64 ယေရှုက “သင်ပြောသည့်အတိုင်းပေတည်း။ ထို့ပြင် သင်တို့အား ငါဆိုမည်။ နောင်တွင် လူ့သားသည် တန်ခိုးနှင့်ပြည့်စုံတော်မူသောအရှင်၏လက်ယာဘက်၌ထိုင်၍ကောင်းကင်မိုးတိမ်များစီးလျက်ကြွလာသည်ကို သင်တို့မြင်ရကြလိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
65 ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိ၏ဝတ်ရုံကိုဆုတ်ဖြဲလျက် “သူသည် ဘုရားသခင်ကို စော်ကားပြောဆိုလေပြီ။ နောက်ထပ် မည်သည့်သက်သေများလိုသေးသနည်း။ ဘုရားသခင်အားစော်ကားပြောဆိုသောစကားကို ယခုပင် သင်တို့ကြားရကြပြီ။
66 သင်တို့မည်သို့ထင်မြင်ကြသနည်း”ဟု ဆိုသော် သူတို့က “သူသည် သေဒဏ်ခံထိုက်၏”ဟု ပြန်ပြောကြ၏။
67 ထို့နောက် သူတို့သည် ကိုယ်တော်၏မျက်နှာတော်ကို တံတွေးနှင့်ထွေးလျက် ကိုယ်တော်ကိုထိုးနှက်ကြ၏။ အချို့တို့သည်လည်း ကိုယ်တော်ကိုရိုက်ပုတ်လျက်
68 “အချင်းခရစ်တော်၊ သင့်ကိုရိုက်သောသူသည် မည်သူဖြစ်သည်ကို ဟောကြည့်ပါ”ဟု ဆိုကြ၏။
69 ပေတရုမူကား အိမ်အပြင် ခြံဝင်းအတွင်း၌ ထိုင်နေ၏။ ထိုအခါ အစေခံမိန်းမတစ်ယောက်သည် သူ့ထံသို့ချဉ်းကပ်လာ၍ “သင်သည်လည်း ဂါလိလဲနယ်သားယေရှုနှင့်အတူရှိခဲ့သည်”ဟု ဆို၏။
70 သို့သော် ပေတရုက “သင်ပြောနေသည့်အရာကို ငါမသိ”ဟု အားလုံးရှေ့တွင် ငြင်းဆိုလေ၏။