14 ထိုအခါ ယောသပ်သည်ထ၍ ညအချိန်၌ပင် သူငယ်တော်နှင့်မယ်တော်တို့ကို ခေါ်ဆောင်ကာ အီဂျစ်ပြည်သို့ ထွက်ခွာသွားပြီးလျှင်
15 ဟေရုဒ်မင်းကြီးအနိစ္စရောက်သည့်တိုင်အောင် ထိုပြည်၌နေလေ၏။ ဤသည်ကား “ငါ့သားကို အီဂျစ်ပြည်မှ ငါခေါ်ထုတ်ခဲ့၏”ဟု ပရောဖက်အားဖြင့် ထာဝရဘုရားမိန့်တော်မူသောအရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။
16-17 ထို့နောက် ဟေရုဒ်မင်းကြီးသည် နက္ခတ်ပညာရှင်တို့၏မထီလေးစားပြုခြင်းကိုခံရကြောင်းသိလျှင် အမျက်ပြင်းထန်စွာထွက်၍ နက္ခတ်ပညာရှင်တို့ထံမှ သေချာစွာလေ့လာစိစစ်ထားသည့်အချိန်ကာလအရ ဗက်လင်မြို့နှင့် ၎င်းအရပ်ဒေသတစ်ဝိုက်တွင်ရှိသော အသက်နှစ်နှစ်နှင့် နှစ်နှစ်အောက်ယောက်ျားလေးအားလုံးတို့ကို သတ်စေ၏။
18 ထိုအခါ “ရာမမြို့၌ သည်းထန်သောငိုကြွေးခြင်းနှင့်မြည်တမ်းခြင်းအသံကို ကြားရ၏။ ရာခေလသည် သူ၏ကလေးများအတွက်ငိုကြွေးကာ ကလေးတို့မရှိကြတော့သည်ဖြစ်၍ နှစ်သိမ့်ပေးခြင်းကိုအလိုမရှိ”ဟု ပရောဖက်ယေရမိအားဖြင့် မိန့်တော်မူသောအရာသည် ပြည့်စုံခြင်းသို့ရောက်လေ၏။
19 ဟေရုဒ်မင်းကြီးအနိစ္စရောက်ပြီးနောက် ထာဝရဘုရား၏ကောင်းကင်တမန်သည် အီဂျစ်ပြည်၌ရှိသောယောသပ်အား အိပ်မက်တွင်ထင်ရှားကာ
20 “ထလော့။ သူငယ်တော်နှင့်မယ်တော်တို့ကိုခေါ်၍ အစ္စရေးပြည်သို့ပြန်သွားလော့။ အကြောင်းမူကား သူငယ်တော်၏အသက်ကို ရန်ရှာခဲ့သောသူတို့သည် သေဆုံးကြလေပြီ”ဟု မြွက်ဆို၏။
21 ထိုအခါ ယောသပ်သည်ထ၍ သူငယ်တော်နှင့်မယ်တော်တို့ကိုခေါ်ဆောင်ကာ အစ္စရေးပြည်သို့ ပြန်လာလေ၏။