5 သင်တို့ဆုတောင်းသောအခါတွင်လည်း သူတော်ကောင်းယောင်ဆောင်သောသူတို့ကဲ့သို့ မပြုကြနှင့်။ အကြောင်းမူကား သူတို့သည် လူတို့မြင်စေရန် ဝတ်ပြုစည်းဝေးကျောင်းများနှင့်လမ်းဆုံလမ်းခွများတွင် မတ်တတ်ရပ်လျက် ဆုတောင်းသည်ကို နှစ်သက်ကြ၏။ သင်တို့အား ငါအမှန်ဆိုမည်။ သူတို့သည် မိမိတို့၏အကျိုးကျေးဇူးကိုရကြလေပြီ။
6 သင်မူကား ဆုတောင်းသောအခါ သင်၏အိမ်အတွင်းခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးလျှင် မထင်ရှားသောအရပ်၌ရှိတော်မူသော သင်၏အဖထံသို့ ဆုတောင်းလော့။ ထိုအခါ မထင်ရှားသောအရာကိုမြင်တော်မူသော သင်၏အဖသည် သင့်အား ဆုလာဘ်ကိုပေးတော်မူလိမ့်မည်။
7 ထို့ပြင် သင်တို့ဆုတောင်းသောအခါ သာသနာပလူမျိုးခြားတို့ကဲ့သို့ တတွတ်တွတ် အချည်းနှီးမရွတ်ဆိုကြနှင့်။ သူတို့သည် များစွာသောစကားတို့ကိုရွတ်ဆိုလျှင် သူတို့ကို နားထောင်ပေးလိမ့်မည်ဟု ထင်မှတ်ကြ၏။
8 သို့ဖြစ်၍ သူတို့ကဲ့သို့ မပြုကြနှင့်။ အကြောင်းမူကား သင်တို့အဖသည် သင်တို့မတောင်းမီကပင် သင်တို့လိုအပ်သောအရာများကို သိနှင့်တော်မူ၏။
9 ထို့ကြောင့် ဤသို့ဆုတောင်းကြလော့။ ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဖ၊ ကိုယ်တော်၏နာမတော်သည် ရိုသေလေးမြတ်ခြင်းခံရပါစေသော။
10 နိုင်ငံတော်ပေါ်ထွန်းပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေသော။
11 အကျွန်ုပ်တို့အတွက် တစ်နေ့တာလိုအပ်သောအစာကို ယနေ့ပေးသနားတော်မူပါ။