49 ထို့ကြောင့် သူသည် ယေရှုထံသို့ ချက်ချင်းချဉ်းကပ်၍ “မင်္ဂလာပါ၊ ရဗ္ဗိ”ဟု ဆိုလျက် ကိုယ်တော်ကိုနမ်းလေ၏။
50 ယေရှုကလည်း “အဆွေ၊ သင်လာသည့်အကြောင်းကိစ္စကိုဆောင်ရွက်လော့”ဟု မိန့်တော်မူ၏။ ထိုအခါ လူတို့သည် ချဉ်းကပ်၍ ယေရှုကိုဖမ်းဆီးချုပ်ကိုင်ထားကြ၏။
51 ထိုစဉ် ယေရှုနှင့်အတူရှိသောသူတို့ထဲမှ တစ်ဦးသည် လက်ကိုဆန့်၍ မိမိ၏ဓားကိုဆွဲထုတ်ကာ ယဇ်ပုရောဟိတ်မင်း၏အစေအပါးတစ်ဦးကိုခုတ်သဖြင့် ထိုသူ၏နားရွက်ပြတ်သွားလေ၏။
52 ယေရှုကလည်း ထိုသူအား “သင်၏ဓားကို သူ့နေရာ၌ပြန်ထားလော့။ အကြောင်းမူကား ဓားကိုင်သောသူအားလုံးတို့သည် ဓားဖြင့်ပျက်စီးရလိမ့်မည်။
53 ယခုပင် တစ်ဆယ့်နှစ်တပ်ထက်များပြားသော ကောင်းကင်တမန်ကို ငါ့ထံသို့စေလွှတ်တော်မူမည့်အကြောင်း ခမည်းတော်ထံသို့ ငါမတောင်းနိုင်ဟု သင်ထင်သလော။
54 သို့ဖြစ်လျှင် ဤသို့ဖြစ်ရမည်ဟုဆိုထားသော ကျမ်းချက်များသည် မည်သို့ပြည့်စုံခြင်းသို့ရောက်နိုင်မည်နည်း”ဟု မိန့်တော်မူ၏။
55 ထိုအချိန်တွင် ယေရှုသည် လူအစုအဝေးတို့အား “သင်တို့သည် ဓားပြကိုဖမ်းသကဲ့သို့ တုတ်၊ ဓားများကိုင်ဆောင်လျက် ငါ့ကိုဖမ်းဆီးရန်လာကြသလော။ ငါသည် နေ့တိုင်း ဗိမာန်တော်၌ထိုင်လျက် သွန်သင်နေခဲ့သော်လည်း သင်တို့သည် ငါ့ကိုမဖမ်းဆီးကြ။