11 အိမ်ထဲသို့ဝင်၍ မယ်တော်မာရိနှင့်တကွ သူငယ်တော်ကိုတွေ့လျှင် ပျပ်ဝပ်လျက်ရှိခိုးကြ၏။ သူတို့၏ဘဏ္ဍာကြုတ်များကိုလည်းဖွင့်၍ ရွှေ၊ လော်ဗန်နှင့် မုရန်တည်းဟူသော လက်ဆောင်များကို သူငယ်တော်အားဆက်သကြ၏။
12 ထို့နောက် ဟေရုဒ်မင်းကြီးထံသို့ ပြန်မသွားမည့်အကြောင်း အိပ်မက်ထဲတွင် ဗျာဒိတ်တော်ရသဖြင့် မိမိတို့တိုင်းပြည်သို့ အခြားသောလမ်းဖြင့်ပြန်သွားကြ၏။
13 ထိုသူတို့ထွက်သွားကြပြီးနောက် ထာဝရဘုရား၏ကောင်းကင်တမန်သည် ယောသပ်အား အိပ်မက်ထဲတွင်ထင်ရှား၍ “ထလော့။ သူငယ်တော်နှင့်မယ်တော်တို့ကိုခေါ်လျက် အီဂျစ်ပြည်သို့ထွက်ပြေး၍ နောက်တစ်ဖန် သင့်အားငါပြောသည့်တိုင်အောင် ထိုပြည်၌နေလော့။ အကြောင်းမူကား ဟေရုဒ်မင်းကြီးသည် သူငယ်တော်ကို ရှာ၍သတ်ရန် ကြံရွယ်နေ၏”ဟု မြွက်ဆိုလေ၏။
14 ထိုအခါ ယောသပ်သည်ထ၍ ညအချိန်၌ပင် သူငယ်တော်နှင့်မယ်တော်တို့ကို ခေါ်ဆောင်ကာ အီဂျစ်ပြည်သို့ ထွက်ခွာသွားပြီးလျှင်
15 ဟေရုဒ်မင်းကြီးအနိစ္စရောက်သည့်တိုင်အောင် ထိုပြည်၌နေလေ၏။ ဤသည်ကား “ငါ့သားကို အီဂျစ်ပြည်မှ ငါခေါ်ထုတ်ခဲ့၏”ဟု ပရောဖက်အားဖြင့် ထာဝရဘုရားမိန့်တော်မူသောအရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။
16-17 ထို့နောက် ဟေရုဒ်မင်းကြီးသည် နက္ခတ်ပညာရှင်တို့၏မထီလေးစားပြုခြင်းကိုခံရကြောင်းသိလျှင် အမျက်ပြင်းထန်စွာထွက်၍ နက္ခတ်ပညာရှင်တို့ထံမှ သေချာစွာလေ့လာစိစစ်ထားသည့်အချိန်ကာလအရ ဗက်လင်မြို့နှင့် ၎င်းအရပ်ဒေသတစ်ဝိုက်တွင်ရှိသော အသက်နှစ်နှစ်နှင့် နှစ်နှစ်အောက်ယောက်ျားလေးအားလုံးတို့ကို သတ်စေ၏။
18 ထိုအခါ “ရာမမြို့၌ သည်းထန်သောငိုကြွေးခြင်းနှင့်မြည်တမ်းခြင်းအသံကို ကြားရ၏။ ရာခေလသည် သူ၏ကလေးများအတွက်ငိုကြွေးကာ ကလေးတို့မရှိကြတော့သည်ဖြစ်၍ နှစ်သိမ့်ပေးခြင်းကိုအလိုမရှိ”ဟု ပရောဖက်ယေရမိအားဖြင့် မိန့်တော်မူသောအရာသည် ပြည့်စုံခြင်းသို့ရောက်လေ၏။