12 ဤအမျိုးသမီးသည် ဆီမွှေးကို ငါ့ကိုယ်ပေါ်၌ သွန်းလောင်းခဲ့ခြင်းမှာ ငါ့ကိုသင်္ဂြိုဟ်ရန် ပြင်ဆင်ခြင်းဖြစ်၏။
13 သင်တို့အား ငါအမှန်ဆိုမည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ကောင်းမြတ်သောသတင်းကို ဟောပြောသည့်နေရာတိုင်း၌ ဤအမျိုးသမီးပြုခဲ့သောအမှုအရာကိုလည်း သူ၏အမှတ်တရအဖြစ် ပြောကြားကြလိမ့်မည်”ဟု မိန့်တော်မူ၏။
14 ထို့နောက် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သောယုဒဣရှကာရုတ်သည် ယဇ်ပုရောဟိတ်အကြီးအကဲများထံသို့သွား၍
15 “ယေရှုကို သင်တို့လက်သို့အပ်နှံလျှင် သင်တို့သည် အကျွန်ုပ်အား ငွေမည်မျှပေးမည်နည်း”ဟု ဆိုသော် သူတို့သည် ယုဒအား ငွေဒင်္ဂါးသုံးဆယ်ကို သတ်မှတ်ပေးကြ၏။
16 ထိုအချိန်မှစ၍ ယုဒသည် ကိုယ်တော်ကိုအပ်နှံရန် အခွင့်ကောင်းကိုရှာကြံလျက်နေ၏။
17 တဆေးမဲ့မုန့်ပွဲတော်၏ပထမနေ့တွင် တပည့်တော်တို့သည် ယေရှုထံသို့ချဉ်းကပ်၍ “ပသခါပွဲတော်ညစာကို ကိုယ်တော်သုံးဆောင်ရန် အကျွန်ုပ်တို့အား မည်သည့်နေရာ၌ ပြင်ဆင်စေလိုပါသနည်း”ဟု မေးလျှောက်ကြ၏။
18 ကိုယ်တော်ကလည်း “မြို့ထဲသို့သွား၍ တစ်ယောက်သောသူအား ‘ငါ၏အချိန်နီးပြီ။ ပသခါပွဲတော်ကို သင့်ထံ၌ ငါ၏တပည့်များနှင့်အတူကျင်းပမည်’ဟူ၍ ဆရာကမှာလိုက်သည်ဟု ထိုသူအား ပြောကြလော့”ဟူ၍ မိန့်တော်မူ၏။