​အ​ထဲ​သို့​မ​ဝင်​နှင့်”​ဟု မိန့်​တော်​မူ​၏။

26 ထို​အ​ခါ နတ်​ဆိုး​သည် အော်​ဟစ်​လျက် သူ​ငယ်​ကို ပြင်း​ထန်​စွာ​တက်​စေ​ပြီး​လျှင် ထွက်​သွား​လေ​၏။ သူ​ငယ်​သည် လူ​သေ​ကဲ့​သို့​ဖြစ်​သွား​သ​ဖြင့် လူ​အ​ပေါင်း​တို့​က “သူ​သေ​ပြီ”​ဟု ပြော​ဆို​ကြ​၏။

27 သို့​သော် ယေ​ရှု​သည် သူ​ငယ်​၏​လက်​ကို​ကိုင်​လျက် သူ့​ကို​ထူ​မ​တော်​မူ​ရာ သူ​သည်​ထ​လေ​၏။

28 ထို့​နောက် ကိုယ်​တော်​သည် အိမ်​ထဲ​သို့​ဝင်​တော်​မူ​လျှင် တ​ပည့်​တော်​တို့​က “အ​ကျွန်ုပ်​တို့​သည် ထို​နတ်​ဆိုး​ကို အ​ဘယ်​ကြောင့် မ​နှင်​ထုတ်​နိုင်​ပါ​သ​နည်း”​ဟု တိတ်​တ​ဆိတ်​မေး​လျှောက်​ကြ​၏။

29 ကိုယ်​တော်​က​လည်း “ထို​နတ်​မျိုး​ကို ဆု​တောင်း​ခြင်း​အား​ဖြင့်​မ​ဟုတ်​လျှင် မည်​သည့်​နည်း​နှင့်​မျှ မ​နှင်​ထုတ်​နိုင်”​ဟု မိန့်​တော်​မူ​၏။

မိ​မိ​အ​သေ​ခံ​မည့်​အ​ကြောင်း ဒု​တိ​ယ​အ​ကြိမ် ကြို​တင်​မိန့်​တော်​မူ​ခြင်း

30 သူ​တို့​သည် ထို​အ​ရပ်​မှ​ထွက်​ခွာ​၍ ဂါ​လိ​လဲ​နယ်​ကို​ဖြတ်​သွား​ကြ​၏။ သို့​သော် ကိုယ်​တော်​သည် မည်​သူ့​ကို​မျှ မ​သိ​စေ​လို​ချေ။

31 အ​ဘယ်​ကြောင့်​ဆို​သော် ကိုယ်​တော်​က တ​ပည့်​တော်​တို့​အား သွန်​သင်​လျက် “လူ့​သား​သည် လူ​တို့​၏​လက်​သို့​အပ်​နှံ​ခြင်း​ခံ​ရ​လိမ့်​မည်။ သူ​တို့​သည်​လည်း သူ့​ကို​သတ်​ကြ​လိမ့်​မည်။ သို့​သော် အ​သေ​သတ်​ခြင်း​ခံ​ရ​ပြီး သုံး​ရက်​ကြာ​သော​အ​ခါ သူ​သည် ထ​မြောက်​လိမ့်​မည်”​ဟု မိန့်​တော်​မူ​သော​ကြောင့်​ဖြစ်​၏။

32 တ​ပည့်​တော်​တို့​သည် ထို​စ​ကား​ကို နား​မ​လည်​ကြ​သော်​လည်း ကိုယ်​တော်​အား​မ​မေး​ဝံ့​ကြ​ချေ။

မည်​သူ​သည်​အ​ကြီး​မြတ်​ဆုံး​ဖြစ်​သ​နည်း

33 ထို့​နောက် သူ​တို့​သည် က​ပေ​ရ​နောင်​မြို့​သို့​ရောက်​ကြ​၏။ အိမ်​ထဲ​၌​ရှိ​တော်​မူ​စဉ် ကိုယ်​တော်​က တ​ပည့်​တော်​တို့​အား “သင်​တို့​သည် လမ်း​၌ မည်​သည့်​အ​ကြောင်း​အ​ရာ​ကို အ​ချေ​အ​တင်​ပြော​ဆို​လာ​ခဲ့​ကြ​သ​နည်း”​ဟု မေး​တော်​မူ​၏။

34 သို့​သော် သူ​တို့​သည် တိတ်​ဆိတ်​စွာ​နေ​ကြ​၏။ အ​ကြောင်း​မှာ မည်​သူ​သည် အ​ကြီး​မြတ်​ဆုံး​ဖြစ်​သ​နည်း​ဟု လမ်း​၌ အ​ချင်း​ချင်း​အ​ချေ​အ​တင်​ပြော​ဆို​ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။

35 ထို​အ​ခါ ကိုယ်​တော်​သည်​ထိုင်​လျက် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​ကို​ခေါ်​ပြီး​လျှင် “မည်​သူ​မ​ဆို ပ​ထ​မ​ဦး​ဆုံး​ဖြစ်​လို​လျှင် အား​လုံး​တွင် နောက်​ဆုံး​ဖြစ်​ပြီး အား​လုံး​၏​အ​စေ​ခံ​ဖြစ်​ရ​မည်”​ဟု မိန့်​တော်​မူ​၏။

36 ထို့​နောက် ကိုယ်​တော်​သည် သူ​ငယ်​တစ်​ယောက်​ကို​ခေါ်​၍ သူ​တို့​အ​လယ်​၌​ရပ်​စေ​ပြီး​လျှင် သူ့​ကို​ပွေ့​ချီ​ကာ

37 “ဤ​သို့​သော​က​လေး​သူ​ငယ်​များ​ထဲ​မှ တစ်​စုံ​တစ်​ဦး​ကို ငါ​၏​နာ​မ​၌​လက်​ခံ​သော​သူ​သည် ငါ့​ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သော​သူ​သည် ငါ့​ကို​မ​ဟုတ်​ဘဲ ငါ့​အား​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို​လက်​ခံ​၏”​ဟု မိန့်​တော်​မူ​၏။

ငါ​တို့​ဘက်​သား​ဖြစ်​သူ

38 ယော​ဟန်​က “ဆ​ရာ၊ ဆ​ရာ​၏​နာ​မ​ဖြင့် နတ်​ဆိုး​များ​နှင်​ထုတ်​နေ​သူ​တစ်​ဦး​ကို အ​ကျွန်ုပ်​တို့​တွေ့​ခဲ့​ပါ​သည်။ သူ​သည် အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​မ​လိုက်​သော​ကြောင့် သူ့​ကို​တား​မြစ်​ခဲ့​ပါ​သည်”​ဟု လျှောက်​လေ​၏။

39 သို့​သော် ယေ​ရှု​က “သူ့​ကို​မ​တား​မြစ်​ကြ​နှင့်။ အ​ကြောင်း​မူ​ကား ငါ​၏​နာ​မ​ဖြင့် တန်​ခိုး​လက္ခ​ဏာ​ကို​ပြု​ပြီး​နောက် မ​ကြာ​မီ​အ​တွင်း ငါ့​ကို​ပုတ်​ခတ်​ပြော​ဆို​နိုင်​မည့်​သူ တစ်​စုံ​တစ်​ဦး​မျှ​မ​ရှိ။

40 ငါ​တို့​ကို​မ​ဆန့်​ကျင်​သော​သူ​သည် ငါ​တို့​ဘက်​သား​ဖြစ်​၏။

41 သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား ခ​ရစ်​တော်​၏​တ​ပည့်​ဟူ​သော​အ​မည်​နာ​မ​ကို​ထောက်​၍ သင်​တို့​အား ရေ​တစ်​ခွက်​ကို​တိုက်​သော​သူ​သည် အ​ကျိုး​ကျေး​ဇူး​ကို လုံး​ဝ​ဆုံး​ရှုံး​ရ​မည်​မ​ဟုတ်။

42 သို့​သော် ငါ့​ကို​ယုံ​ကြည်​သည့် ဤ​ငယ်​သော​သူ​များ​ထဲ​မှ တစ်​စုံ​တစ်​ဦး​ကို မှား​ယွင်း​စေ​သော​သူ​သည် ကြီး​မား​သော​ကြိတ်​ဆုံ​ကျောက်​ကို သူ့​လည်​ပင်း​၌​ဆွဲ​လျက် ပင်​လယ်​ထဲ​သို့​ပစ်​ချ​ခံ​ရ​လျှင် သူ့​အ​တွက် သာ​၍​ကောင်း​၏။

43 သင်​၏​လက်​သည် သင့်​ကို​မှား​ယွင်း​စေ​လျှင် ၎င်း​ကို​ဖြတ်​ပစ်​လော့။ လက်​နှစ်​ဖက်​ပါ​လျက် မီး​မ​ငြိမ်း​နိုင်​သည့်​င​ရဲ​သို့​လား​ရ​သည်​ထက် လက်​တစ်​ဖက်​နှင့် အ​သက်​ရှင်​ခြင်း​သို့​ဝင်​စား​ရ​သည်​က သင့်​အ​တွက် သာ​၍​ကောင်း​၏။

44 [ထို​နေ​ရာ​တွင် လောက်​ကောင်​သည်​မ​သေ၊ မီး​လည်း​မ​ငြိမ်း​ပေ။]

45 သင်​၏​ခြေ​သည် သင့်​ကို​မှား​ယွင်း​စေ​လျှင် ၎င်း​ကို​ဖြတ်​ပစ်​လော့။ ခြေ​နှစ်​ဖက်​ပါ​လျက် င​ရဲ​ထဲ​သို့​ပစ်​ချ​ခြင်း​ခံ​ရ​သည်​ထက် ခြေ​တစ်​ဖက်​နှင့် အ​သက်​ရှင်​ခြင်း​သို့​ဝင်​စား​ရ​သည်​က သင့်​အ​တွက် သာ​၍​ကောင်း​၏။

46 [ထို​နေ​ရာ​တွင် လောက်​ကောင်​သည်​မ​သေ၊ မီး​လည်း​မ​ငြိမ်း​ပေ။]

47 သင်​၏​မျက်​စိ​သည် သင့်​ကို​မှား​ယွင်း​စေ​လျှင် ၎င်း​ကို​ထုတ်​ပစ်​လော့။ မျက်​စိ​နှစ်​လုံး​ပါ​လျက် င​ရဲ​ထဲ​သို့​ပစ်​ချ​ခြင်း​ခံ​ရ​သည်​ထက် မျက်​စိ​တစ်​လုံး​နှင့် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဝင်​စား​ရ​သည်​က သင့်​အ​တွက် သာ​၍​ကောင်း​၏။

48 ထို​နေ​ရာ​တွင် လောက်​ကောင်​သည်​မ​သေ၊ မီး​လည်း​မ​ငြိမ်း​ပေ။

49 လူ​တိုင်း​သည် မီး​အား​ဖြင့် ဆား​ခတ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

50 ဆား​သည်​ကောင်း​၏။ သို့​သော် ဆား​သည် အ​ငန်​ဓာတ်​ကင်း​မဲ့​သွား​လျှင် ၎င်း​ကို မည်​သည့်​အ​ရာ​ဖြင့် အ​ရ​သာ​ရှိ​စေ​မည်​နည်း။ သင်​တို့​သည် မိ​မိ​ကိုယ်​တိုင်​၌ ဆား​ရှိ​စေ​၍ အ​ချင်း​ချင်း​သင့်​မြတ်​စွာ​နေ​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16