32 ထိုအခါ လူမျိုးအပေါင်းတို့ကို ရှေ့တော်၌ စုဝေးစေကြလိမ့်မည်။ ထို့နောက် သိုးထိန်းသည် သိုးတို့ကို ဆိတ်တို့နှင့် သီးခြားခွဲထားသကဲ့သို့ ကိုယ်တော်သည် သူတို့ကို တစ်ဦးနှင့်တစ်ဦး သီးခြားခွဲထားကာ
33 သိုးများကို မိမိ၏လက်ယာတော်ဘက်၌လည်းကောင်း၊ ဆိတ်များကို လက်ဝဲတော်ဘက်၌လည်းကောင်း ထားတော်မူလိမ့်မည်။
34 ထို့နောက် မင်းကြီးသည် မိမိ၏လက်ယာတော်ဘက်၌ရှိသောသူတို့အား ‘ငါ့ခမည်းတော်ထံမှ ကောင်းချီးမင်္ဂလာခံစားရသောသူတို့၊ ကမ္ဘာတည်ကတည်းက သင်တို့အတွက် ပြင်ဆင်ထားသောနိုင်ငံတော်ကို လာ၍ အမွေဆက်ခံကြလော့။
35 အကြောင်းမူကား ငါသည် ဆာလောင်သောအခါ သင်တို့သည် ငါ့ကိုစားစရာပေးကြ၏။ ငါသည် ရေငတ်သောအခါ သင်တို့သည် ငါ့ကိုသောက်စရာပေးကြ၏။ ငါသည် သူစိမ်းဧည့်သည်ဖြစ်သောအခါ သင်တို့သည် ငါ့ကိုကြိုဆိုလက်ခံကြ၏။
36 ငါသည် အဝတ်မပါအချည်းစည်းဖြစ်သောအခါ သင်တို့သည် ငါ့ကိုဝတ်စရာပေးကြ၏။ ငါသည် နာမကျန်းဖြစ်သောအခါ သင်တို့သည် ငါ့ကိုကြည့်ရှုကြ၏။ ငါသည် ထောင်ကျသောအခါ သင်တို့သည် ငါ့ထံသို့လာကြ၏’ဟု မိန့်တော်မူလိမ့်မည်။
37 ထိုအခါ ဖြောင့်မတ်သောသူတို့က ‘သခင်ဘုရား၊ အကျွန်ုပ်တို့သည် မည်သည့်အခါတွင် ကိုယ်တော်ဆာလောင်တော်မူသည်ကိုမြင်၍ ကျွေးမွေးခဲ့ပါသနည်း။ သို့မဟုတ် ရေငတ်တော်မူသည်ကိုမြင်၍ သောက်စရာပေးခဲ့ပါသနည်း။
38 မည်သည့်အခါတွင် ကိုယ်တော်သည် သူစိမ်းဧည့်သည်ဖြစ်တော်မူသည်ကိုမြင်၍ ကြိုဆိုလက်ခံခဲ့ပါသနည်း။ သို့မဟုတ်အဝတ်မပါအချည်းစည်းဖြစ်တော်မူသည်ကိုမြင်၍ ဝတ်စရာပေးခဲ့ပါသနည်း။