ရှင်​မဿဲ​ခ​ရစ်​ဝင် 2:16-17-23 MSB

16-17 ထို့​နောက် ဟေ​ရုဒ်​မင်း​ကြီး​သည် နက္ခတ်​ပ​ညာ​ရှင်​တို့​၏​မ​ထီ​လေး​စား​ပြု​ခြင်း​ကို​ခံ​ရ​ကြောင်း​သိ​လျှင် အ​မျက်​ပြင်း​ထန်​စွာ​ထွက်​၍ နက္ခတ်​ပ​ညာ​ရှင်​တို့​ထံ​မှ သေ​ချာ​စွာ​လေ့​လာ​စိ​စစ်​ထား​သည့်​အ​ချိန်​ကာ​လ​အ​ရ ဗက်​လင်​မြို့​နှင့် ၎င်း​အ​ရပ်​ဒေ​သ​တစ်​ဝိုက်​တွင်​ရှိ​သော အ​သက်​နှစ်​နှစ်​နှင့် နှစ်​နှစ်​အောက်​ယောက်ျား​လေး​အား​လုံး​တို့​ကို သတ်​စေ​၏။

18 ထို​အ​ခါ “ရာ​မ​မြို့​၌ သည်း​ထန်​သော​ငို​ကြွေး​ခြင်း​နှင့်​မြည်​တမ်း​ခြင်း​အ​သံ​ကို ကြား​ရ​၏။ ရာ​ခေ​လ​သည် သူ​၏​က​လေး​များ​အ​တွက်​ငို​ကြွေး​ကာ က​လေး​တို့​မ​ရှိ​ကြ​တော့​သည်​ဖြစ်​၍ နှစ်​သိမ့်​ပေး​ခြင်း​ကို​အ​လို​မ​ရှိ”​ဟု ပ​ရော​ဖက်​ယေ​ရ​မိ​အား​ဖြင့် မိန့်​တော်​မူ​သော​အ​ရာ​သည် ပြည့်​စုံ​ခြင်း​သို့​ရောက်​လေ​၏။

19 ဟေ​ရုဒ်​မင်း​ကြီး​အ​နိစ္စ​ရောက်​ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် အီ​ဂျစ်​ပြည်​၌​ရှိ​သော​ယော​သပ်​အား အိပ်​မက်​တွင်​ထင်​ရှား​ကာ

20 “ထ​လော့။ သူ​ငယ်​တော်​နှင့်​မယ်​တော်​တို့​ကို​ခေါ်​၍ အစ္စ​ရေး​ပြည်​သို့​ပြန်​သွား​လော့။ အ​ကြောင်း​မူ​ကား သူ​ငယ်​တော်​၏​အ​သက်​ကို ရန်​ရှာ​ခဲ့​သော​သူ​တို့​သည် သေ​ဆုံး​ကြ​လေ​ပြီ”​ဟု မြွက်​ဆို​၏။

21 ထို​အ​ခါ ယော​သပ်​သည်​ထ​၍ သူ​ငယ်​တော်​နှင့်​မယ်​တော်​တို့​ကို​ခေါ်​ဆောင်​ကာ အစ္စ​ရေး​ပြည်​သို့ ပြန်​လာ​လေ​၏။

22 သို့​သော် အာ​ခေ​လ​သည် ခ​မည်း​တော်​ဟေ​ရုဒ်​မင်း​ကြီး​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​လျက် ယု​ဒ​နယ်​ကို​အုပ်​ချုပ်​နေ​ကြောင်း ကြား​ရ​သော​အ​ခါ ထို​နယ်​သို့​သွား​ရန် ကြောက်​ရွံ့​လေ​၏။ အိပ်​မက်​ထဲ​တွင်​လည်း ဗျာ​ဒိတ်​တော်​ရ​သ​ဖြင့် ဂါ​လိ​လဲ​နယ်​မြေ​ဒေ​သ​သို့ ထွက်​ခွာ​သွား​၍

23 နာ​ဇ​ရက်​ဟု​ခေါ်​သော​မြို့​တွင် သွား​ရောက်​နေ​ထိုင်​လေ​၏။ ဤ​သည်​ကား “ကိုယ်​တော်​သည် နာ​ဇ​ရက်​မြို့​သား​ဟု ခေါ်​ဝေါ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်”​ဟူ​၍ ပ​ရော​ဖက်​များ​အား​ဖြင့် မိန့်​တော်​မူ​သော​အ​ရာ ပြည့်​စုံ​ခြင်း​သို့​ရောက်​မည့်​အ​ကြောင်း​တည်း။